Saturday, June 8, 2019

ရန်ကုန်မြို့၌ ဆင်းရဲသော အိမ်ထောင်စုရာခိုင်နှုန်း ၈၀ ကျော်မှာ တရားဝင်မဟုတ်သော နေရာများမှငွေချေးယူနေကြပြီး အတိုးနှုန်းမြင့်မားသည့် ကြွေးမြီတင်ရှိမှု ကျယ်ကျယ်ပြန့်ပြန့်ရှိနေဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ

ရန်ကုန်မြို့၌ ဆင်းရဲသောအိမ်ထောင်စု ရာခိုင်နှုန်း ၈၀ ကျော်မှာ တ ရားဝင်မဟုတ်သော နေရာများမှ ငွေချေးယူနေကြပြီး အတိုးနှုန်းမြင့်မားသည့် ကြွေးမြီတင်ရှိမှု ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေကြောင်း ဇွန် ၆ ရက်က ရန်ကုန်မြို့ရှိ Sule Shangrila ဟိုတယ်တွင် ကျင်းပသည့် “Myanmar Urbanization : Creating Opportunities for All” အစီရင်ခံစာ ထုတ်ပြန်ပွဲမှ သိရသည်။



ရန်ကုန်မြို့ရှိ ဆင်းရဲသောအိမ်ထောင်စုများအား စစ်တမ်းကောက်ယူချက်အရ အိမ်ထောင်စုများ၏ ၈၆ ရာခိုင်နှုန်းသည် တရားဝင်မဟုတ်သည့်နေရာများမှ ငွေချေးယူကြပြီး အတိုးနှုန်း ရာခိုင်နှုန်း ၂၀ အထက် ပေးကြ ရသည်ကို တွေ့ရကြောင်းနှင့် အတိုးနှုန်းမြင့်မားသည့် ကြွေးမြီတင်ရှိမှု ကျယ်ကျယ်ပြန့် ပြန့် တည်ရှိနေကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မြို့ပြဆင်းရဲမှု သိသာထင်ရှားစွာ လျော့ကျနေပြီးဟု ဆိုနိုင်သော်လည်း မြို့ပြဆင်ခြေဖုန်းတွင် နေထိုင်သော ဆင်းရဲသည့် အိမ်ထောင်စုများစွာတို့သည် ဆင်းရဲချို့တဲ့စွာနေထိုင်ကြရပြီး နေထိုင်မှုအခြေခံလိုအပ်ချက်များ ပြည့်မီရန် ရုန်းကန်နေကြရကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ကာလရှည်ကြာစွာ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများကို စားသုံးနေကြရပြီး ကျန်းမာရေးအတွက် ဝင်ငွေ၏ ပမာဏအတော်တော်များများကို အသုံးပြုနေရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ အိမ်ထောင်စုများအား စီးပွားရေးအရ ကျယ်ကျယ်ပြန့်ပြန့် အဓိကရိုက်ခက်မှုများမှာ ငွေလဲနှုန်းမတည်ငြိမ်ခြင်း၊ ဝယ်လိုအား၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ် စသည့်ရိုက်ခက်မှုများကြောင့် အခြေခံစားကုန်နှင့် လူသုံးကုန်ဈေးနှုန်းများ အတက်အကျဖြစ်စေသည်ဟု ဖော်ပြထားသည်။

မြို့ပြလူဦးရေထဲတွင် တရားမဝင်အခြေချနေထိုင်သူများဆိုင်ရာ တစ်နိုင်ငံလုံး အဆင့် ကိန်းဂဏန်းအချက်အလက်များမရှိသေးသော်လည်း ဆင်းရဲသားရပ်ကွက်တွင် နေထိုင်သူမှာ မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ရာ ခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကြားရှိသည်ဟု ခန့်မှန်းထားကြောင်း အဆိုပါ “Myanmar Urbanization : Creating Opportunities for All” အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာတွင် တန်ဖိုးသင့်အိမ်ရာများကို ရရှိနိုင်ခွင့်အကန့်အသတ်သာရှိသဖြင့် တရာမးဝင်ကျူးကျော်အခြေချနေထိုင်မှုကို ဖြစ်ပေါ်စေကြောင်း ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့၏ အိမ်ရာတည်ရှိမှု အခြေအနေကို ဖော်ပြထားသည်။

မကြာသေးမီက မြို့ပြလူဦးရေတိုးတက်မှုနှင့် မြို့ပြမြေဈေးနှုန်း မြင့်မားမှုများကြောင့် မြို့ကြီးများ အထူးသဖြင့် ရန်ကုန်တွင် တန်ဖိုး သင့်အိမ်ယာများ အဓိကရှားပါးနေကြောင်း၊ စီးပွားရေးလွတ်လပ်ခွင့် ရရှိပြီးကတည်းက အထပ်မြင့်တိုက်ခန်းများ၊ အဆင့်မြင့်ကွန်ဒိုခန်းများကိုသာ ဆောက်လုပ်နေကြသဖြင့် တန်ဖိုးသင့်အိမ်ရာများနှင့် မြို့ကြီးများ၏ အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများကို ပိုမိုအလေးပေးရန် လိုအပ်နေကြောင်းလည်း ဖော်ပြထားသည်။

No comments:

Post a Comment