Monday, May 20, 2019

ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား နဖားကြိုး

(တစ်) အခုမနက်ခင်း တိရစ္ဆာန်ဒေးလီး သတင်းစာတွေ စုံနံ့သာမြိုင်တော ထဲက သတ္တဝါအသီးသီးရဲ့လက် ထဲကို ရောက်လာတော့ သတင်း စာမျက်နှာဖုံးမှာ ပါလာတဲ့ စာလုံး အမည်းနဲ့ သတင်းခေါင်းစဉ်ကြီး တစ်ခုက တောကို လှုပ်နိုးသွားစေ သဗျ။ သတ္တဝါတွေ တောဘရိတ် ဖတ်စ်(Breakfast)ဆီမှာ သိပ်ပြီး စိတ်မရှိကြတော့ဘူး။ ဘာတဲ့။



စုံနံ့သာမြိုင်စီးပွာရေး ဦးမော့ ရန် လမ်းစပေါ်တဲ့။ ကျွဲများ၊ နွား များကို တရားဝင်ပို့ဖို့ရာ တောအ ကြီးအကဲတို့ ဆွေးနွေးတဲ့။ ဂျွမ်းတို့ ဒေသက စုံနံ့သာမြိုင်ရှိ ကျွဲ၊ နွား မြားကို ကောင်ရေအမြောက်အ မြား ဝယ်ယူလိုကြောင်း ကမ်းလှမ်း တဲ့။ အဲဒါ။ အဲသည့်သတင်း။ အဲသမှာ တောသတ္တဝါတွေ အား တက်ကုန်ကြတာ။

ကောက်ရိုးတစ်မျှင်၊ မြက် တစ်ပင်အတွက် နေထွက်နေဝင် အချိန်ပေးရတဲ့တော။ စပါးတစ်နှံ ပြောင်းတစ်ဆန်အတွက် နေကုန် နေခန်း ယက်ကန်ရှာဖွေရတဲ့ တော။ စမ်းရေတစ်ပေါက် အပန်း ပြေသောက်ဖို့ လျှိုမြောင်ချောက် ကြား တစ်ထောက်မနားဘဲ အ ရောက်သွားကြရတဲ့တော။ ငှက် ပျောတစ်ဖီး ကြံတစ်စည်းအတွက် ချုံကြိုချုံကြား ကြုံသလို သွားရတဲ့ တော။

ဟော... အခု တောထဲက ကျွဲတွေ၊ နွားတွေကို တရားဝင်ပို့ဖို့ ရာ ဒေသအသစ်တွေကတောင် ကမ်းလှမ်းလာပြီဆိုတော့ကာ စုံနံ့ သာမြိုင် ချမ်းသာမယ့် နိမိတ်။  လန်းဖြာမယ့်အရိပ်။ စီးပွားကောင်းကာ ကြီးပွားကြောင်း လမ်းစပေါ်လာတဲ့ အတိတ်။

 အဲသမှာ တောသတ္တဝါ ကလေးတွေ ပွစိပွစိဖြစ်ကုန်ကြ တော့တာ။

(နှစ်)

အများသိတော်မူကြတဲ့အ တိုင်း စုံနံ့သာမြိုင်စီးပွားရေးက ရှိ တာ အကုန်ထုတ်ရောင်းစီးပွား ရေး။

တူးလို့ ဆွလို့ရတာတွေအ ကုန် ရောင်းသပေါ့။ ကျောက်စိမ်း၊ ပတ္တမြား၊ ရွှေ၊ ကြေးနီ၊ ဓာတ်ငွေ့၊ ပယင်း၊ အင်ကြင်း။ အစုံ။

ခူးလို့ဆွတ်လို့ ရတာတွေအ ကုန် ရောင်းသပေါ့။ စပါး၊ ပဲ၊ နှမ်း၊ ဖရဲ၊ ငှက်ပျော၊ သရက်၊ မန်ကျည်း၊ ဒန့်သလွန်။ အကုန်။

ခုတ်လို့ လှဲလို့ ရတာတွေအ ကုန် ရောင်းသပေါ့။ ကျွန်း၊ ပျဉ်း ကတိုး၊ ပိတောက်၊ ထနောင်း၊ တမာ၊ ထန်း၊ ပေ၊ အင်ကြင်း။ အပြောင်။

ဖမ်းလို့ ဆီးလို့ရတာတွေအ ကုန် ရောင်းသပေါ့။ ငါး၊ ပုစွန်၊ မြွေ၊ ကြက်တူရွေး၊ လိပ်၊ ငါးရှဥ့်၊ တောက်တဲ့၊ မိကျောင်း၊ ဖွတ်၊ ပုတတ်၊ ဇီးကွက်၊ ဥသြ၊ ချိုး၊ မျောက်၊ နှံပြီစုတ်။ သတ္တဝါအနန္တ။

ဘိုးဘွားအမွေအနှစ် အကုန် ရောင်းသပေါ့။ ဆင်ကြီးရဲ့အစွယ်၊ ကျားကြီးရဲ့သားရေ၊ ဆိတ်ကြီးရဲ့ခွာ၊ သမင်ကြီးရဲ့ ချို၊ မြွေကြီးရဲ့အရေခွံ၊ မျောက်ကြီးရဲ့သွေး၊ သိုးကြီးရဲ့အမွေး၊ ဒေါင်းကြီးရဲ့အတောင်၊ ကြက်တူရွေးရဲ့နှုတ်သီး၊ ဝက်ကြီးရဲ့အစွယ်၊ ဝက်ဝံကြီးရဲ့သည်းခြေ၊ ကြောင်ရဲ့အမြုတေ၊ လိပ်ရဲ့အခွံ၊  လင်းယုန်ရဲ့လက်သည်း၊ အမွေးအမှင်၊ အရိုးအရေ၊ အသွေးအသား၊ အဆီအခဲ အားလုံးသော သုံးဆယ့်နှစ် ကောဋ္ဌာသ။

အနို့ကလို သို့ကလိုနဲ့ စီးပွား ရေးပိတ်ဆို့တာ ငါတို့လက်မခံဆို ပြီး ဘုံဝလာတိုင်ရမကွဲ့ စုံနံ့သာ မြိုင်လို့ဆိုကာ ချီတက်ခဲ့ကြတဲ့ တောကြီး။

အဲ...လွန်ခဲ့တဲ့ သုံးလေးငါး နှစ်ကစလို့ တောစပ်ကို ဖြတ်ကာ အန၀တတ် ရေအိုင်က ရေတွေ တသွင်သွင်စီးသလို ကျွဲတွေ၊ နွား တွေပါ အခြားတစ်ပါးသော အရပ် ဒေသများဆီသို့ ခိုးကြောင်ခိုးဝှက် နဲ့ စီးထွက်သွားနေလိုက်ကြတာ များဆိုတာ။

စိနရဋ္ဌလို့ခေါ်တဲ့ စိန့်တိုင်း ပြည်ကြီးရှိရာဘက်ဆီကို ခိုးခိုးပြီး မောင်းနှင်ဝင်ရောက်သွားကြတဲ့ ကျွဲ၊ နွားကောင်ရေက နှစ်စဉ်အ ကောင်ရေ သုံးလေးငါးသိန်းရှိ မယ်ဆိုလား။ ယွန်းလို့ခေါ်တဲ့ လက်အုပ်ချီမိုး အလွန့်အလွန်ရှိခိုး တတ်တဲ့ ပြည်ကလေးရှိရာဘက် ဆီကို တိတ်တဆိတ် နဖားကြိုးဆွဲ ကာ အသွင်းခံကြရတဲ့ ကျွဲ၊ နွား ကောင်ရေက နှစ်စဉ်နှစ်သိန်းခွဲနဲ့ သုံးသိန်းကြားလောက်ရှိမယ်ဆိုပါ ရဲ့။

အဲသမှာ ရှော့ခ် (Shock) ဖြစ်သွားတာ။ အဲလ်ဗင်းတော်ဖ လာ (Alvin Toffler) ဆိုသူကြီးရဲ့ ဖျူးချားရှော့ခ် (Future Shock) လို့ ခေါ်တဲ့ အနာဂတ်သွေးလန့် တာမဟုတ်ဘူး။ အခုဟာက စုံနံ့ သာမြိုင်ရှော့ခ်။ တောဟေဝန် သွေးလန့်တာ။ ဘယ့်နှာလုပ်ကြရ ပါ့။ စုံနံ့သာမြိုင်တစ်တောလုံး ကျွဲ တွေပြုန်းလို့ နွားတွေတုံးသွားကြ ရင် နောင်အနာဂတ်ကို ဘယ့်နှာ လုပ် မျက်နှာပြကြရပေါ့။ သေပြီ ဆရာလို့ သတ္တဝါတွေက မြည် တမ်းရင် ဘယ့်နှာလုပ်ကြရပါ့။

အဲသမှာ ဆောရီးပဲလို့ မဖြစ် ကြရလေအောင် တောအကြီးအ ကဲတွေ အစည်းအဝေးထိုင်ကြရ တာပါ။ What is to be done ပေါ့။ ဘာလုပ်ကြမလဲပေါ့။ ကိုယ့်တောက ကျွဲတွေ၊ နွားတွေ ခိုးကြောင်ခိုး ဝှက် အမောင်းခံနေရမယ့်အစား အမြော်အမြင်ကောင်းကောင်းနဲ့ ပေါ်တင်မောင်းဖို့ ဥပဒေထုတ်ပြန် ကြမယ်ဆိုပြီး ဖြစ်လာတာ။

အဲသမှာ တိရစ္ဆာန်ဒေးလီး သတင်းစာကြီးထဲ အဲသည့်သ တင်း ရေးထည့်ပစ်လိုက်တာ။ မှတ်ကရော။ စုံနံ့သာမြိုင်က သတ္တဝါတွေ သတင်းဖတ်ပြီး ရင်တွေ လှပ်လှပ်လှပ်လှပ်နဲ့။ တို့ဆီက နဖားကြိုးထိုးထားတဲ့ သတ္တဝါတွေ ဈေးကွက်ထဲကို ဆိုင်းသံ၊ ဗုံသံတွေနဲ့ကို ဝင်သွားပဟဆိုပြီး ခြေဖနောင့်တွေ မြောက်ကြွမြောက်ကြွ နဲ့ဖြစ်ကုန်ကြတာ။

(သုံး) ခိုးရောင်းတော့ ခိုးဝယ်သလို ဗြောင်ရောင်းတော့ ဗြောင်ဝယ် ပေါ့။ စိနရဋ္ဌက ဝယ်သပေါ့။ ယွန်း က ဝယ်သပေါ့။ ဂျွမ်းက ဝယ်သ ပေါ့။ မောက ဝယ်သပေါ့။ လောကဝယ်သပေါ့။

တချို့က စားဖို့တဲ့။ တချို့ က ခိုင်းဖို့တဲ့။ ဖွတ်ကျောပြာစု ခရု ဆန်ကျွတ်ဘဝက လွတ်မြောက်စ အရပ်ဒေသကတောင် စုံနံ့သာမြိုင်က ကျွဲတွေ၊ နွားတွေကို ဝယ်ယူဖို့ ကမ်းလှမ်းလာကြလေသတဲ့။

အဲဒါကို တိရစ္ဆာန်ဒေးလီး သတင်းစာကြီးက အားရပါးရ ဖော်ပြလာတာပါ။ စုံနံ့သာမြိုင် ဘာမှ မပူနဲ့။ ငါတို့ဈေးကွက်ဝင်ပြီ ဆိုတဲ့ စတိုင်လ်။

မျက်နှာပြင်ကို ခေါက်လို့ချိုး လို့ရတဲ့ Laptop ကွန်ပျူတာတွေ ထုတ်လုပ်လိုက်ပြီဆိုတဲ့ စတိုင်လ်။ ဘူးလက်ထရိန်း (Bullet Train) ခေါ်တဲ့ ကျည်ဆန်ရထားတွေ ထုတ်လုပ်လိုက်ပြီဆိုတဲ့ စတိုင်လ်။ မောင်းသူမဲ့ မော်တော်ကားတွေ ထုတ်လုပ်လိုက်ပြီဆိုတဲ့ စတိုင်လ်။ မျိုးဆက်သစ်လက်ကိုင်ဖုန်းတွေ ထုတ်လုပ်လိုက်ပြီဆိုတဲ့ စတိုင်လ်။ သြော်...ဟိုတုန်းက စံရွှေမြင့် ကာတွန်းဘုတ်အုပ်ဇာတ်လမ်းက လေးရဲ့ နာမည်က ဝမ်းနည်းရမှာ လား၊ ဝမ်းသာရမှာလား မိသိန်း ကြည်တဲ့။ အခု အဲသည့် မိသိန်း ကြည်နေရာမှာ နဖားကြိုးလို့သာ အစားထိုးလိုက်ချင်မိတော့ပါရဲ့ ဟူလို။။

No comments:

Post a Comment