Monday, May 20, 2019

သတိထားရမည့် ထောင်ချောက်

‘‘ပြည်သူလူထုကြီးကလည်း ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခထောင်ချောက်ထဲသို့ မ၀င်မိစေရန် ဂရုစိုက်ကြစေလိုပါတယ်။ မိမိတို့အား အာရုံပြောင်း လမ်းကြောင်းလွှဲတဲ့ အဖြစ်အပျက်များကို လည်း သတိပြုကြစေလိုပါတယ်။ လှုံ့ဆော်ဖန်တီးမှုများကိုလည်း စိတ်ခံစားမှုဖြင့် မတုံ့ပြန်မိကြရန် သတိရှိကြစေလိုပါတယ်’’ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို နှစ်ဆန်းတစ်ရက်(ဧပြီ ၁၇ ရက်) တွင် ပြောကြားခဲ့ရာ ထည့်သွင်းမှာကြားသောစကားဖြစ်၏။ သမ္မတ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောပြီး တစ်လမတိုင်ခင်မှာပင် ကြို တင်သတိပေးထားသည့်အတိုင်း ရန်ကုန်မြို့တွင်ဘာသာရေးပြဿနာ ပေါ်ပေါက်စေရန် ကြိုးပမ်းမှုတစ်ခုကြုံရပြန်သည်။

၂၁ ရာစုရောက်သည့်တိုင် ကောက်ကျစ်သောနိုင်ငံရေးသမား များအသုံးချနေဆဲ အကွက်ဟောင်းဖြစ်သည့်ဘာသာရေး၊ လူမျိုးရေး အသွင် ပဋိပက္ခဖန်တီးကာ လက်ရှိအစိုးရအခက်တွေ့စေပြီး နိုင်ငံ မ တည်မငြိမ်ဖြစ်စေရန် ရည်ရွယ်သောလှုပ်ရှားမှုဖြစ်ကြောင်း ပြည်သူ အများစုသိပြီးဖြစ်ပါသည်။ အကွက်ဟောင်းဖြစ်သော်လည်း တရား ဥပဒေစိုးမိုးမှုအားနည်းသောနိုင်ငံအတွက် အန္တရာယ်ကြီးလှပါသည်။ သို့သော် ယခုတစ်ကြိမ်တွင်လည်း ပြည်သူများက လိမ္မာပါးနပ်စွာဖြင့် ထောင် ချောက်အတွင်းမ၀င်မိအောင်ရှောင်ရှားနိုင်ခဲ့ပါသည်။သို့သော်တိုင်းအစိုးရနှင့် တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသောရဲတပ်ဖွဲ့ ၏ကိုင်တွယ်ပုံမှာ ပြည်သူများကြား မေးခွန်းထုတ်စရာဖြစ်နေသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ၂၆၊ ၆၄၊ ၁၀၆ ရပ်ကွက်တို့တွင် မေလ ၁၄ ရက်နှင့် ၁၅ ရက်တွင် အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လ ၀တ်ပြုဆုတောင်းသော နေအိမ်သုံးအိမ်သို့ အမျိုးသားရေးလှုပ်ရှားသူ ၁၀၀ ကျော်က သွားရောက်ဖိအားပေးတားမြစ်ခဲ့သည်။ ဒဂုံမြို့သစ်တောင် ပိုင်းမြို့နယ်တွင် ဗလီမရှိဘဲ ဥပုသ်လတွင် ၀တ်ပြုဆုတောင်းရန်နေရာကို နှစ်စဉ်အာဏာပိုင်များထံ ခွင့်ပြုချက်လျှောက်ထားရခြင်းဖြစ်သည်။ ယခင်နှစ်က ၀တ်ပြုဆုတောင်းရန် နေအိမ် ၁၄ အိမ်ခွင့်ပြုခဲ့ပြီး ယခုနှစ် တွင် နေအိမ် ၁၅ လုံးလျှောက်ထားရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က သုံး နေရာခွင့်ပြုထားသည်။ အဆိုပါနေရာများတွင် ၀တ်ပြုဆုတောင်းနေခြင်း ကို မိုက်ကယ်ကျော်မြင့်ဦးဆောင်သော လူအင်အား ၁၀၀ ကျော်ဖြင့်ဒေသ အာဏာပိုင်များထံအသိပေးပြီး ဖိအားပေး၍ ၀တ်ပြုဆုတောင်းခြင်းမပြု ရန် တားမြစ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလူအုပ်စုတွင် ဒေသခံများမပါဘဲ မျက်နှာစိမ်းဖြစ်ကာ အချို့သည် တုတ်၊ ဓားလက်နက်အချို့ယူဆောင်လာ ပြီး အခင်းဖြစ်ပွားနေစဉ် ရဲများရှေ့မှာပင် အလွတ်တန်းသတင်းထောက် တစ်ဦးကို ခေါ်ယူစစ်ဆေးပြီး ကားတစ်စီးကို ရပ်မပေးဟုဆိုကာ ကျောက် ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ရဲတပ်ဖွဲ့များရှေ့မှာပင် တိုင်းဒေသကြီးအစိုးရခွင့်ပြုချက်ဖြင့် ၀တ် ပြုဆုတောင်းသောနေရာကို မင်းမဲ့စရိုက်ဆန်ဆန်ဖိအားပေး၍ တားမြစ် ခဲ့ခြင်းကို ရဲတပ်ဖွဲ့က ထိရောက်စွာတားဆီးနိုင်ခဲ့ခြင်းမရှိ၍ ပြည်သူများ ကြားဝေဖန်နေသည်။ ထို့အပြင် အခင်းဖြစ်ပွားချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မည်သူမျှသွားရောက်ခဲ့ခြင်းမရှိသလို နောက်တစ်နေ့အမှု ဖွင့်သောအခါ တစ်ဖွဲ့လုံးကိုမဖွင့်ဘဲ နှစ်ဦးကိုသာ အမှုဖွင့်ခြင်းအပေါ် ဝေဖန်မှုများလည်း ရှိသည်။

၂၀၁၂ တွင် ရခိုင်ပြည်နယ်ကျောက်နီမော်ဖြစ်စဉ်နောက်ပိုင်း မိတ္ထီ လာ၊ ဥက္ကံ၊ လားရှိုး၊ မန္တလေးစသောမြို့များတွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများကြောင့် အစိုးရအကျပ်အတည်းတွေ့ခဲ့သလို နိုင်ငံဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး နိုင်ငံနှင့် ဗုဒ္ဓဘာသာပုံရိပ်တို့ကိုလည်း များစွာထိခိုက်စေခဲ့ သည်။ ဗုဒ္ဓဘာသာသည် နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ် ထူးဝိသေသနှင့် ပြည့်စုံသောဘာသာသာသနာဖြစ်ပြီး ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို နိုင်ငံ အတွင်းရှိနေသော ဘာသာအဖြစ်အသိအမှတ်ပြုကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဘာသာပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်နေသဖြင့် နိုင်ငံနှင့်သင့်လျော်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အကောင်အထည်ဖော်ရန် လက်ရှိအစိုးရက ကြိုးပမ်းနေသော်လည်း နိုင်ငံရေးတွင် ဘာသာရေးကို အလွဲအသုံးမချရန် တားမြစ်ထားသော် လည်း လက်မည်းကြီးများဖြင့် ဘာသာရေး၊ လူမျိုးရေးပြဿနာဖန်တီးနေ သော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှာလည်း ရှိနေဆဲပင်။ ထို့ကြောင့်ပင် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်စောင့်ကြည့်နေသည့် အမေရိကန် အဖွဲ့အစည်း(USCIRF)က ၂၀၁၈ တွင် ထုတ်ပြန်သော အစီရင်ခံစာအရ ကမ္ဘာပေါ်တွင် ဘာသာရေးလွတ်လပ်ခွင့်ကို အချိုးဖောက်ဆုံး ၁၀ နိုင်ငံ စာရင်းတွင် မြန်မာပါဝင်နေခြင်းဖြစ်၏။ သို့သော် ယခုအခါ ပြည်သူများက ဘာသာရေးပဋိပက္ခထောင် ချောက်များကို ပိုမိုသိလာပြီး ဘာသာတရား၏အဆုံးအမများနှင့်အညီ ငြိမ်းချမ်းစွာနေထိုင်ရန် ပိုမိုအားထုတ်လာကြပြီဖြစ်သည်။ အစ္စလာမ်ဘာ သာဝင်တို့ ၀တ်ပြုဆုတောင်းသည့်သုံးနေရာတားမြစ်ခံရပြီးနောက် အာရှ အလင်းရောင်ဆရာတော်ကြွရောက်၍  အားပေးခဲ့သလို ပိတ်ပင်ခံရမှု အပေါ် စာနာထောက်ထားမှုကိုပြသသည့်အနေဖြင့် ငြိမ်းချမ်းရေးလိုလား သည့်လူငယ်များက အစ္စလာမ်ဘာသာဝင်များအား နှင်းဆီပန်းအဖြူများ ပေးသည့် ‘နှင်းဆီဖြူလှုပ်ရှားမှု’ ကို မေလ ၁၇ ရက်တွင်ပြုလုပ်ခဲ့သည်။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနေထိုင်သည့်နိုင်ငံတွင် မျက်ကန်းမျိုးချစ် စိတ်မှာ အန္တရာယ်ကြီးမားပြီး ပြည်သူအချင်းချင်း သဟဇာတ၊မျှတအောင် အပြန်အလှန်လေးစားစာနာစွာ မေတ္တာတရားဖြင့် နေထိုင်ပါမှပဋိပက္ခ ထောင်ချောက်များကို ရှောင်ရှားနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ကို နိုင်ငံ သားတိုင်း သတိချပ်ရန် အရေးကြီးပါသည်။

No comments:

Post a Comment