Monday, May 20, 2019

ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းနှင့် ပတ်သက်၍ သမ္မတနှင့် ပြည်ထောင်စုအစိုးရက ဖြေရှင်းဆောင်ရွက်ပေးမှသာ ပြေလည်မှုရရှိမည်ဖြစ်ကြောင်း ဒေသခံအချို့ သတင်းစာရှင်းလင်း

ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီး ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းနှင့်ပတ်သက်၍ သမ္မတနှင့် ပြည်ထောင်စုအစိုးရက ဖြေရှင်းဆောင်ရွက်ပေးမှသာ ပြေလည်မှုရရှိမည်ဖြစ်ကြောင်း ဒေသခံရွာသားအချို့က ပြောကြားသည်။ေ မ ၁၉ ရက်တွင် ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် အောင်သပြေကျေးရွာသားအချို့က ၎င်းတို့ ခံစားနေရသော အခက်အခဲများကို ရှင်းလင်းတင်ပြသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။


“ကျွန်တော်တို့မှာ စားဝတ်နေရေးပြဿနာရှိတယ်။ ကျန်းမာရေးပြဿနာရှိတယ်။ ခုဆိုရင် ကျွန်တော်တို့ တောထဲမှာနေနေရတယ်။ ရွာထဲလည်းမဝင်ရဲဘူး။ ပြီးတော့ ကျွန်တော်တို့ ထမင်းပုံမှန်မစားရတာတွေလည်း ရှိတယ်။ ပြီးတော့ တစ်နေ့လုပ် တစ်နေ့စားတွေပါပါတယ်။ ကျွန်တော်တို့ လက်လှုပ်မှ ပါးစပ်လှုပ်ရမယ့် သူတွေကျတော့လည်း အခုချိန်မှာ စားဝတ်နေရေးတွေ ရွာထဲမှာ တအားဒုက္ခတွေရောက်နေပါတယ်။ အစိုးရကိုတော့ ဒီနေရာမှာ ကျွန်တော်တို့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရက ဒါတွေကို သူတို့ကိုယ်တိုင်ဆင်းပြီး ဖြေရှင်းပေးမှသာ ပြေလည်မှုရနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ အဲဒီလိုပဲ တင်ပြချင်ပါတယ်” ဟု အောင်သပြေကျေးရွာနေ ဦးကျော်ဇေယျက ပြောကြားသည်။

ထို့ပြင် ကျေးရွာပိုင်ရေတွင်း၊ ရေကန်များကိုလည်း သုံးစွဲခွင့်မရှိကြောင်း၊ စက်ရုံက ဘက်ဟိုးများဖြင့်ကုပ်ပြီး ရေတွင်းများပြုလုပ်ကာ ကျေးရွာဆီပေးပို့သည့် ရေများသည် လုံလောက်မှုမရှိသည့်အပြင် သန့်ရှင်းမှုလည်း မရှိကြောင်း၊ ထိုသို့သန့်ရှင်းမှုမရှိသည့်အတွက် ယားယံမှုများဖြစ်ပေါ်ကြောင်း၊ ရေအလုံအလောက် မရရှိသည့်အတွက် နွားများလည်း သေဆုံးရကြောင်း ဦးကျော်ဇေယျက ဆက်လက်ပြောကြားသည်။

“ကျွန်တော်ပြောချင်တာက အခုအစိုးရဘက်က အပြုသဘောနဲ့ မဖြေရှင်းဘဲနဲ့ အကြမ်းဖက်နည်းနဲ့ လုပ်ဆောင်နေတာကိုတော့ ကျွန်တော်တို့ဘက်က ရှုတ်ချတယ်။ ကန့်ကွက်တယ်။ အခုလက်ရှိ ပြည်သူ့အစိုးရ အုပ်ချုပ်စဉ်ကာလမှာ အောက်ခြေမှာ တော်တော်ဆိုးဆိုးရွားရွားကို ကျွန်တော်တို့အပေါ်မှာ လုပ်ဆောင်ခြင်းခံနေရပါတယ်” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

လက်ရှိတွင် ဒေသခံများ အပြင်ထွက်ရန်ပင် မလွယ်ကူကြောင်း၊ ကုမ္ပဏီနှင့် ကျေးရွာသည် အုတ်တံတိုင်းတစ်ခုသာ ခြားပြီး ၂၄ နာရီ အလုပ်လုပ်ကာ မိုင်းများခွဲသည့်အတွက် ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစီမံကိန်းသို့ ကျေးရွာချင်းဆက်လမ်းပေါ်မှ သွားလာလျက်ရှိသည့် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ ကားများကို အောင်သပြေကျေးရွာဒေသခံများက မေ ၁၄ ရက်တွင် စတင်တားဆီးခဲ့ပြီး အဆိုပါတားဆီးမှုကို ရဲတပ်ဖွဲ့ဝင်များက ဖယ်ရှားပေးရန် အကြိမ်ကြိမ်သတိပေး ပြောကြားခဲ့ပြီးနောက် မေ ၁၅ ရက် နံနက် ၅ နာရီ ခန့်တွင် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်များဖြင့် ပစ်ဖောက်လူစုခွဲခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကာ ဒေသခံ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိပြီး ငါးဦးဖမ်းဆီးခံရကြောင်း သိရသည်။

No comments:

Post a Comment