Wednesday, July 3, 2019

မူကြိုကလေးငယ်မဖွယ်မရာပြုကျင့်ခံရမှု အမှုမှန်ပေါ်ရေး ၀န်းရံကြတဲ့အနုပညာရှင်များ

 နေပြည်တော်ရှိ မူကြို ကျောင်းတွင် မိန်းကလေးတစ်ဦး မဖွယ်မရာ ပြုကျင့်ခံရသည့်ဖြစ် စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ် ပေါက်ရန် အနုပညာရှင်များက ၎င်းတို့၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ များမှ တစ်ဆင့် တိုက်တွန်းထား သည်။ ‘ယဉ်ကျေးမှု ထွန်းကားပြီး၊ ထွန်းကားဆဲ ကမ္ဘာ့နိုင်ငံကြီးငယ် များမှာ ယောက်ျားတွေဟာ လူကြီး လူကောင်းဆန်တဲ့ စိတ်ထားမွေး ကြရရင်း အမျိုးသမီးများနဲ့ ကလေး များအတွက် အရာရာမှာ ကြင်နာညှာတာစွာ ဦးစားပေး နေရာပေး တတ်တာကို Ladies first, Babies first လို့ မြန်မာတွေ ပြောပြော နေတာ ကြားဖူးပါတယ်။ ဒါပေမဲ့ လက်တွေ့ မြန်မာနိုင်ငံမှာ Ladies f _ _ k, Babies f _ _ k ဆိုသလို ဖြစ်နေတယ်’ ဟု အစချီ၍ တေးရေး ရွှေဂျော်ဂျော်က ယင်းကိစ္စများနှင့်ပတ်သက်၍ ရေးသားထားသည်။



အဆိုပါရေးသားမှုကို အနုပညာရှင်များအပါအဝင် ဖေ့စ်ဘွတ်ခ်အသုံးပြုသူများက ပြန် လည်မျှဝေထားသည်။

ထို့ပြင် ရွှေဂျော်ဂျော်ရေး သားထားသည့် ‘လူယုတ်မာ လူရမ်းကားတွေကို ဘာမှ အရေးမယူ၊အပြစ်မပေး၊ မထိန်းသိမ်း၊ မဖမ်းဆီးဘဲ နေတာဟာ လူကောင်းတွေကို သေဒဏ်ပေးလိုက်တာ ပါပဲ’ ဟူသည့် စာသားကိုလည်း ပြစ်မှုကျူးလွန်ခံခဲ့ရသော ဗစ်တိုး ရီးယားကို ရည်ညွှန်းသည့် ကာ တွန်းပုံနှင့်အတူ ပြန်လည်မျှဝေ သူများပြားခဲ့သည်။

ယင်းအမှုအခြေအနေပေါ် မူတည်၍ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးမည့် အဆိုတော်လင်း လင်းက ‘ဗစ်တိုးရီးယားလေးအ တွက် ဗစ်တိုးရီးယားများစွာက ဝိုင်းဝန်းကြတာပါ။ ဝိုင်းတွန်းကြ တဲ့ ဒီအရွေ့ ရွေ့ကို ရွေ့ရမယ်။ ၃၇၆ နဲ့အတူ ၁၀၉ နဲ့ ၁၁၄ ပုဒ်မ တွေထဲမှာ မည်သည့်ပုဂ္ဂိုလ်ပါဝင် နေပါစေ၊ နောက်ဆုံးကျွန်တော်တို့ ကိုယ်တိုင် ဥပဒေဘောင်အပြင်က နေ တရားစွဲခံပြီး စည်းလွတ် ဘောင်လွတ်ပြောရမယ့် အခြေ အနေကြုံလာရင်တောင် လုပ် မယ်။ နောက်မဆုတ်ဘူး’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။ အဆိုပါအမှုအမှန်တရားအ တိုင်းဖြစ်ရန် လိုအပ်ကြောင်းနှင့် လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ အပြစ်ရှိပါက တရားဥပဒေနှင့်အညီ အပြစ်ပေးခံရမည် ဖြစ်ကြောင်း သရုပ်ဆောင်စိုးမြတ်နန္ဒာက  ၎င်း၏ Fan Page တွင် ရေးသားထား သည် ။

ယင်းကိစ္စနှင့်ပတ်သက်၍ ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများလည်း ပြုလုပ်ရ မည်ဖြစ်သောကြောင့် ကူညီမှုများ ပြုလုပ်ပေးလိုကြောင်း အဆိုတော် ကျားပေါက်က ရေးသားထား သည်။

ယခုလအတွင်း ရင်သွေးမွေး ဖွားတော့မည့် စန္ဒီမြင့်လွင်က ‘‘ရင် ထဲ ဘယ်လိုမှကို မကောင်းဘူး။ သမီးလေးမွေးရမှာမို့ ကိုယ့်သမီးလေးသာဆိုရင်ဆိုတဲ့ စိတ်ရယ်၊မိဘတွေနေရာမှာ ဆိုရင်ဆိုတဲ့ စိတ်ရယ် ဒီစာကိုဖတ်ရတာ ရင်ထဲ တော်တော်မကောင်းဘူး။ အမှန်တရား အမြန်ဆုံးပေါ်ပါစေ သမီး လေးရေ ။ ဘဝဆက်တိုင်း ဒီလိုအဖြစ်မျိုးမှ ကင်းဝေးပါစေ’’ဟု ၎င်း၏ဖေ့စ်ဘွတ်တွင် ရေးသားထား သည်။

ထို့အတူ လူမင်း၊ ပြေတီဦး၊ ၀ိုင်း၊ ဘန်နီဖြိုး၊ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့် စသည့် အနုပညာ ရှင်များကလည်း ယင်းအမှု အမှုမှန်ပေါ်ပေါက်ရန် တိုက်တွန်းသည့် စာသားများ  ရေးသား၍  ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်တွင် တင်ထားသည်။

မိန်းကလေးများကို မဖွယ်မရာ ပြုလုပ်သည့် ဖြစ်စဉ်များသည် ခေတ်အဆက်ဆက်တွင် နိုင်ငံတိုင်း၊ လူမျိုးတိုင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများမှာလည်း အောက်ခြေလူတန်းစားမှ အစပြု၍ စာရိတ္တအမြင့်ဆုံးဟု သတ်မှတ် ထားသည့် လောကုတ္တရာပုဂ္ဂိုလ် များအထိ ပါဝင်ကြောင်း သရုပ် ဆောင် ဇဏ်ခီကလည်း ရေးသား ထားသည်။

‘ခေတ်အဆက်ဆက်က ကျွန်တော်တို့နိုင်ငံမှာ အမှုဖော် ထုတ်ရေး အင်မတန် အားနည်းခဲ့ တယ်။ အားနည်းနေဆဲ။ တရားဥပဒေစိုးမိုးရေးလည်း အင်မတန် အားနည်းတယ်။ ဥပဒေအထက် မှာ နေနေတဲ့ သူတွေ ရှိနေမြဲ။ ဒါတွေအားလုံးကို ပြည်သူတွေ ကောင်းကောင်းသိကြတယ်။ ထိုထိုသော အကြောင်းများကြောင့် အခု Online ပေါ် ပျံ့နှံ့သွားတဲ့ အမှုအတွက် အမှုမပေါ်မှာကို ကြောက်တဲ့ စိတ်နဲ့ အားလုံးဝိုင်း ကြည့် ဝိုင်းရေးနေကြတာပါ’ ဟု ဇဏ်ခီက ရေးသားထားသည်။

ယင်းကဲ့သို့ ပြုလုပ်ခြင်း ကြောင့် အမှုကို ကိုင်တွယ်နေ သော တာဝန်ရှိသူများအနေဖြင့် ပေါ့ပေါ့လျော့လျော့ ပြုလုပ်နိုင်တော့မည် မဟုတ်သော်လည်း လက်ရှိအချိန်သည် စစ်ဆေးဆဲ ကာလသာ ရှိသေးသောကြောင့် အစွပ်စွဲခံမိသားစု ဂုဏ်သိက္ခာကို လည်း ထည့်တွက်စေလိုကြောင်း ဇဏ်ခီက အကြံပြုထားသည်။ နေပြည်တော် သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်းမှ မိန်းကလေးငယ်တစ်ဦး မေလ ၁၆ ရက်တွင် မဖွယ်မရာ ပြုကျင့်ခံရမှု ဖြစ်ပွားခဲ့ပြီး တစ်လကျော် ကြာ သည့်တိုင် တရားခံကို ဖမ်းဆီးနိုင် ခြင်းမရှိသေးသောကြောင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် အွန်လိုင်းမှတစ်ဆင့် တောင်းဆိုမှု များပြား ခဲ့သည်။

No comments:

Post a Comment