Saturday, June 8, 2019

တစ်ယူနစ်လျှင် ကျပ် ၂၀ သာကျသင့်နိုင်သည့် စပါးခွံမှလျှပ်စစ်ထုတ်သည့်နည်းကို ကျေးရွာများအတွက် နည်းပညာကူညီပေးရန် မြိတ်မြို့မှလုပ်ငန်းရှင်တစ်ဦး စီစဉ်နေကြောင်းသိရ

လျှပ်စစ်မီးတစ်ယူနစ်လျှင် ကျပ် ၂၀ သာကျသင့်နိုင်သည့် စပါးခွံမှ လျှပ်စစ်ထုတ်သည့်နည်းကို ကျေးရွာများအတွက် နည်းပညာပိုင်းကူညီပေးရန် မြိတ်မြို့မှ လုပ်ငန်းရှင်တစ်ဦးက စီစဉ်နေကြောင်း သိရသည်။ လျှပ်စစ်မီးဈေးနှုန်းကြီးမြင့်စွာ သုံးစွဲနေရသည့် မြိတ်မြို့မှ အနီးပတ်ဝန်းကျင် ကျေးရွာများတွင်သာမက ဝေးလံသည့်နေရာဒေသများတွင်ပါ အဆင်ပြေနိုင်မည့် လျှပ်စစ်ထုတ်သည့်နည်းကို OK ဆန်စက်ပိုင်ရှင်က ဆောင်ရွက်ပေးမည်ဖြစ်ကာ စပါးထွက်နှုန်းအလိုက် လျှပ်စစ်ထုတ်လုပ်နိုင်သည့်နှုန်းလည်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။



လက်ရှိအနေအထားတွင် စပါးခွံမှ လျှပ်စစ်ထုတ်ယူကာ OK ဆန်စက်တွင် တစ်နေ့လျှင် 750 KV အသုံးပြုနေနိုင်သည့်အတွက် ကုန်ကျစရိတ် များစွာသက်သာနေကြောင်းသိရသည်။

“လျှပ်စစ်အားလုံးကို စွန့်ပစ်ပစ္စည်းဖြစ်တဲ့ စပါးခွံကနေ ပြန်ထုတ်ထားပါတယ်။ ဒီလိုထုတ်လုပ်ထားရာမှာ ရှင်းရှင်းပြောပြရင် တစ်ယူနစ်ကို မြန်မာငွေ ကျပ်၂၀ ပဲ ကျသင့်ပါတယ်။ နည်းပညာကိုလည်း အဆင့်မြှင့်တင်ထားတဲ့အတွက် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ၊ အနံ့အသက်တွေ ဘာမှမရှိအောင် စနစ်တကျ လုပ်ထားပါတယ်။ ကျွန်တော်တို့ဒေသမှာ စပါးကို များများစိုက်ပျိုးလာမယ်၊ စပါးခွံတွေ များများရလာမယ်ဆိုရင် မြိတ်မြို့မှာ လိုအပ်ချက်ရှိနေတဲ့ လျှပ်စစ်ကိစ္စကို တစ်ဖက်တစ်လမ်းကနေ ကူညီဆောင်ရွက်ပေးလို့ရပါတယ်။ လက်ရှိ ကျွန်တော့်ဆန်စက်မှာ 750 KV ကို စပါးခွံနဲ့ပဲ လည်ပတ်ထားတာပါ။ အဓိကအချက်ကတော့ အစိုးရပိုင်းရော၊ လွှတ်တော်ကိုယ်စားလှယ်တွေအပိုင်းတွေကပါ လာရောက်ကြည့်ရှုပြီး ကျွန်တော်တို့နဲ့ ပေါင်းစပ်ဆောင်ရွက်သွားရင် အဆင်ပြေသွားပါလိမ့်မယ်” ဟု အိုကေဆန်စက်ပိုင်ရှင် ဦးထွေးဝေက ပြောကြားသည်။

စပါးကြိတ်ခွဲရာမှ ထွက်ရှိလာသည့် စပါးအခွံများကို စွန့်ပစ်စရာမလိုဘဲ မီးအပူပေးပြီး ဓာတ်ငွေ့ထုတ်ယူကာ လျှပ်စစ်လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။ စပါးထွက်ရှိသည့် ကျေးရွာများကိုသာ အဓိကကူညီဆောင်ရွက် ပေးနိုင်မည်ဖြစ်ပြီး စပါးပိုမိုထွက်ရှိသည့် ကျေးရွာများအနေဖြင့် လျှပ်စစ်လည်း ဖူလုံနိုင်မည့် အနေအထားဖြစ်ကြောင်း သိရသည်။

“အခုထွက်နေတဲ့ စပါးခွံတွေနဲ့ လျှပ်စစ် ပြန်လည်လို့ရအောင် နည်းပညာပိုင်း ပံ့ပိုးတဲ့အပိုင်းတွေအတွက် အစီအစဉ်ရှိပါတယ်။ ကျေးရွာတွေမှာ မီးလင်းရေးအတွက် အဲဒါလေးတွေ လုပ်ပေးဖို့အတွက်ပေါ့။ ကျေးရွာတွေမှာ အများဆုံးလိုအပ်နိုင်တာက 50 KV- 100 KV ဆိုရင် ပေါ့ပေါ့ပါးပါး ထုတ်လုပ်လို့ရပါပြီ။ ကျွန်တော်တို့ဒေသမှာ ဆန်စပါးဖူလုံမှုမရှိတဲ့အတွက် တခြားတိုင်းဒေသကြီးတွေကနေ သယ်ယူနေရပါတယ်။ ဆန်စပါးကဏ္ဍကို စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး လုပ်ဆောင်နေပါတယ်။ ဆန်စပါးလည်း ဖူလုံသွားရမယ်။ လျှပ်စစ်လည်းရရှိဖို့ တစ်ဖက်တစ်လမ်းကနေ လုပ်ဆောင်နေပါတယ်” ဟု ဦးထွေးဝေက ပြောကြားသည်။

အိုကေဆန်စက်တွင် စပါးခွံဖြင့် လျှပ်စစ်မထုတ်ယူနိုင်မီက တစ်နေ့လျှင် ဒီဇယ်နှစ်ပီပါ အသုံးပြုကာ မီးစက်မောင်းနှင်ခဲ့ရကြောင်း သိရသည်။ စပါးခွံဖြင့် လျှပ်စစ်ထုတ်ယူနိုင်မည့် အသေးစားစက်များကို မှာယူပေးနိုင်သလို နည်းပညာပိုင်းများကိုလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် အစိုးရပိုင်းအနေဖြင့် စိတ်ပါဝင်စားသည့် ဒေသခံပြည်သူများဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးရန်သာ လိုအပ်ကြောင်း သိရသည်။

No comments:

Post a Comment