Wednesday, July 3, 2019

ဂျပန်တောင်ပိုင်းမှာ မိုးကြီးနေလို့  ဒေသခံ ၈ သိန်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ ပြောင်းကြဖို့  အမိန့်ထုတ်

ဂျပန်နိုင်ငံတောင်ပိုင်း ကာဂိုရှီးမားစီရင်စုမှာ မိုးကြီးနေပြီး မြေပြိုမှုတွေနဲ့ အခြား ပျက်စီးထိခိုက်မှုတွေ ရှိလာနိုင်တာကြောင့် ယင်းဒေသက မြို့သုံးမြို့မှာ နေထိုင်တဲ့ ဒေသခံလူဦးရေ ၈ သိန်းလောက်ကို ခိုလှုံရေး စခန်းတွေနဲ့ အခြား လုံခြုံဘေးကင်းတဲ့နေရာတွေဆီ ရွှေ့ ပြောင်းနေထိုင်ကြဖို့  ဇူလိုင် ၃ ရက်နေ့ မှာ အမိန့်  ထုတ်လိုက်ကြောင်း သိရပါတယ်။



ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းနဲ့ အနောက်ပိုင်းတွေမှာ နောက်ရက်တွေအထိ မိုးဆက်လက် ရွာသွန်းနေမယ်လို့  မိုးလေ၀သအေဂျင်စီက သတိပေးထားကာ ကာဂိုရှီးမားစီရင်စုမှ မြူနီစီပယ်နယ်မြေ ၈ ခု၊ အိမ်နီးချင်း မီယာဇာကီ စီရင်စုတို့ မှာ ဘေးကင်းရာ ရွှေ့ ပြောင်းမှုတွေလုပ်ကြဖို့  အကြံပြုခဲ့ပြီး နောက်ထပ် လူဦးရေ ၃၁၀၀၀၀ လောက် လုံခြုံတဲ့နေရာတွေ ရွှေ့ ပြောင်းပေးဖို့ လိုအပ်ကြောင်းလည်း ဆိုခဲ့ပါတယ်။

စီရင်စုဒေသပါ ကာဂိုရှီးမား၊ ကီရီရှီမားနဲ့ အိုင်ယာမြို့တွေမှာတော့ ဘေးလွတ်ရာ ရွှေ့ ပြောင်းကြဖို့  အမိန့် ထုတ်လိုက်ပြီးဖြစ်ပါတယ်။

ဇွန်လအနှောင်းပိုင်းမှစကာ ကာဂါရှီးမားမြို့တည်ရှိတဲ့ ဂျပန်တောက်ဘက်စွန်းက ကူရှူးကျွန်းမှာ ရွာသွန်းခဲ့တဲ့ မိုးရေချိန် ၉၀၀ မီလီမီတာခန့် အထိရှိနေကြောင်း NHK သတင်းကလည်း ဆိုပါတယ်။ လာမယ့် ကြာသပတေးနေ့ လောက်အထိ မိုးသည်းသည်းမဲမဲ ရွာသွန်းနေဦးမယ်လို့ ဂျပန် မိုးလေ၀သ အေဂျင်စီက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက မိုးကြီးမှုတွေကြောင့် မြေပြိုမှု၊ ရေလွှမ်းမိုးမှုတွေဖြစ်ကာ ဂျပန်အနောက်ပိုင်းမှာ လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

No comments:

Post a Comment