Wednesday, July 3, 2019

ဖူးကတ်တွင် မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်၊ ၂ ဦးသတိလစ်မေ့မျောပြီး စိုးရိမ်ရ

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ညပိုင်းက ထိုင်းနိုင်ငံ ဖူးကတ်ခရိုင်  အလုပ်သမားစခန်းတခုမှာ ဓားထိုးခံရတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာ ဆေးရုံမှာ သတိလစ်မေ့မြောနေပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သည်ဖူးခက်နယူးစ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။   ဒီအဖြစ်အပျက်ဟာ ဖူးကတ်ခရိုင် ထလန်မြို့နယ်က အလုပ်သမားစခန်းထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဓားနဲ့ထိုးခဲ့သူဟာလည်း မြန်မာနိုင်ငံသားပဲဖြစ်တယ်လို့ ဆိုပါတယ်။   ထလန်ဆေးရုံကို ရောက်ရှိလာပြီး သတိလစ်မေ့မြောနေတဲ့ လူနာတွေရဲ့ အကြောင်းကိုတော့ ဆေးရုံတာဝန်ရှိသူတွေက ရဲတွေကို ည ၁၀ နာရီလောက်မှာ အ ကြောင်းကြားခဲ့ပါတယ်။
ဒေသတွင်း ကယ်ဆယ်ရေးလုပ်သားတွေနဲ့ မျက်မြင်သက်သေတွေက ဓားနဲ့ ထိုးခံ ရသူတွေကို ဆေးရုံကို ခေါ်ဆောင်လာခဲ့တာဖြစ်ပြီး ကိုယ်တွင်းပိုင်း အရေးကြီးတဲ့ အင်္ဂါတွေကိုပါ ထိခိုက်သွားခဲ့တာကြောင့် ၀ဇီယဖူးကတ်ဆေးရုံကို ထပ်မံလွှဲပြောင်းခဲ့ရတာပါ။

     ထလန်မြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဆိုပနတ်နာရာအိုက “အခင်းဖြစ်တဲ့ စခန်းဆီတပ်ဖွဲ့ဝင်တွေကို စေလွှတ်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ မြန်မာအမျိုးသား ၄ ဦးဟာ အရက်အတူ ၀ိုင်းဖွဲ့သောက်ခဲ့ကြပြီးနောက်မှာ ကတောက်ကဆ ဖြစ်ခဲ့ကြပြီး သူတို့ထဲက ၁ ဦးက နောက် ၂ ဦးကို ဓားနဲ့ထိုးခဲ့တာဖြစ်တယ်”လို့ ပြောပါတယ်။

     ရဲတွေက အခင်းဖြစ်တဲ့ နေရာကို ရောက်ရှိချိန်မှာတော့ ဒီအမှုမှာ ပါဝင်သူ မြန်မာ ၂ ဦးက နေရာကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီဖြစ်တယ်လို့ မျက်မြင်သက်သေ တွေက ထွက်ဆိုပါတယ်။  ဒါပေမယ့် မျက်မြင်သက်သေတွေကို ဘာသာစကားအခက်အခဲနဲ့ စကားပြန်မရှိတာမို့ အသေးစိတ်စစ်ဆေးမေးမြန်းတာတွေ မလုပ်နိုင်ခဲ့ဘူးလို့ ရဲက ဆိုပါတယ်။    လက်ရှိမှာတော့ ရဲတွေက ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စုံစမ်းဖော်ထုတ်နေပါတယ်။

No comments:

Post a Comment