Wednesday, July 3, 2019

တပ်မတော်တပ်ရင်းများ၌ လျှပ်စစ်မီးသုံးစွဲရာတွင် ကိုယ်ပိုင်ထရန်စဖော်မာများနှင့် သတ်မှတ်ယူနစ်အတိုင်း အသုံးပြုနေပြီး တပ်ရင်းများအတွင်းရှိ အိမ်ရာများတွင်မူ အများပြည်သူအသုံးပြုနှုန်းထားအတိုင်း မီတာများတပ်ဆင်အသုံးပြုနေဟုဆို

တပ်မတော်တပ်ရင်းများတွင် လျှပ်စစ်မီးသုံးစွဲရာ၌ ကိုယ်ပိုင်ထရန်စဖော်မာများနှင့် ဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် ယူနစ်အတိုင်းအသုံးပြုနေပြီး ဝန်ကြီးဌာနအချင်းချင်း လျှပ်စစ်မီတာခများ ပေးချေဆောင်ရွက်နေကြောင်းနှင့် တပ်ရင်းများအတွင်းရှိ အိမ်ယာများတွင်မူ အများပြည်သူများအသုံး ပြုနှုန်းထားအတိုင်း မီတာများတပ်ဆင်ကာ ကျသင့်ယူနစ်အလိုက် ပေးချေအသုံးပြုနေကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးနိုင်ထူးအေးက ပြောကြားသည်။



ဇူလိုင် ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမအတွင်း၌ လျှပ်စစ်မီတာခများ ဈေးနှုန်းမြှင့်ရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်းတင်ပြရာတွင် ပုသိမ်မြို့နယ် မဲဆန္ဒနယ်မှ ဦးအောင်သူထွေးက တပ်မတော်သုံး မီတာယူနစ်များကို မည်ကဲ့သို့ ပေးဆောင်အသုံးပြုနေသည်ကို သိရှိကြောင်း ဆွေးနွေးမှုအား တပ်မတော်သားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဗိုလ်မှူးနိုင်ထူးအေးမှ ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“တပ်တိုင်းအားလုံးမှာ ကိုယ်ပိုင်ထရန်စဖော်မာရှိပါတယ်၊ တပ်ရဲ့ဆိုက်နဲ့ ဧရိယာပေါ်မူတည်ပြီးတော့ ထရန်စဖော်မာတစ်လုံး ထားပေးပါတယ်၊ အဲဒီမှာ ကျွန်တော်တို့ မီတာတပ်ပေးပါတယ်၊ EPC ကလူတွေက တပ်ပေးပါတယ်။ ပြီးရင် ကျွန်တော်တို့ တပ်အရွယ်အစားပေါ် မူတည်ပြီးတော့ ယူနစ်ရပါတယ်။ ယူနစ်ရတယ်ဆိုတာ ကျွန်တော့်တပ်ဆိုရင် တပ်ရင်းစိတ်ဆိုလို့ရှိရင် တစ်လကို မီတာသုံးခွင့် ၂၇၀၀၀။ အတိအကျ ၂၇၀၀၀ လောက် ကျွန်တော်တို့ ရပါတယ်။ ရပါတယ်ဆိုတာ ကျွန်တော်တို့ maximum (အများ ဆုံး) ယူနစ်ကို သတ်မှတ်ပေးထားတာ တကယ်သုံးတော့ အဲဒီမီတာထဲမှာ ကျွန်တော်တို့ သုံးကြတယ်။ သုံးတဲ့အထဲမှာ ကျွန်တော်တို့ ရုံးလုပ်ငန်းတွေသုံးတယ်။ ဝပ်ရှော့လုပ်ငန်းရှိရင် ကျွန်တော့်တပ်ဆိုရင် ဝပ်ရှော့လုပ်ငန်းရှိရင် ဝပ်ရှော့လုပ်ငန်းကိုသုံးတယ်။ အဲဒီက မီတာတွေအကုန်တက်ပါတယ်။ တက်တဲ့ဟာက ၂၇၀၀၀ မကျော်ရင် သူတို့က မီတာလာဖတ်ပါတယ်။ ၂၇၀၀၀ ထက်ကျော်ရင် အဲဒီသက်ဆိုင်ရာ တပ်ကနေပြီးတော့မှ ဆောင်ရပါတယ်။ ပိုတဲ့ဟာကို ဆောင်ရပါတယ်။ မပိုတဲ့ဟာကတော့ ကာကွယ်ရေးဘတ်ဂျက်ကနေပြီး ကာကွယ်ရေးဝန်ကြီးဌာနကမှ EPC နဲ့ ဝန်ကြီးဌာနချင်း သူ့ဟာသူရှင်းကြပါတယ်” ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးနိုင်ထူးအေးက ပြောကြားသည်။

ဆက်လက်၍ ဗိုလ်မှူးနိုင်ထူးအေးက “ကျန်တဲ့တစ်ဦးချင်းစီ မီတာကတော့ ကျွန်တော်တို့ အရာရှိဆိုလို့ရှိရင် မိသားစုခေါ်နေတယ်။ ကျွန်တော်အိမ်ယူထားတယ်ဆိုလို့ရှိရင် ကျွန်တော်တို့အိမ်မှာ မီတာတစ်လုံး တပ်ထားပါတယ်။ အဲမီတာက စက်မီတာအနေနဲ့ ကျွန်တော်သုံးသလောက် ကျပါတယ်။ အဲဒီ ကျတဲ့ယူနစ်ကို လစဉ် GE တပ်ကနေပြီးတော့မှ ဓာတ်ပုံတွေလာရိုက်ပါတယ်။ ပြီးရင် ကျွန်တော်တို့ကို ပြောတယ်။ ဗိုလ်မှူး ဒီနှစ်တော့ ယူနစ် ၄၀၀ ကျတယ်။ ၄၀၅ ယူနစ်ကျတယ်။ ဗိုလ်မှူး ဒီလဆိုရင်တော့ ဘယ်နှထောင်ကျမယ်။ ဘယ်နှသောင်းကျမယ်။ သူက အဲဒီလိုမျိုး ကျွန်တော့်ကိုပြောသွားပါတယ်။ ပြောသွားပြီးတော့မှ ကျွန်တော်တို့အရာရှိက ချက်နဲ့ထုတ်ရတာမို့လို့ ငွေစာရင်းနဲ့ တစ်ခါတည်းချက်ထဲမှာ အရာရှိကိုတော့ အိမ်ယူထားရင် ပြောတာ။ တကယ်လို့ ကျွန်တော်တို့ မိသားစုလိုက်မနေဘူး။ အိမ်မယူထားရင် ကျွန်တော်က လူပျိုမို့လို့ တပ်ထဲက အရာရှိရိပ်သာမှာပဲနေရင်တော့ ဆောင်စရာမလိုပါဘူး။ အရာရှိ ရိပ်သာကတော့ လူပျိုအရာရှိရိပ်သာကတော့ တပ်ရဲ့မီတာပုံးထဲကနေပဲ ယူနစ်ထဲကနေပဲ သွားပါတယ်။ တစ်ဦးချင်းစီ တပ်ရင်းမှူးအိမ် ဒုတပ်ရင်းမှူးအိမ် တပ်ရေးဗိုလ်ကြီးအိမ်တွေ အိမ်တွေယူထားရင် ယူထားသမျှ အိမ်တွေအကုန်လုံးမှာ တပ်ထားပါတယ်။ တပ်ထားပြီး ကျွန်တော်တို့ အဲဒီကုန်ကျသလောက် ကျွန်တော်တို့ ချက်ထဲကနေပြီးတော့ ကျွန်တော်တို့ လစာထဲကနေပြီးတော့ ကျွန်တော်တို့ လစဉ် လစဉ် EPC နှုန်းနဲ့ ကျွန်တော်တို့ ဖြတ်တာမျိုးတွေ ဆောင်ရွက်ပါတယ်။ ဒါတပ်မတော်နဲ့ပတ်သက်ပြီး ကျွန်တော် ရှင်းလင်းအောင် ရှင်းပြတာပါ” ဟု ပြောကြားသည်။

ဇူလိုင်လမှစတင်ကာ လျှပ်စစ်မီတာအသုံးပြုခများမြှင့်တင်ရန် အစိုးရမှ ထုတ်ပြန်ကြေညာပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးအချို့တွင် မီတာခများ ပြန်လည်လျှော့ချသတ်မှတ်ရေးအတွက် ဆန္ဒပြတောင်း ဆိုမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

No comments:

Post a Comment