Saturday, June 8, 2019

တောင်တက်ကြိုးမသုံးခြင်းသည် အလွန်ပေါ့ဆမှုဖြစ် ထိုက်တန်သည့်အပြစ် မျှော်လင့်နေဟု မစိမ့်ထက်ဖခင်ဆို

ဖန်ဂရန်ရာဇီ ရေခဲတောင်တက် ခရီးစဉ်တွင် ပြုတ်ကျသေဆုံးသွားသော မစိမ့်ထက်ကဲ့သို့အဖြစ်ဆိုးမျိုး တောင်တက်သမားများ ထပ်မဖြစ်စေရန် ပေါ့ဆသည့် တောင်တက်ခေါင်းဆောင်နှစ်ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်မည်ဟု ယုံကြည်ကြောင်း မစိမ့်ထက်၏ဖခင် ဦးမောင်မောင်လေးက ပြောဆိုသည်။



မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျင်ဦး ခေါင်းဆောင်သော မစိမ့်ထက်အတွက် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်မှုပြီးစီးကြောင်း ဇွန် ၇ ရက်က ရန်ကုန်မြို့ ၃၁ လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ Central ဟိုတယ် ကျောက်စိမ်းခန်းမတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ မစိမ့်ထက်၏ဖခင်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

"သမီးလေးကို ဆုံးရှုံးလိုက်ရတာ ဘယ် အရာနဲ့မှ တိုင်းတာလို့မရတဲ့ ဆုံးရှုံးမှုမျိုးဖြစ် တဲ့အတွက် နောက်နောင် ဒီလိုအဖြစ်ဆိုးမျိုး နဲ့မကြုံရအောင် ခေါင်းဆောင်နှစ်ယောက်ရဲ့ ပေါ့ဆမှုနဲ့ ညီမျှတဲ့ ပြစ်ဒဏ်ကို တရားဥပဒေ က ချမှတ်နိုင်မယ်လို့ မိသားစုနဲ့ သမီးလေးရဲ့ သူငယ်ချင်း အသိုင်းအ၀ိုင်း၊ လူ့အသိုင်းအ၀ိုင်း ကလည်း ယုံကြည်နေကြပါတယ်။ သူတို့နဲ့ ထိုက်တန်တဲ့ အပြစ်မျိုး မျှော်လင့်နေပါတယ်။ ဒါက မဖြစ်သင့်ဘဲ ဖြစ်ခဲ့ရတာလေ။

တက်နေရင်း ရေခဲတောင်ပြိုကျလို့ရေခဲပိတာဆို တစ်မျိုး၊ ကုသိုလ်ကံ အရ ဆိုလက်ခံလို့ရသေးတယ်။ အခုလက်ရှိကဒီလောက်ချောက်ကြီး ပေ ၄၀၀၀ လောက်နက်တဲ့ နေရာဘေးက ဖြတ်သွားတဲ့အချိန် တောင်တက်ကြိုးကိုမသုံးဘူးဆိုတာ အလွန်ကို ပေါ့ဆတဲ့ပေါ့လျော့မှုလို့ ထင်တယ်။ကျွန်တော်သိသလောက်ဒီတောင်တက်ကြိုးကို ထမ်းခ ငွေနှစ်သိန်းကိုသူချွေတာလိုက်တာဆိုတာသိရတယ်။ ငွေနှစ်သိန်းနဲ့အသက်တစ်ချောင်းကိုလဲလိုက်တာပဲ"ဟု မစိမ့်ထက်၏ ဖခင်ဦးမောင်မောင်လေးက ပြောဆိုသည်။

မစိမ့်ထက်သည် ပြီးခဲ့သည့်ဧပြီ ၁၂ ရက်က The Sumitter တောင်တက်အဖွဲ့နှင့် ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ဖန်ဂရန်ရာဇီ ရေခဲတောင်ကို အောင်မြင်စွာတက်ရောက်ပြီး ပြန်အဆင်းတွင် အမြင့် ပေ၁၂၀၀၀ခန့်၌ တောင်ပေါ်မှ ခြေချော်ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ခြေချော်ပြုတ်ကျခဲ့သော မစိမ့်ထက်ကိုရှာဖွေမှုများ ပြုလုပ်ရာ မေ၂၄ရက်တွင်သေဆုံးနေသော အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး မေ၂၇ရက်တွင် ပူတာအိုမြို့သို့ ရောက်ရှိကာမေ၂၉ရက်တွင် အလောင်းကို ရင်ခွဲစစ်ဆေးခဲ့ပြီး မေ ၃၀ရက်တွင် ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ခဲ့သည်။ မစိမ့်ထက်၏ အလောင်းကို ဒေသခံလမ်းပြသုံးဦး၊ အထမ်းသမားငါးဦးပါဝင်သော ရှာဖွေကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

"မြန်မာနိုင်ငံခြေလျင်နဲ့တောင်တက်အဖွဲ့က မစိမ့်ထက်ကို ရှာဖွေရာမှာ တာဝန်ရှိသူတွေက လျှို့ဝှက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ မလိုလားအပ်တဲ့ကိစ္စတွေ ပါဝင်လာပြီး ရှာဖွေကယ်ဆယ်ရေးမှာ အနှောင့်အယှက်ဖြစ်မှာကြောင့်ပါ။ ရုပ်အလောင်းကို စတင်ပြုတ်ကျခဲ့တဲ့ လျှိုအတွင်းက ၂၄ ရက်မှာ ရှာတွေ့ခဲ့တာပါ"ဟု မစိမ့်ထက်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် မနန်းကေသီခိုင်ကပြောဆိုသည်။

လက်ရှိအချိန်တွင် မစိမ့်ထက်၏ဖခင်က The Sumitter တောင်တက် အဖွဲ့ခေါင်းဆောင်နှစ်ဦးကို ပုဒ်မ- ၃၀၄ (က)ဖြင့်အမှုဖွင့်ထားပြီးအမှုကိုစတင်စစ်ဆေးနေပြီဖြစ်ကာ မစိမ့်ထက်၏ဖခင်မှာလည်း အမှုစစ်ဆေးခံရန် ယခုရက်ပိုင်းအတွင်း ပူတာအိုသို့ သွားရောက်ရမည်ဖြစ်သည်။

No comments:

Post a Comment