Saturday, June 8, 2019

အောင်ရဲထွေးအမှု ရုပ်သိမ်းရေးအတွက် တိုင်းတရားလွှတ်တော်ရှိ ဥပဒေအရာရှိ၏ရုံးအထိ လာဘ်ငွေလာပေးခဲ့သည်ဟု တရားလိုစွပ်စွဲသောနေ့များနှင့်ပတ်သက်၍ ယင်းနေ့များတွင် တိုင်းတရားလွှတ်တော်သို့ လာရောက်သည့် ဧည့်ဝင်ဧည့်ထွက်မှတ်တမ်းများကို တရားရုံးက သက်သေခံအဖြစ် လက်မခံ

အောင်ရဲထွေးအမှု ရုပ်သိမ်းရေးအတွက် တိုင်းဥပဒေအရာရှိထံသို့ တိုင်းတရားလွှတ်တော်ရုံးအထိ လာဘ်ငွေများ လာရောက်ပေးခဲ့ခြင်းရှိသည်ဟု တရားလိုစွပ်စွဲသည့်နေ့များ နှင့်ပတ်သက်၍ ယင်းနေ့များ၏ ဧည့်ဝင်ဧည့်ထွက်မှတ်တမ်းများကို စွပ်စွဲခံရသူ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ(ဟောင်း) ဦးသိန်းဇော်ဘက်က သက်သေခံအဖြစ် တင်သွင်းထားမှုကို ဇွန် ၇ ရက်ရုံးချိန်းတွင် တရားရုံးက ပလပ်(ပယ်ချ)ကြောင်း အမိန့်ချမှတ်ခဲ့သည်။



ပြီးခဲ့သည့် မေ ၃၁ ရက် ရုံးချိန်းတွင် အဆိုပါ ဧည့်ဝင်ဧည့်ထွက်မှတ်တမ်းများကို သက်သေခံအဖြစ် လက်ခံရန် သင့်-မသင့် နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည့် ဦးဟန်ထူးပါငါးဦးအား ဇွန် ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ရုံးခန်းအမှတ် (၃) ၌ ရုံး ထုတ်စဉ် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အောင်ရဲထွေး၏မိသားစုဝင်နှင့်အတူ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေရုံးမှ ဒုတိယ ခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်တို့သည် ၂၀၁၈ ခုနှစ် ဇွန် ၁၅ ရက်၊ ဇူလိုင် ၃ ရက်နှင့် စက်တင်ဘာ ၅ ရက် စသည့်ကာလများတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရှိ ဥပဒေအရာရှိ၏ရုံးအထိ လာရောက်ပြီး အောင်ရဲထွေးအမှု ရုပ်သိမ်းရေးအတွက် လာဘ်ငွေများပေးခဲ့သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ တရားလိုဦးမိုးနိုင်က ထွက်ဆိုစွပ်စွဲထားခြင်းဖြစ်သည်။

ယင်းကြောင့် တိုင်းတရားလွှတ်တော်ရှိ ဥပဒေအရာရှိ၏ ရုံးအထိ လာရောက်လာဘ်ပေးသည်ဟု စွပ်စွဲသောနေ့များနှင့် ပတ်သက်၍ စွပ်စွဲခံရသူ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်က ရန်ကုန်တိုင်းဥပဒေချုပ်ရုံး၏ ယင်းနေ့ ဧည့်ဝင်ဧည့်ထွက် မှတ်တမ်းများကို သက်သေခံအဖြစ် တရားရုံးသို့ မေ ၃ ရက်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး မေ ၂၄ ရက်တွင် အဆိုပါဧည့်ဝင်ဧည့်ထွက်မှတ်တမ်း မိတ္တူကို ထပ်မံတင်သွင်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ (ဟောင်း) ဦးသိန်းဇော်သည် တာဝန်ထမ်း ဆောင်နေချိန်တွင် ဧည့်ဝင်ဧည့်ထွက်မှတ် တမ်းနှင့် အခြားအလုပ်ကိစ္စများကို ၎င်းကိုယ် တိုင်စီမံခန့်ခွဲဆောင်ရွက်လေ့ရှိပြီး အဆိုပါ မှတ်တမ်းများပေါ်တွင်လည်း ၎င်းင်း၏လက်မှတ်နှင့် တံဆိပ်တို့ကိုလည်း ရေးထိုးထားသည့်အကြောင်းများကို ဦးသိန်းဇော်၏ရှေ့ နေက တရားလိုဦးမိုးနိုင်အား မေ ၃ ရက် ရုံးချိန်းက မေးမြန်းခဲ့ကြောင်း သိရသည်။

အောင်ရဲထွေးအမှုဖြစ်ပွားစဉ်က ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိချုပ် ဦးဟန်ထူးက ကျပ်သိန်း ၁၅၀၊ ဘလူးလေဘယ်လ်တစ်လုံး၊ အင်္ကျီတစ်ထည်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးက ကျပ်သိန်း ၁၃၀၊ ဂိုးလေဘယ်လ်တစ်လုံး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ်သိန်း ၃၀၊ ပါတိတ်လုံချည်တစ်ထည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၀၀၊ ရဲအုပ်ချစ်ကိုကိုက ကျပ်သိန်း ၃၀၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ်သိန်း ၅၀ ရယူခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

၂၀၁၈ ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌတို့အား သမ္မတအိမ်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး အောင်ရဲထွေးအမှု ရုပ်သိမ်းခြင်း၏ နောက်ခံအကြောင်းရင်းများ၊ အခြားဆက်နွှယ်ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျစိစစ်ပြီး ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ယင်းသို့မှာကြားအပြီးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ်သတ်မှတ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍စစ်ဆေးရာမှ တံစိုးလက်ဆောင်ရယူမှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

No comments:

Post a Comment