Wednesday, July 3, 2019

တပ်တွင်းဒီမိုကရေစီစနစ်ကို စည်းကမ်းတကျ ကျင့်သုံးနေဟုကာချုပ်ပြော

တပ်မတော်မှာ တပ်တွင်းဒီမိုကရေစီစနစ်ကို စည်းကမ်းတကျ ကျင့်သုံးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့က သံတောင်ကြီးတပ်နယ်၊ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) နဲ့ အရာခံ၊ အကြပ်ကြီးသင်ကျောင်းက နည်းပြအရာရှိတွေ၊ သင်တန်းသား အရာရှိ၊ စစ်သည်တွေနဲ့ တွေ့ဆုံရာမှာ ပြောခဲ့တာပါ။



တပ်မတော်မှာ တဦးချင်းလိုအပ်ချက်၊ အခက်အခဲတွေကို နေ့စဉ် သတင်းပို့တင်ပြခွင့်ရှိတာ၊ ဆန္ဒဖော်ထုတ်ပွဲတွေမှာ တင်ပြခွင့်ရှိတာ၊ တာဝန်ရှိသူအဆင့်ဆင့်က မှန်မှန်ကန်ကန် ဖြေရှင်း ဆောင်ရွက်ပေးပြီး တပ်တွင်း ဒီမိုကရေစီစနစ်ကို စည်းကမ်းတကျကျင့်သုံးနေသလို စည်းကမ်း ကောင်းတဲ့ တပ်မတော်၊ စိတ်ဓာတ်ကောင်းတဲ့ တပ်မတော်ရဲ့ အစဉ်အလာကောင်းတွေကို ထိန်းသိမ်းနေတယ်လို့ ပြောသွားတာပါ။

ပြီးတော့ တပ်မတော်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ဖို့ ဖြစ်တယ်လို့လည်းပြောပါတယ်။

နိုင်ငံတကာက တပ်မတော်တွေဟာလည်း သူတို့နိုင်ငံကိုကာကွယ်ဖို့နဲ့ တချို့အင်အားကြီး နိုင်ငံတွေက နိုင်ငံပြင်ပကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်နေတယ်လို့ ပြောပါတယ်။

မိမိတို့နိုင်ငံအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေ မချုပ်ငြိမ်းသေးဘဲ နိုင်ငံရေး အရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုတွေမရှိသေးသလို ပြည်သူတွေက ရွေးချယ်တဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းချိန်မှာ လက်နက်ကိုင်ပြီး တောင်းဆိုလို့ မရဘူးလို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

No comments:

Post a Comment