Saturday, June 8, 2019

အလွတ်တန်း ဖူဆယ်ဖလားပြိုင်ပွဲ (မန္တလေး)ကို အသင်း ၆၀ ကျော်ဖြင့် ကျင်းပမည်

အလွတ်တန်း ဖူဆယ်ဖလားပြိုင်ပွဲ (မန္တလေး) ကို  ၆၄ သင်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း ဖူဆယ်လိဂ်ကော်မတီက ထုတ်ပြန်သည်။  MFF Warrix Futsal OpenCup 2019 (Mandalay) ပြိုင်ပွဲ ကို ဇွန်လ၂၉ရက်မှ ဇူလိုင် ၂၁ ရက်အထိ  မန္တလေးမြို့  မန္တလာသီရိ အားကစားရုံ၌  ကျင်းပမည်  ဖြစ်သည်။  ယင်းပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်လိုသည့် အသင်းများအနေဖြင့် ဇွန်လ ၁၀ ရက်က စတင်ကာ မြန်မာဘောလုံးအ ကယ်ဒမီ (မန္တလေး)တွင် လျှောက်လွှာ ထုတ်ယူကာ ဇွန်လ ၂၁ ရက်နောက်ဆုံးထား စာရင်းပေးသွင်း ရမည်ဖြစ်ကြောင်း ဖူဆယ်လိဂ် ကော်မတီက ထုတ်ပြန်သည်။



ပြိုင်ပွဲဝင်အသင်း အရေအတွက် ၆၄ သင်းသာ သတ်မှတ်ထားသဖြင့် ဇွန်လ ၂၁ ရက်မတိုင်မီ ပြိုင်ပွဲဝင်အသင်း အရေအတွက် ပြည့်ပါက စာရင်းပေးသွင်းမှု ပိတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ပြိုင်ပွဲဝင် အသင်းများအနေဖြင့် တစ်သင်းလျှင် ကစားသမား ၁၄ ဦး၊ အုပ်ချုပ်၊ နည်းပြ အဖွဲ့ဝင် ခြောက်ဦး စာရင်းပေး သွင်းနိုင်ပြီး ပြိုင်ပွဲဝင်ကြေး ကျပ်တစ်သိန်းနှင့် အာမခံကြေးကျပ်တစ်သိန်း ပေးသွင်းရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းများတွင် ဖူဆယ်လက်ရွေးစင် ဖြစ်ဖူးသည့် ကစားသမားများ၊ ၂၀၁၉ မြန်မာလိဂ် (၁)နှင့် မြန်မာလိဂ် (၂) မှတ်ပုံတင်ထားသည့် ကစားသမားများနှင့် နည်းပြများပါဝင်ခွင့် မပြုကြောင်း ဖူဆယ်လိဂ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အလွတ်တန်းဖူဆယ်ဖလား ပြိုင်ပွဲ (မန္တလေး)တွင် ချန်ပီယံ အသင်းကို ဆုဖလားနှင့် ဆုကြေးကျပ်သိန်း ၃၀၊ ဒုတိယရအသင်းကိုကျပ်သိန်း ၂၀၊ တတိယရအသင်း ကျပ် ၁၀ သိန်း၊ စတုတ္ထရအသင်းကို ကျပ်ငါးသိန်းနှင့် တစ်ဦးချင်း အကောင်းဆုံးဆုများ ချီး မြှင့်မည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်က ကြီးမှူး၍ MFF Futsal Open Cup ပြိုင်ပွဲကို ၂၀၁၄ က စတင်ကာ ရန်ကုန်မြို့၌ နှစ်စဉ် ကျင်းပနေပြီး ယခုနှစ်တွင် မန္တ လေးမြို့၌ ပထမဆုံးကျင်းပရန် စီစဉ်ခြင်း ဖြစ်သည်။

No comments:

Post a Comment