Monday, May 20, 2019

ထင်တိုင်းကြဲ ဓားသမားများအတွက် ရာဇသံ

မန္တလေးသို့ အသစ်ပြောင်းရွှေ့လာသည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ဓားသမားများကို ဖော်ထုတ်ပေးလိုက်သည်။ ညအချိန် ဓားကိုင်ရမ်းကားနေသည့် လူမိုက်များကို ဖမ်းမိရန်အတွက် လာသမျှ ဆိုင်ကယ်၊ မော်တော်ယာဉ်များကို တားဆီး ၍ လက်နက် ပါ မပါ စစ်ဆေးရန်၊ ရဲတပ်ဖွဲ့ဝင်များ အရပ်ဝတ်ဖြင့် ကိုယ်တိုင်အသွင်ယူကာ အကြိုအကြားမှန်သမျှ ပတ်သွား ကြရန် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က ညွှန်ကြားသည်။



ထိုမျှမကသေး အသွင်ယူမည့်ရဲတပ်ဖွဲ့ဝင်များကို သေနတ်များ ထုတ်ပေးထားပြီး ဓားပါသည်ဟုယူဆရသည့် လူရမ်းကားများတွေ့လျှင် ဂျိုကြည့်ကြည့်ကာ ဆိုင်ကယ်လီဗာကို ထီမထင်ဟန်ဖြင့် ဆွဲပြ၊ တစ်ဖက်အဖွဲ့မှ ဓားထုတ်လျှင် မိမိ ဘက်မှလည်း သေနတ်ထုတ်ချိန်ကာ ရဲဖြစ်ကြောင်းပြော၍ ဖမ်းဆီးရမည်ဖြစ်ကြောင်းကိုပါ ထပ်လောင်းညွှန်ကြားထားသည်။

“ခုခံရန်ပြုမယ့်ပုံပေါ်ရင် သေနတ်နဲ့ပစ်ဖမ်း။ ဖြစ်လာတဲ့ကိစ္စ ငါ တာဝန်ယူရှင်းမယ်” ဟူ၍ပင် တပ်ဖွဲ့ဝင်များကို အားပေးထားသေးသည်။

ရဲမှူးချုပ်စိန်လွင်သည် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးအဖြစ်မှ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးအဖြစ်သို့ မေလဆန်းပိုင်းတွင် ပြောင်းရွှေ့ရောက်ရှိခဲ့ပြီးနောက် မန္တလေးတွင် ထင်တိုင်းကြဲနေသည့် ဓားသမားများကို ဖော်ထုတ်နေခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များအနေနှင့် ဥပဒေအရပင် တရားခံများကို ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး မျိုးအောင်က မှတ်ချက်ပေးသည်။

မေလ ၉ ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်မြို့နယ် မင်္ဂလာလမ်း (၇၃ × ၇၄ ကြား) တွင် အရပ်ဝတ်ဖြင့် အသွင်ယူနေသည့် ရဲတပ်ဖွဲ့ဝင်များကို ဓားကိုင်ဆောင်ထားသည့် လူငယ်ခုနစ်ဦး၊ ဆိုင်ကယ်သုံးစီးက မေးမြန်းမခံသည့်အပြင် ပြန်လည်ခုခံသဖြင့် သေနတ်ပစ်ဖောက်ကာ ခြောက်လှန့်ဖမ်းဆီးခဲ့ရလေသည်။

ဓားဖြင့်ခုတ်ရန် ပြေးလာသည့် ၎င်းတို့ကို ရဲတပ်ဖွဲ့ဝင်များဖြစ်၍ ဓားများအောက်ချရန် အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း ဓားဖြင့်ခုတ်ရန်သာ ပြေးလာသဖြင့် သေနတ်တစ်ချက် ပစ်ဖောက်ခဲ့ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

မေလ ၅ ရက်မှ ၁၁ ရက်အထိ နေ့စဉ် အသွင်ယူဖမ်းဆီးခဲ့ရာ တစ်ပတ်အတွင်း အမှုပေါင်း ၁၆၁ မှုအထိ ဖမ်းဆီးနိုင်ခဲ့ခြင်းက ရဲတပ်ဖွဲ့ဝင်တို့၏ လုပ်ဆောင်ချက်ကို သက်သေပြလျက် ရှိသည်။ ယင်းအမှုများမှ အမျိုးသားတရားခံ ၂၁၂ ဦးနှင့် အမျိုးသမီးတရားခံ ၃၃ ဦး၊ စုစုပေါင်း ၂၂၅ ဦးကို အရေးယူနိုင်ခဲ့သည်။

ထူးခြားသည်က မေလ ၁၁ ရက်နေ့ညတစ်ညတည်းမှာပင် အုပ်စုဖွဲ့ရမ်းကားသည့် ဓားသမား ၁၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

“ရဲမှူးကြီး ရောက်ရောက်ချင်းလုပ်တဲ့ စီမံချက်ပေါ့။ သူ့ရဲ့ နည်းဗျူဟာတစ်ခုလို့ ပြောရမယ်။ ဒီလို တကယ်ထိထိရောက်ရောက်လုပ်တာကို ကြိုဆိုတယ်၊ ဝမ်းသာတယ်” ဟု ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက အသိအမှတ်ပြုပြောဆိုသည်။

မှုခင်းမဖြစ်ပွားမီ ကြိုတင်ကာကွယ်သည့်အနေနှင့် ဖမ်းဆီးခြင်းဖြစ်၍ စဉ်ဆက်မပြတ် လုပ်ဆောင်စေချင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဤမျှများပြားသည့် ဓားသမားများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းသည် ကောင်းမွန်သည့် လက္ခဏာဖြစ်သော်လည်း တစ်ဖက်တွင်မူ မန္တလေးမြို့သည် ဓားဆောင်၍ သွားလာနေရသည့်မြို့လားဟု မေးခွန်းထုတ်ဖွယ်အခြေအနေလည်း ဖြစ်နေသည်။

ကြိုတင်ကာကွယ်ခုခံနိုင်ရန်ဖြစ်စေ၊ ရမ်းကားရန်အတွက်ဖြစ်စေ လမ်းမပေါ်တွင် သွားလာနေသည့် ဆိုင်ကယ်များ၊ မော်တော်ယာဉ်များတွင် တုတ်၊ ဓားများကို ဆောင်ထားနိုင်ပြီး ယင်းကို အလွယ်တကူ မသိရှိနိုင်ကြောင်း၊ သွားရင်းလာရင်း ဆောင်ထားသည့် အခြေအနေမှာမူ စိုးရိမ်ဖွယ်ဖြစ်ကြောင်း ဦးမြင့်အောင်မိုးက ပြောသည်။

“သာမန်မိန်းကလေးဆိုရင်တော့ ဆောင်ရဲတဲ့သူ ရှားတယ်။ ဇ ရှိတဲ့သူမို့ ဆောင်တာဖြစ်မယ်” ဟု ဖမ်းဆီးရမိသည့် ဓားသမားများတွင် အမျိုးသမီးများ ပါဝင်နေခြင်းအပေါ် ဦးမြင့်အောင်မိုးက မှတ်ချက်ပေးသည်။

မန္တလေးမြို့တော် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အနေနှင့် ညအချိန်များတွင် လှည့်ကင်း၊ ပတ်ကင်း၊ ဝပ်ကင်းများသာမက အရပ်ဝတ်များဖြင့် အသွင်ယူစုံစမ်းခြင်းသည် ရဲတပ်ဖွဲ့၏ တာဝန်ဖြစ်၍ သူ့တာဝန်သူ ထမ်းဆောင်နေခြင်းသာဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေ က မြင်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်ညပိုင်းက ၇၃ လမ်းပေါ်တွင် ကားတစ်စီးဖြင့် ဆိုင်ကယ်စီးသူများကို ဓားဖြင့်လိုက်ခုတ်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

မေလ ၄ ရက် ညပိုင်းအချိန် ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြားတွင် ဆိုင်ကယ်စီးနေသည့် လူသုံးဦးကို ည ၉ နာရီအချိန်ခန့်တွင် ဆိုင်ကယ်သုံးစီး၊ လူရှစ်ဦးပါ အုပ်စုက ရဲဒင်းဖြင့် ခုတ်၍ ထိုးကြိတ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ယင်းနေ့ နံနက်ပိုင်းကလည်း မူဆယ်သို့ ပို့ရန် လာရောက်အပ်နှံထားသည့် ပစ္စည်းထုတ်အတွင်းမှ ARMSCOR တံဆိပ် ပွိုင့် ၂၂ ကျည်ဆံအတောင့် ၅၀၀ ကို ပြည်ကြီးမျက်ရှင်ကားဝင်းအတွင်းရှိ ကားဂိတ်တစ်ခုတွင် တွေ့ရှိခဲ့ရသည်။

ယင်းသို့သော အဖြစ်အပျက်များသည် မန္တလေးမြို့၏ လုံခြုံရေးကို ထိခိုက်စေသည့်အပြင် အရုပ်ဆိုးအကျည်းတန်စေသည့် ဖြစ်ရပ်များဖြစ်၍ လက်မခံနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ဆိုသည်။

“မီဒီယာမှာ ချက်ချင်းဖြစ် ချက်ချင်းတက်တဲ့ အနေအထားမှာ အရုပ်ဆိုးအကျည်းတန်တဲ့ကိစ္စမျိုး၊ လုံခြုံရေးထိခိုက်စေတဲ့ဟာမျိုးဆို လက်မခံပါဘူး။ အဲဒါကို အလေးထားပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းကပြောသည်။

မှုခင်းကိစ္စများ ဖြစ်ပေါ်လျှင် တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကြောင်းကြားပေးရန်နှင့် လုံခြုံရေးဆောင်ရွက်မှုများကိုလည်း ပူးပေါင်းပါဝင်ပေးရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြည်သူများသို့ တိုက်တွန်းပြောဆိုသည်။

လက်ရှိ ဖြစ်ပေါ်သည့် ရမ်းကားမှုများကို ကြည့်လျှင် စီးပွားရေးကျဆင်းခြင်းနှင့် မူးယစ်ဆေးကြောင့်ဟုပင် ပြောဆိုရမည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) အဖွဲ့ဝင်လည်းဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေက သုံးသပ်သည်။

“အဓိကကတော့ မူးယစ်ဆေးကြောင့်ပဲ။ ဒါကြောင့် လုယက်သတ်ဖြတ်တာတွေ ဖြစ်လာတယ်လို့ မြင်တယ်။ မူးယစ်ဆေးကို နှိမ်နင်းနိုင်ရင် ဒီကိစ္စတွေလည်း ကျွဲကူးရေပါ ပျောက်သွားမယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်အတွင်းကလည်း တုတ်၊ ဓားကိုင်၍ လုယက်ခြင်း၊ ရမ်းကားခြင်းများ ရှိခဲ့သေးဖြင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ပင် မေးမြန်းခဲ့သည့် မှတ်တမ်းများရှိကြောင်း ဦးအောင်ရွှေက ပြောသည်။

ထိုစဉ်က ရဲတပ်ဖွဲ့သည် သိန်းငှက်စီမံချက်ပြုလုပ်ကာ နှိမ်နင်းခဲ့သဖြင့် ပပျောက်ခဲ့လေသည်။

ယခုနှစ် သင်္ကြန်ပြီးနောက်ပိုင်းတွင် ပြန်လည်ဖြစ်ပေါ်လာသည့် ဓားကိုင်ရမ်းကားခြင်းများသည် မူးယစ်ရမ်းကားလိုသူများကြောင့် ပေါ်လာခြင်းဖြစ်နိုင်သကဲ့သို့ နိုင်ငံရေးအခြေအနေကြောင့် ဖြစ်ပေါ်လာခြင်းမျိုးလည်း ရှိနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ဆိုသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များအနေနှင့် စီမံချက်ဖြင့် လုပ်ဆောင်သည့်အပြင် Police Box များဖြင့် စောင့်ကြည့်ခြင်း၊ မြို့တော်အတွင်း တပ်ဆင်ထားသည့် လျှို့ဝှက်ကင်မရာ CCTV များမှ ခြေရာခံခြင်းများကို လုပ်ဆောင်သင့်ကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော် လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးမြင့်အောင်မိုးက အကြံပြုသည်။

မြို့တော်လုံခြုံရေးအခြေအနေသည် ရဲတပ်ဖွဲ့တစ်ခုတည်းဖြင့်လည်း မပြီးသည့်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် Safe City စီမံချက်ကို မကြာမီတွင် စတင်အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ယင်းစီမံကိန်းဖြစ်မြောက်ရေး ဥက္ကဋ္ဌလည်းဖြစ်သည့် တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ဆိုသည်။

ယင်းစီမံချက်ကို ကျပ်သန်းပါင်း နှစ်ထောင်နီးပါးခန့် အသုံးပြုမည်ဖြစ်ကာ တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် ဟွာဝေး (Huawei) နှင့် ပူးပေါင်းလုပ်ကိုင်ရန် မေလကုန်ခန့်တွင် စာချုပ်ချုပ်ဆိုနိုင်မည်ဟု ၎င်းကပြောသည်။

အဆိုပါစီမံချက်အရ မန္တလေးမြို့၏ မြို့တွင်းလမ်းမကြီးများနှင့် လမ်းဆုံမီးပွိုင့်များတွင် AI (Artificial Intelligence) ဟုခေါ်သည့် ဉာဏ်ရည်တုစနစ်ကို အသုံးပြုသည့် လျှို့ဝှက်ကင်မရာ CCTV များကို တပ်ဆင်သွားမည်လည်း ဖြစ်သည်။ ၄၅ နေရာတွင် ကင်မရာအလုံးပေါင်း ၁၅၀ ခန့် တပ်ဆင်မည်ဟု ထုတ်ပြန်ထားသည်။

စီမံကိန်း၏ ပထမအဆင့်အဖြစ် မန္တလေးခြောက်မြို့နယ်အနက် မှုခင်းဖြစ်ပွားမှု များပြားသည့် မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ဆောင်ရွက်နိုင်ရန် ပြီးခဲ့သည့်နှစ်အတွင်းကပင် ကနဦးလေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဦးဇာနည်အောင် က ပြောသည်။

တရုတ်ဟွာဝေးကုမ္ပဏီဖြင့် ပြုလုပ်ရခြင်းသည် ၎င်းတို့၏ နည်းပညာသည် အဆင့်မြင့်သည့်အပြင် အသုံးပြုရန် အဆင်ပြေကြောင်း ပြောဆိုထားသည့်အတွက် လုပ်ဆောင်ရခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် အဓိက ထားကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုထားသည်။

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးရှိမှသာလျှင် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်များ လာရောက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

လက်ရှိ ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် ဒေသခံတို့က ကျေနပ်မှုများရှိသော်လည်း ရမ်းကားမှုများတွင် ပါဝင်သူအချို့ကိုမူ ဖမ်းဆီးရမိခြင်းမရှိသေးသဖြင့် စိုးရိမ်မှုများလည်း ရှိနေသည်။

နိုင်ငံတကာတွင်လည်း မူခင်းဖြစ်ပွားမှုနှင့် ကင်းသည့်ဒေသဟု၍ မရှိသလောက်နည်းပါးပြီး မိမိတို့မြို့တွင်လည်း မှုခင်းဖြစ်ပွားခြင်းထက် ဖြစ်ပွားလျှင် ပြစ်မှုကျူးလွန်သူကို အချိန်နှင့်တစ်ပြေးညီ ဖမ်းဆီးနိုင်ရန်က ပို၍အရေးကြီးသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောသည်။

ထို့ကြောင့် လက်ရှိလုပ်ဆောင်နေသည့် Safe City စီမံချက်မျိုးအပါအဝင် မြို့တော်စည်ပင်နှင့် ရဲတပ်ဖွဲ့မှ တပ်ဆင်ထားသည့် လျှို့ဝှက်ကင်မရာ CCTV များကို အမှန်တကယ် အသုံးဝင်စေချင်ကြောင်း ၎င်းကဆိုသည်။

လူဦးရေနှင့် ရဲတပ်ဖွဲ့ဝင်အရေအတွက် ကွာခြားလွန်းမှုအပေါ် ယင်းကဲ့သို့ လျှို့ဝှက်ကင်မရာများအသုံးပြုခြင်းက ထိရောက်စေမည်ဟုလည်း ၎င်းက ပြောသည်။

အရပ်ဝတ်ဖြင့် အသွင်ယူဖမ်းဆီးနေကြသည့် ရဲတပ်ဖွဲ့ဝင်များသို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်က အောက်ပါအတိုင်း မှာကြားထားသည်။

“အေး။ တစ်ခုပဲပြောလိုက်မယ်။ ကိုယ့်ဆီမှာ သေနတ်ပါလာလျက်နဲ့ ဓားနဲ့ အခုတ်ခံလာခဲ့ရရင်တော့ ပိုနာမယ်သာမှတ်”

ယင်းစကားသည်ပင် ရမ်းကားသည့် ဓားသမားများအတွက် သတိပေးစကားလည်း ဖြစ်လေသည်။

No comments:

Post a Comment