Saturday, June 8, 2019

အကြွေး ဒေါ်လာ ၁၄၀ ကျော် မရလို့ နှစ်နှစ်သမီးလေးကို သတ်ဖြတ်မှုကြောင့် အိန္ဒိယမှာ စိတ်ဆိုးဒေါသထွက်

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမြို့တစ်မြို့မှာ ချေးငွေအကြွေး အမေရိကန်ဒေါ်လာ ၁၄၄ ဒေါ်လာ မရလို့ နှစ်နှစ်အရွယ် ကလေးမလေးကို သတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့အပေါ် စိတ်ဆိုးဒေါသထွက်ကြပြီး ဝရုန်းသုန်းကားအခြေအနေ ဖြစ်ပေါ်တာကြောင့် ရဲအင်အား တိုးမြှင့်ချထားရပါတယ်။ ဥတာပရာဒက်ရှ်ပြည်နယ် အလီဂျက်မြို့က အမှိုက်ပုံတစ်ခုမှာ မေ ၃၁ ရက်က စွန့်ပစ်ထားတဲ့ ကလေးမလေးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိအပြီးမှာ သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထားကြောင်း ရဲက ပြောပါတယ်။



ဆေးစစ်ချက်အရ အဲဒီ ကလေးမလေးကို အင်္ကျီအဝတ်ပိတ်စနဲ့ လည်ပင်းညှစ်ပြီး သတ်ဖြတ်ထားတာဖြစ်တယ်လို့ သိရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ကလေးမလေးကို ခုလို သတ်ဖြတ်ပြီး ရုပ်အလောင်းကို သံသယရှိသူတစ်ဦးရဲ့ အိမ်မှာ ဝှက်ထားခဲ့တာဖြစ်ပေမယ့် နွေနေပူပြင်းတာကြောင့် အပုပ်နံ ထွက်လာတော့မှ အမှိုက်ပုံမှာ သွားရောက်စွန့်ပစ်ကြတာဖြစ်တယ်လို့ ရဲက ပြောပါတယ်။

“ကလေးမလေးရဲ့ ဘွားအေဖြစ်သူဟာ အကြွေးပေးစရာ ရူပီး တစ်သောင်း(အမေရိကန်ဒေါ်လာ ၁၄၄ ဒေါ်လာ) ရှိတယ်။ အကြွေးမပေးနိုင်ဘဲ ကြန့်ကြာတာနေတာကြောင့် စကားများ ရန်ဖြစ်ထားတာလည်း ဖြစ်တယ်။”လို့ အလီဂျက်မြို့ ရဲမှူး ကူဟာရီက ပြောပါတယ်။

အလောင်းခွဲစိတ် စစ်ဆေးမှုမှာတော့ ကလေးမလေးကို အဓမ္မပြုကျင့်ထားတဲ့ လက္ခဏာ မရှိပေမယ့် နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေအတွက် ဆက်လက်လုပ်ဆောင်နေတုန်ပဲးဖြစ်တယ်လို့ ရဲမှူး ကူဟာရီက ပြောခဲ့ပါတယ်။

No comments:

Post a Comment