Wednesday, July 3, 2019

ထိုင်းနယ်စပ်နေ ဒုက္ခသည် ၁၁၉ ဦး မြဝတီမြို့ကနေ ထပ်မံဝင်ရောက်လာ

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် အိမ်ထောင်စု ၃၁ စု၊ လူဦးရေ ၁၁၉ ဦး ဒီကနေ့ ကရင်ပြည်နယ်  မြဝတီမြို့ကနေ ထပ်မံဝင်ရောက်လာပါတယ်။ေ နရပ် ပြန်လည်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို မဲဆောက်- မြဝတီမြို့နယ်စပ် ကျောက်လုံးကြီးစခန်းမှာ မြဝတီခရိုင်မှူးက ဦးစီးပြီးကြိုဆိုခဲ့ပါတယ်။  လက်ရှိပြန်လာတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက်ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက မိသားစုအလိုက် ၁၀၀၀၀ ကျပ်၊ မိသားစု ၃ ဦးအထက်ကိုတော့ ၃၀၀၀၀၀ ကျပ်အထိ ကူညီပံ့ပိုးပေးသလို ဆန်ကိုလည်း တလစာထောက်ပံ့ပေးထားပါတယ်။


ဒါ့အပြင် တခြား အစိုးရဌာနတွေနဲ့ လူမှုအဖွဲ့တွေကလည်း ပြန်လည်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို ပံ့ပိုးကူညီပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ပေါင်းများစွာခိုလှုံနေတဲ့ သိန်းနဲ့ချီတဲ့ဒုက္ခသည်တွေထဲက ၃၀၀ ကျော်ဟာ နှစ်နိုင်ငံအစိုးရရဲ့ အစီအစဉ်နဲ့ အခုသီတင်းပတ်အတွင်း  မြန်မာနိုင်ငံကို ပြန်လည် ဝင်ရောက်လာနေတာဖြစ်ပါတယ်။

ပထမအသုတ်အဖြစ် ဇူလိုင်လ ၁ ရက်နေ့မှာ ကရင်ပြည်နယ် မြ၀တီမြို့ကနေ ၁၅၇ ဦး၊ ဇူလိုင် ၂ ရက်မှာ ကယားပြည်နယ် မယ်စဲမြို့ ဘီပီ ၁၃ ကနေ  ၃၂ ဦးနဲ့ ဒီကနေ့ မြဝတီမြို့ကနေ ၁၁၉ ဦး ပေါင်း ၃၀၈ ဦးပြန်လည်ဝင်ရောက်လာတာပါ။

အခုပြန်လည်ဝင်ရောက်လာသူတွေဟာ မိမိဆန္ဒအလျောက်ပြန်လာသူတွေဖြစ်ကြပြီး ဒါဟာ စတုတ္ထကြိမ်မြောက် ပြန်လည်ဝင်ရောက်လာမှုဖြစ်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုမှာ ပြည်တွင်းစစ်နဲ့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ တိုင်းရင်းသားတွေ လူဦးရေ ၁ သိန်းနီးပါး ကျန်ရှိ နေသေးတယ်လို့ UNHCR တာဝန်ရှိသူကပြောပါတယ်။

No comments:

Post a Comment