Monday, May 20, 2019

ဗြိတိန်မြို့တွေမှာ သစ်ပင် တစ်သိန်းသုံးသောင်းစိုက်မည်

ဗြိတိန်နိုင်ငံရဲ့ မြို့တွေမှာ သစ်ပင်ပေါင်း တစ်သိန်းသုံးသောင်းကို စိုက်ပျိုးတော့မှာဖြစ်ပါတယ်။ ကမ္ဘာကြီးအပူချိန်မြင့်မားလာမှုကို ကဏ္ဍတစ်ခုအနေနဲ့ တိုက်ဖျက်တာဖြစ်ပြီး အဲဒီလို စိုက်ပျိုးပြီးတဲ့နောက်မှာလဲ ၃ နှစ်တိုင်တိုင် ထိန်းသိမ်းစောင့်ရှောက်ပေးမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို မြို့ပြသစ်ပင်စိုက်ပျိုးရေးစိန်ခေါ်မှုဆိုင်ရာ ရံပုံငွေနဲ့ အကောင်အထည်ဖော်မှာဖြစ်ကြောင်း ဗြိတိန်နို်င်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီး မိုက်ကယ်ဂပ်ဗ်က ဒီကနေ တနင်္ဂနွေနေ့မှာ့ ကြေညာလိုက်တာဖြစ်ပါတယ်။



သစ်တောရေးရာကော်မရှင်က ကြီးကြပ်ကွပ်ကဲမယ့် ဒီ သစ်ပင်စိုက်ပျိုးမှု အစီအစဉ်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီပါဝင်ချင်ရင်လဲ ပါဝင်လို့ရပြီး၊ ဒေသဆိုင်ရာအာဏာပိုင်တွေ၊ ပရဟိတအဖွဲ့အစည်းတွေနဲ့ NGO တွေပါဝင်နိုင်အောင်လဲ အခွင့်အရေးဖွင့်ပေးထားပါတယ်။

သစ်ပင်တွေစိုက်ပျိုးဖို့နဲ့ အဲဒီအပင်တွေ ကြီးလာပြီး စိမ်းလမ်းစိုပြည်လာတဲ့အထိ ၃နှစ်ကြာ စောင့်ရှောက်ဖို့ကိုလဲ ထောက်ပံ့ငွေတွေပေးဦးမှာပါ။

”ခုလို သစ်ပင်တွေစိုက်ပျိုးတာဟာ လူတွေနေထိုင်လုပ်ကိုင်နေကြတဲ့ ပတ်ဝန်းကျင်မှာ သစ်ပင်တွေရှိနေတာကြောင့် ဘယ်လိုခြားနားတဲ့ အကျိုးကျေးဇူးတွေရတယ်ဆိုတာ ကျွန်တော်တို့သိလာရမှာပါ”လို့ သစ်တောရေးရာကော်မရှင်ဥက္ကဌ ဆာဟာရီစတပ်ဟုမ်းကပြောပါတယ်။

ဒါဟာ ရုပ်ကြွင်းလောင်စာတွေလောင်ကျွမ်းမှုကနေ ထုတ်လွှတ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေကြောင့် ကမ္ဘာကြီးအပူချိန်မြင့်လာမှုကို တိုက်ဖျက်ရာမှာ သစ်ပင်တွေဟာ အင်မတန်အရေးပါတဲ့ ကဏ္ဍမှာ ရှိနေတယ်ဆိုတာကို လူတွေသိလာအောင်လဲဖြစ်ပါတယ်။ ပြီးတော့ကာ မြို့ထဲမှာရှိနေတဲ့ သစ်ပင်တွေဟာ ဆူညံသံတွေကိုလဲ စုတ်ယူပေးသလို၊ ရေကြီးရေလျှံမှုဖြစ်စဉ်တွေကိုလဲလျှော့ပါးစေပြီး၊ နွေရာသီမှာ အရိပ်လဲရစေပါသေးတယ်။ သစ်ပင်တွေဟာ လူသားတွေကျန်းမာရေးကို အထောက်အကူ အများကြီးပြုပါတယ်။

”ကျွန်တော်တို့ လမ်းမတွေနံဘေးမှာ သာမန်အရိပ်ခိုစရာတွေထက် သစ်ပင်ရိပ်တွေရှိနေဖို့လိုပါတယ်။ သဘာဝနဲ့ဆက်စပ်နေရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ သစ်ပင်စိုက်ပျိုးမှုတွေကို အမြန်ဆုံး တိုးမြှင့်ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်”လို့လဲ သစ်တောရေးရာကော်မရှင်ဥက္ကဌကပြောပါသေးတယ်။

No comments:

Post a Comment