Saturday, June 8, 2019

၂၀၁၉ ခုနှစ်၏ ပထမလေးလတာအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွား ၂ ဒသမ ၃၂ သန်း ဝင်ထွက်မှုရှိခဲ့ပြီး ယမန်နှစ်ထက် ခရီးသွား ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်

၂၀၁၉ခုနှစ်၏ ပထမလေးလတာအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည် ၂ ဒသမ ၃၂ သန်း ဝင်ထွက်မှုရှိခဲ့ပြီး ယမန်နှစ်ထက် ခရီးသွား ၄ ဒသမ ၂ရာခိုင်နှုန်းပိုမိုတိုးတက်လာခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် YACL၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။



ခရီးစဉ်သစ်များတိုးချဲ့ပျံသန်းခြင်းနှင့်အညီ မြန်မာနိုင်ငံ၏ အဓိကခရီးသည် ဝင်ထွက်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၂၀၁၉ ခုနှစ် ပထမလေးလတာအတွင်း ခရီးသည်ပေါင်း ၂ ဒသမ ၃၂ သန်းကို လက်ခံဝန်ဆောင်မှုပေးနိုင်ခဲ့ကာ ပြီးခဲ့သည့် ကာလတူတွင် လက်ခံဝန်ဆောင်မှုပေးခဲ့သော ခရီးသည်ပမာဏ ၂ ဒသမ ၂၂ သန်းဖြင့် နှိုင်းယှဉ်ပါက ၄ ဒသမ၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဧပြီအတွင်း တိုးတက်လာသော နိုင်ငံတကာ ခရီးသွားဦးရေသည် ယခင်နှစ်ထက် ၇ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်လာပြီး ပြည်တွင်းခရီးသွား ပမာဏတွင်မူ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းသွားကြောင်း YACL မှ သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေ သည့် YACL အနေဖြင့် ရန်ကုန်လေဆိပ်တွင် နိုင်ငံတကာခရီးစဉ်အသစ်များ တိုးချဲ့ပြေးဆွဲပျံသန်းနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ် မေလအထိရန်ကုန်လေဆိပ်တွင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ၃၀ အား လက်ခံဝန်ဆောင်မှုပေးနေပြီး အာရှိဒေသတွင်းနိုင်ငံ ၁၁ နိုင်ငံမှ မြို့ကြီး ၂၈ ခုနှင့် ခရီးစဉ်များချိတ်ဆက်ပျံသန်းနေကြောင်း သိရသည်။

“ပြည်တွင်းလေကြောင်းခရီးသွားနှုန်း တိုးတက်မှုလျော့ကျသွားပေမဲ့ ကျွန်တော်တို့ရဲ့ ပြည်ပခရီးစဉ်တွေ တိုးချဲ့ပျံသန်းမှုက အောင်မြင်လျက်ရှိပါတယ်။ YACL အနေနဲ့ မကြာခင်မှာ အာရှဒေသတွင်း ခရီးစဉ်သစ်တွေ ပိုမိုတိုးချဲ့ပျံသန်းနိုင်ဖို့ကိုလည်း ဆောင်ရွက်နေပါတယ်}} ဟု YACL မှ Chief Executive Officer ဖြစ်သူ Mr.Ho Chee Tong မှ ပြောကြားသည်။

တရုတ်လေကြောင်းလိုင်းတစ်ခု ဖြစ်သည့် China Eastern Airlines ၏ တရုတ်-မြန်မာနှစ်နိုင်ငံအကြား ချိတ်ဆက်ပျံသန်းသည့် လေးခုမြောက် ခရီးစဉ်အဖြစ် ဝူဟန်(Wuhan) - ရန်ကုန်ခရီးစဉ်အား မေ ၃၀ ရက်တွင် စတင်ပျံသန်းခဲ့ကြောင်းသတင်းရရှိသည်။

China Eastern Airlines လေကြောင်းလိုင်း၏ ဝူဟမ်-ရန်ကုန် ခရီးစဉ်သစ် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ပျံသန်း သည့် ၁၅ ခုမြောက် လေကြောင်းခရီးစဉ်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ လေကြောင်းလိုင်း ခြောက်ခုက ခရီးစဉ် ၁၁ ခုအထိ တိုးချဲ့ပျံသန်းခဲ့ပြီး တရုတ်နိုင်ငံမှ ခရီး သွား ဝင်ရောက်မှု ယမန်နှစ်ထက် ၃၈ ဒသမ ၃၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား သုံးသိန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ခရီးသွား ဝင်ရောက်မှု ၁၇ ရာခိုင်နှုန်မြင့်တက်ခဲ့ကာ တရုတ်ခရီးသွား ဝင်ရောက်မှု သိသိသာသာ မြင့်တက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

No comments:

Post a Comment