Wednesday, July 3, 2019

သုံးစွဲမီတာယူနစ်များကို တိကျစွာ ကောက်ယူထားနိုင်ခြင်း မရှိသောကြောင့် ယူနစ်များ ပေးဆောင်ရန် ကျန်ရှိနေပါက ဈေးနှုန်းအသစ်ဖြင့်သာ ပေးဆောင်ရမည်ဟုဆို

လစဉ်မီတာယူနစ်များ ကောက်ယူရာတွင် တိကျသေစွာ မကောက်ယူမိသောကြောင့် အချို့သော မီတာများတွင် ယူနစ်များ ကျန်ရှိနေပါက ဈေးနှုန်းတိုးမြှင့်လိုက်သည့် ယူနစ်ဈေးနှုန်းများ အတိုင်းသာ ကျခံပေးဆောင်ရ မည်ဖြစ်ပြီး လမ်းမီးတိုင်များတွင် တပ်ဆင်ထားသည့် မီတာပုံးများကို နေအိမ်များရှေ့သို့ ပြန်လည်ချထားရန် အတွက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ စဉ်းစားနေသော်လည်း ကုန်ကျစရိတ်မရှိ ဖြစ်နေကြောင်း ဧရာဝတီတိုင်း ဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးလှဖုန်းက ပြောကြားသည်။



ဇူလိုင် ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ အတွင်း၌ လျှပ်စစ်မီတာခများ ဈေးနှုန်းမြှင့်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်းတင်ပြရာတွင် မအူပင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ ဦးဇော်မိုးက နေအိမ်များတွင် မီတာခယူနစ်များအား မီတာဖတ် စာရေးများမှ သေချာစွာ မဖတ်သောကြောင့် ကျန်ရှိနေသော ယူနစ်များကို မည်ကဲ့သို့ ကူညီဆောင်ရွက် ပေးမည်နှင့် ဓာတ်တိုင်များတွင် မီတာပုံးများအား တင်ထားခြင်းမှာ ပြည်သူများ အနေဖြင့် မိမိတို့ သုံးစွဲမှုအား မသိရှိရသောကြောင့် အောက်သို့ပြန်လည် ချထားပေးရန် ဆွေးနွေးပြောကြားမှုအား ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးလှဖုန်းက ပြန်လည်ဖြေကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“လက်ရှိရှိတဲ့ဟာကို ကျွန်တော်တို့ အမှန်အကန် လိုက်ဖတ်ပါမယ်၊ လိုက်ဖတ်တဲ့ အခါမှာတော့ အရင်တုန်းကနေပြီးတော့ မီတာကျန်ခဲ့တာ ရှိရင်တော့ အဲ့ဒီဟာ မီတာပေးသုံးသူ အနေနဲ့ ဆောင်ရပါမယ်ပေါ့” ဟု ညွှန်ကြားရေးမှူး ဦးလှဖုန်းက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးက “ပြည်သူက အမှားအယွင်းဖြစ်တာ မဟုတ်ဘူး။ ဌာနဆိုင်ရာနဲ့ ဌာနက ဝန်ထမ်းကနေပြီးတော့ သူတို့မီတာဖတ်တဲ့ နေရာမှာ တိကျမဖတ်ဘဲ မှန်းခြေနဲ့သွားတဲ့ အခါကျတော့ ဒီမီတာထဲမှာ ယူနစ်အကျန်တွေ များလာတယ်။ များလာတဲ့ အခါကျတော့ ကျွန်တော်တို့လည်း ထိုက်သင့်တဲ့ယူနစ် ဆောင်နေရင်း ယူနစ်များလာတဲ့ အခါကျတော့ ငွေအမောက်တွေက များလာတယ် အဲဒီတော့ ပြည်သူက အင်မတန်ကို နစ်နာပါတယ်။ ဒါကိုလည်း ပွင့်လင်းမြင်သာစွာနဲ့ မီးတိုင်တွေမှာရှိတဲ့ မီတာပုံးတွေကို အောက်ကိုချပေးဖို့ ပြည်သူကလည်း တောင်းဆိုပါတယ်။ အဲဒါကလေးကိုလည်း ထိထိရောက်ရောက်လေး ဆွေးနွေးပေးပါ” ဟု ထပ်ဆင့်ဆွေးနွေးရာတွင် ညွှန်ကြားရေးမှူးဖြစ်သူ ဦးလှဖုန်းက “အရင်တုန်းက ကျွန်တော်တို့ ဒီဟာကို တိုင်ပေါ်တင်ခဲ့တဲ့ဟာကို ကျွန်တော်တို့ဆီက လူကြီးတွေလည်း တိုင်ကို ပြန်ချဖို့ စဉ်းစားနေပါတယ်၊ ကျွန်တော်တို့ကလည်း အခုဟာက တိုင်ပေါ်က ပြန်ချပြီဆိုရင် ဌာနက စဉ်းစားတာက ကုန်ကျစရိတ်ကိုတော့ ဘယ်လိုခံမလဲ ဆိုတာကို ဌာနက စဉ်းစားနေပါတယ်၊ အရင်တုန်းကတော့ ကျွန်တော်တို့ဆီမှာပဲ စတင်တာ မဟုတ်ဘူးခင်ဗျ တာချီလိတ်လိုမှာ အဲ့လိုပဲ တင်ထားတဲ့ စနစ်ရှိပါတယ်၊ ဒါပေမဲ့တော့ဒီမှာ ပြည်သူတွေက ဒါကိုမကြိုက်ဘူးဆိုရင် လိုက်လျောပြီးတော့ ကျွန်တော်တို့က ဒါကိုတိုင်ပေါ်ကချဖို့ပဲ ရှိပါတယ်” ဟု ပြောကြားသည်။

ယခင်အစိုးရ လက်ထက်တွင် နေအိမ်များရှေ့တွင် ထားရှိသော မီတာပုံးများအား လမ်းမီးတိုင်များပေါ်သို့ ပြောင်းရွှေ့တပ်ဆင်စေခဲ့ပြီး အသုံးပြုစေခဲ့သော်လည်း မီတာယူနစ်များ ရေးမှတ်ရာတွင် တိကျမှုမရှိခြင်း၊ လမ်းမီးတိုင်များပေါ်တွင် တပ်ဆင်ထားသည့် မီတာပုံးများ မီးလောင်ပျက်စီးမှုများ ဖြစ်ပေါ်ပါကလည်း ဌာနမှ တာဝန်ယူ ပြင်ဆင်ပေးခြင်း မရှိသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment