Wednesday, July 3, 2019

ဦးရဲထွဋ်၊ ဦးလှဆွေနှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ကို နိုင်လွတ်လုံပုဒ်မဖြင့် သူရဦးရွှေမန်း၏ တပည့်က အမှုဖွင့်

ပြန်ကြားရေးဝန်ကြီး ဟောင်း ဦးရဲထွဋ်နှင့် ပြည်ခိုင်ဖြိုး အမတ်ဟောင်းဦးလှဆွေ အပါအ၀င် သုံးဦးကို သူရဦးရွှေ မန်းနှင့် နီးစပ်သူတစ်ဦးက  နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေး ရေး ဥပဒေအရ အရေးယူပေးရန် အမှုဖွင့်တိုင်ကြားထားကြောင်း ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲ စခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။ ဦးရဲထွဋ်၊ ဦးလှဆွေနှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ သုံးဦးကို သူရဦးရွှေမန်း၏ တပည့်ယာဉ်မောင်းတစ်ဦးက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကိုကာကွယ်ပေးရေး ဥပဒေပုဒ်မ-၁၀အရ အရေးယူပေးရန် တိုင်ကြားခြင်းဖြစ်ပြီး လက်ရှိတွင် စုံစမ်း စစ်ဆေးနေကြောင်း အဆိုပါ တာ ၀န်ရှိသူက ပြောသည်။



‘‘နှစ်လ၊ သုံးလလောက်ရှိပြီ။ အခုမှဖွင့်တာ မဟုတ်ဘူးဗျာ။ အခုမှဖြစ်တဲ့ဟာ မဟုတ်ဘူးကြာပြီ။ လက်ရှိက စုံစမ်းနေတုန်း။ စစ်ဆေးနေတုန်းပဲ ရှိသေးတယ်’’ဟု အထက်ပါ ရဲစခန်းတာဝန်ရှိသူက ဆိုသည်။ အမှုဖွင့်တိုင်ကြား ခံရခြင်းနှင့်ပတ်သက်၍ ဇွန်လ၃၀ ရက်တွင် ရဲအရာရှိအချို့က ဂန့်ဂေါမြို့ရှိ နေအိမ်သို့လာရောက်၍ ပဏာမစစ်ဆေးချက် ရယူ ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ က 7day Daily သတင်းစာအား  ဇူလိုင် ၂ ရက်တွင် ပြောသည်။

‘‘လူထု မီဒီယာနဲ့ အင်တာဗျူး ထားတာကို မကျေနပ်လို့ဆိုပြီး တရားစွဲတယ်လို့ ပြောတယ်။ ကျွန်တော်ကဗျာ ၂၀၂၀ မှာ သူ(သူရဦးရွှေမန်း) မဲရမှာ မဟုတ်ပါဘူး လို့၊ ကညွတ်ကွင်းမှာ သူ့အမျိုးတွေတောင် မဲမထည့်လို့၊ ၂၀၁၅ မဲရှုံးတာလို့ အဲဒီလို ပြောလိုက်တာ။ အဲဒါဆိုရင် သူက မဲနိုင်လို့လား’’ဟု ၎င်းကဆိုသည်။



လက်ရှိတွင် အမှုဖွင့် တိုင်ကြားခံရသူ သုံးဦးအနက် ဦးလှဆွေ တစ်ဦးတည်းသာ ပြည်တွင်း၌ရှိနေပြီး ဦးရဲထွဋ်နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့သည် ပြည်ပ၌နေထိုင်နေသူများဖြစ်သည်။ အမှုဖွင့်တိုင်ကြားခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာက တရားဝင်အကြောင်းကြားမှု မရှိသေးကြောင်း ၀န်ကြီးဟောင်း ဦးရဲထွဋ်က မီဒီယာ အချို့ထံ ဖြေကြားထားသည်။ ဦးဘိုဘိုကျော်ငြိမ်းကိုမူ ဆက် သွယ်၍ မရပေ။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေး ရေး ဥပဒေ ပုဒ်မ  ၁၀ တွင် ယင်းဥပဒေပုဒ်မ ၇ နှင့် ၈ တို့ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန် ကြောင်း ထင်ရှားပါက ခြောက်လမှ သုံးနှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် ကျပ်သုံးသိန်းမှ ၁၅ သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထား သည်။

အဆိုပါ ဥပဒေ ပုဒ်မ-၈ (စ)တွင် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာ ကိစ္စများတွင် အဓမ္မ၀င်ရောက် စွက်ခြင်း (သို့မဟုတ်) လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှု ကို ပုတ်ခတ်ခြင်း (သို့မဟုတ်) ထိ ခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရဟု ပြဋ္ဌာန်း ထားသည်။

အမှုဖွင့် တိုင်ကြားခံရခြင်း နှင့်ပတ်သက်၍ ဥပဒေအရ ဆက်လက် ရင်ဆိုင်မည်ဖြစ်ကြောင်း ဦးလှဆွေက ပြောသည်။ ‘‘တရားရုံးရောက်ရင်သာ ကျွန်တော်တို့က မေးမယ်လေ၊ ဦးရွှေမန်းကို ခင်ဗျားဒါတွေ၊ ဒါတွေ လုပ်ခဲ့တာ မဟုတ်ဘူးလားလို့ မေးလိုက်မယ်။ သူဖြေရဲရင် လာလိုက်ပေါ့’’ဟု ၎င်းက ဆိုသည်။

သို့သော် သူရဦးရွှေမန်းနှင့် နီးစပ်သူများထံ 7day Daily ကဆက်သွယ်မေးမြန်းခဲ့ရာ အထက်ပါ အမှုဖွင့်တိုင်ကြားမှုကို သူရဦးရွှေမန်းကိုယ်တိုင် မသိရှိသည့်အပြင် ထိုသို့ဆောင်ရွက်ရန် ညွှန်ကြားခြင်းလည်း မရှိဟု တုံ့ပြန် သည်။ ‘‘အသားလွတ် တိုက်ခိုက်တာများပြီဆိုတော့ အဘတပည့်ထဲက တစ်ဦးဦးက မခံနိုင်လို့ ထပြီးလုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင် ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဥက္ကဋ္ဌကြီးနဲ့ ကျွန်တော်တို့ မသိသေးပါဘူး၊ ဥက္ကဋ္ဌကြီးရဲ့ သဘောတူညီမှု လည်း မပါနိုင်ပါဘူး၊ သို့သော် စွဲခဲ့သည့်တိုင်စွဲသူရဲ့ အခွင့်အရေးဖြစ်လို့ ဥက္ကဋ္ဌကြီးက ၀င်စွက်မယ်မထင်ပါဘူးဗျ’’ဟု သူရဦးရွှေမန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

No comments:

Post a Comment