Monday, May 20, 2019

အောင်သပြေကျေးရွာဖြစ်စဉ်ကို ကန့်ကွက်ကြောင်း လူတစ်ချို့ဆန္ဒဖော်ထုတ်

ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ဆန္ဒဖော်ထုတ်နေတဲ့ မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာက ဒေသခံတွေကို တရားစွဲဆိုထားတာတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်းကို ပြည်သူတစ်ချို့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ မေ(၁၉)ရက် ညနေပိုင်းမှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။



အဲဒီ ဘိလပ်မြေစက်ရုံစီမံကိန်းကြောင့် ကျေးရွာအနီး သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ရေအရင်းအမြစ်တွေ ဆုံးရှုံးနေရတယ်လို့လည်း ကိုကျော်မျိုးက ဆိုပါတယ်။ ပြီးခဲ့တဲ့မေ(၁၅)ရက်က ဘိလပ်မြေစက်ရုံကို ထိုင်သပိတ်ဆန္ဒပြနေတဲ့ အောင်သပြေကျေးရွာသားတွေကို ရဲတပ်ဖွဲ့က လူစုခွဲခဲ့ပြီး ကျေးရွာသားအချို့ ရာဘာကျည်ထိမှန်ခဲ့သလို အချို့မှာလည်း တရားစွဲဆိုခံထားရပါတယ်။ ကျေးရွာကို ရဲတပ်ဖွဲ့က ဝန်းရံ ပိတ်ဆို့ထားတဲ့အတွက် ဒဏ်ရာရသူတွေအပြင်ကိုထွက်ပြီး ဆေးကုသခွင့်မရဘူးလို့ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်တဲ့ ကိုဌေးအောင်က ပြောပါတယ်။

ဆန္ဒဖော်ထုတ်တဲ့ ဒီမိုကရေစီအင်အားစုတွေ တောင်းဆိုတဲ့အချက်တွေကတော့ ဘိလပ်မြေစက်ရုံစီမံကိန်း အမြန်ဆုံးရုပ်သိမ်းရေး၊ ဖမ်းဆီးခံကျေးရွာသားတွေကို အမြန်ဆုံးလွှတ်ပေးရေး၊ စွဲဆိုထားတဲ့အမှုတွေ ရုပ်သိမ်းရေး၊ ပိတ်ဆို့ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အမြန်ဆုံးရုပ်သိမ်းရေး စတဲ့အချက်တွေဖြစ်ပါတယ်။

ဆန္ဒဖော်ထုတ်ပွဲအပြီးမှာ ဦးဆောင်သူ ကိုကျော်မျိုးကို ကျောက်တံတားမြို့မရဲစခန်းက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ(၁၉)နဲ့ အမှုဖွင့်လိုက်တယ်လို့ ကျောက်တံတား မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ အဲဒီကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ် ဒီဇင်ဘာလက စတင်ဆောင်ရွက်နေတာဖြစ်ပြီး ဒီစီမံကိန်းကို တားဆီးကန့်ကွက်ခဲ့တဲ့ အောင်သပြေကျေးရွာက ဒေသခံအချို့ ထောင်ဒဏ်တစ်လ ကျခံခဲ့ရသလို လက်ရှိလည်း တရားရင်ဆိုင်နေ ရတဲ့ ဒေသခံအချို့ ရှိနေပါတယ်။

No comments:

Post a Comment