Wednesday, July 3, 2019

NLD ပါတီဝင်အချို့ သူရဦးရွှေမန်းတည်ထောင်သည့် ပါတီသို့ ကူးပြောင်းမှုများရှိနေကြောင်း သတင်းများထွက်ပေါ်

ယခင် တပ်မတော်အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သူ သူရ ဦးရွေမန်းတည်ထောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD)မှ ပါတီဝင် အချို့ကူးပြောင်းမှုများရှိနေကြောင်း သတင်းများထွက်ပေါ်လျှက် ရှိကြောင်းသိရသည်။ ယင်းကဲ့သို့ ကူးပြောင်းရာတွင် ပဲခူးတိုင်းဒေသကြီးရှိ ပါတီဝင် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မှ မြို့နယ် စည်းရုံးရေးကော်မတီဝင်အချို့ ပါဝင်ကြောင်းလည်း သိရ သည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ပါတီဝင်အချို့အနေဖြင့် ပါတီကူးပြောင်းခြင်းမှာ ငွေကြေးဖြင့်ကမ်းလှမ်းမှုများကြောင့် ဖြစ်ကြောင်းလည်း ယင်းသတင်းများထွက်ပေါ်နေချက်အရ သိရသည်။

သို့သော် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၏ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံဖြစ်သူ ဦးတင်မောင်ဝင်းကမူ

" ဝင်လာတဲ့သူတွေကတော့ ရိုးရိုးသားသားပြောရင် အဖွဲ့စည်းအစုံကရှိတယ် လူတွေရဲ့အနေအထားက နိုင်ငံရေးကို စိတ်ဝင်စားကြသော်လည်းပဲ ဒီကနေ့ နိုင်ငံရေးကစားဖို့ ကွင်းက အခြာ်းနယ်ပယ်တွေက ပြည့်နေပြီ အဲ့ဒီနေလိုရှိတော့ အဲ့ဒီလိုကလေးတွေက အသစ်တွေဝင်တာလည်းရှိတယ် အခြားအဖွဲ့အစည်းတွေကလည်း သူစိတ်ဆန္ဒနဲ့သူ ဝင်တာတွေလည်းရှိပါတယ်" ဟု ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံဖြစ်သူ ဦးတင်မောင်ဝင်း ကပြောကြားသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်မှNLDပါတီဝင်အချို့အနေဖြင့် သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသို့ကူးပြောင်းမှုရှိနေကြောင်းနှင့်ပတ်သက်၍ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ၄င်းအနေဖြင့်သိရှိသေးခြင်းမရှိကြောင်းဆိုသည်။

" ကျွန်တော်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ သေသေခြာခြာမသိသေးဘူး အခုလွှတ်တော်ထဲကို ရောက်နေတာ ကျွန်တော်အနေနဲ့ ပါတီကို ပြန်မေးကြည့်ပါဦးမယ်" ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့အချုပ်(NLD)မှ ပါတီဝင်များအနေဖြင့် မည်သည့်အချိန်မဆို ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပေးထားပြီး ယင်းအပေါ်တွင် ပါတီမှ နှုတ်မထွက်ရဟုဆိုကာ ကန့်သတ်ထားခြင်းမျိုးလည်းမရှိသော်လည်း ပါတီ နှစ်ခုတွင် တာဝန်ထမ်းဆောင်နေခြင်းများကိုမူ မပြုလုပ်သင့်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

" အစ်မတို့ပါတီဘက်ကို ဟိုဘက်က ပါတီလူဝင်မယ်ဆိုရင် ဟိုဘက်ပါတီက ထွက်ရတယ် ဟိုဘက်ပါတီကိုဝင်မယ်ဆိုရင်လည်း အစ်မတို့ပါတီက ထွက်ရတယ်။ ဟိုလိုလိုဒီလိုလို ခွလုပ်တာတွေကတော့ ဘယ်သူမှလက်ခံလို့မရဘူး" ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။

လက်ရှိ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မြို့နယ်စည်းရုံးရေး ကော်မတီမှ ပါတီဝင်များ နှုတ်ထွက်မှု နှင့် ပဲခူးတိုင်းဒေသကြီး မှ ပါတီဝင်အချို့ ပါတီကူးပြောင်းမှုရှိကြောင်းသတင်းများ ထွက်ပေါ်လျှက်ရှိသော်လည်း လက်ရှိပါတီဝင်အဖြစ်မှနှုတ်ထွက်မှု၊နှုတ်ထွက်ကြောင်းပါတီသို့ အကြောင်းကြားခြင်းမျိုး မရှိသေးကြောင်း NLD ပါတီ မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကပြောသည်။

" အဲ့ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ဆီကို စာတွေဘာတွေရောက်တာတော့မရှိသေးဘူး ခင်ဗျ" ဟု ဒေါက်တာမျိုးညွန့် ကပြောသည်။

သူရဦးရွှေမန်း တည်ထောင်သော ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီသို့ ကူးပြောင်းမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD )မှ ပါတီဝင်အချို့အပြင် ပြည်ခိုင်ဖြိုးပါတီ (UNDP) ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ( NDF )အချို့မှာလည်းကူးပြောင်းမှုများရှိနေကြောင်း သတင်းထွက်ပေါ်မှုများအရသိရသည်။

No comments:

Post a Comment