Wednesday, July 3, 2019

မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းတွင် ခွင့်ပြုချက်မရှိဘဲ ဝိုင်ဖိုင်ကြိုး တပ်ဆင်သည့် တရုတ်နိုင်ငံသားများကို စည်ပင်သာယာ ဥပဒေဖြင့် အရေးယူထား

မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းတွင် ခွင့်ပြုချက်မရှိဘဲ ဝိုင်ဖိုင်ကြိုး တပ်ဆင်သည့် တရုတ်နိုင်ငံသားများကို အရေးယူထားကြောင်း ကျောက်ဝိုင်းအကျိုးတော်ဆောင် အဖွဲ့မှ သိရသည်။မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းတွင် ဆက်သွယ်ရေးကြိုး များနေသည့်အတွက် သက်ဆိုင်ရာ ဌာနများက လိုက်လံစစ်ဆေးရာ ခွင့်ပြုချက်မရှိဘဲ ဝိုင်ဖိုင်ကြိုးများ ဆက်သွယ်ထားပြီး စီးပွားရေးအလို့ငှာ ဖြန့်ဝေသုံးစွဲနေသည်ကို တွေ့ရှိခဲ့၍ ယင်းသို့တပ်ဆင်ထားသည့် တရုတ်နိုင်ငံသားနှင့် ဆိုင်ခန်းပိုင်ရှင်တို့ကို စည်ပင်သာယာရေး ဥပဒေအပြင် တရုတ်နိုင်ငံသားအား လဝက အက်ဥပဒေဖြင့် မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
“ဝိုင်းထဲမှာ ဆက်သွယ်ရေး လိုင်းကြိုးတွေ အရမ်းများပြီး ရှုပ်နေတယ်။ အဲဒီလိုရှုပ်နေတော့ မီးသတ်ကားလည်း ဝင်လို့မရဘူးဆိုပြီး မနေ့က စည်ပင်ကော်မတီဝင် ဦးကျော်ဇောအောင်နဲ့ ဦးရဲမြတ်သူတို့ အပါအဝင် ဆက်သွယ်ရေးဌာနက ညွှန်မှူးတွေနဲ့ခေါ်ပြီး စစ်လိုက်တဲ့အချိန်မှာ ခိုးသွယ်တန်းထားတာကို တွေ့ရတယ်။ ဒါနဲ့စစ်ဆေးလိုက်တော့ ကုမ္ပဏီတစ်ခုက လာသွယ်တန်း ပေးထားတယ်ဆိုတာ သိရတယ်။ သူက တစ်လကို တစ်ဦးကို နှစ်သိန်းခုနစ်သောင်း၊ နှစ်သိန်းရှစ်သောင်းလောက် ရတယ်လို့ ပြောတယ်။ တပ်ဆင်ထားတဲ့အခန်းက အဆောင် ၄၅ မှာပါ” ဟု မဟာအောင်မြေကျောက်ဝိုင်း အကျိုးတော်ဆောင်အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဦးက ပြောကြားသည်။“စည်ပင်ဘက် အပိုင်းကတော့ စည်ပင်သာယာ အုပ်ချုပ်ခွင့်ရှိတဲ့နေရာတွေမှာ လျှပ်စစ်မီးကြိုးပဲသွယ်သွယ်၊ ဆက်သွယ်ရေးကြိုးပဲသွယ်သွယ် ကော်မတီရဲ့ ခွင့်ပြုချက်ယူရပါတယ်။ သူက အင်တာနက်လိုင်းကို အခြားဆိုင်ခန်းတွေကို ကြိုးနဲ့လည်းသွယ်တယ်။ Password တွေနဲ့လည်း အခကြေးငွေယူပြီး ဖြန့်တဲ့အတွက် ခွင့်ပြုချက်မယူဘဲ လုပ်ငန်းလုပ်တာမို့ စည်ပင်သာယာဥပဒေ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူထားပါတယ်။ လဝကကတော့ နိုင်ငံခြားသား ဖြစ်တဲ့အတွက် သူ့ဗီဇာအရ လုပ်ကိုင်ခွင့်မရှိတဲ့ တရားမဝင် စီးပွားရေးလုပ်ငန်း လုပ်တယ်ဆိုပြီး လဝကအက် ၁၃(၁) နဲ့ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ဆိုင်ခန်းပိုင်ရော တစ်ဆင့်ငှားတဲ့ သူရောနဲ့ တရုတ်နိုင်ငံသားကို စီမံခန့်ခွဲပိုင်ခွင့် ဥပဒေနဲ့ အရေးယူဖို့ လုပ်ထားတာပါ” ဟု မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီ ရဲတပ်ဖွဲ့ ရဲမှူးငြိမ်းချမ်းအောင်က ပြောကြားသည်။မန္တလေး ကျောက်စိမ်းဈေးကွက်တွင် အဓိက ဝယ်လက်ဖြစ်သော တရုတ်လူမျိုးများမှာ အွန်လိုင်းမှ Wechat အသုံးပြုပြီး ကျောက်စိမ်းဝယ်ယူမှု များပြားလျက်ရှိပြီး ယင်းသို့ ဝယ်ယူရာ၌ ကျောက်ဝိုင်းသို့ လာရောက်ခြင်း မရှိတော့ဘဲ Wechat မှသာ ကျောက်ကို ဓာတ်ပုံရိုက်ပြီး ကြိုက်မကြိုက် မေးခြင်းနှင့် ဈေးစကားကိုလည်း တရုတ်လို ပြောဆိုနေကြခြင်းကြောင့် တစ်ဖက်က ဈေးပေးသည်ကို မသိရသည့်အတွက် ဈေးနှိမ်ခံနေရမှုများ ရှိနေကြောင်း ကျောက်မျက်ကုန်သည် ပွဲစားများထံမှ သိရသည်။

No comments:

Post a Comment