Monday, May 20, 2019

S-500 ဒုံးကျည်စနစ်ကို ရုရှားနှင့် ပူးတွဲထုတ်လုပ်မည်ဟု တူရကီ ပြောကြား

တူရကီသည် ရုရှားထံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်အား အငြင်းပွားစရာများရှိနေသည့်ကြားမှ ဝယ်ယူခဲ့ပြီး နောက် တူရကီနှင့် ရုရှားသည် S- 500 ဒုံးကာကွယ်ရေးစနစ်ကိုလည်း ပူးပေါင်း ထုတ်လုပ်ကြဦးမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က မေ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ တူရကီသည် S- 400 အား ဝယ်ယူမှုကြောင့် ယခင်ကတည်းက အက်ကြောင်းထင်နေသည့် အမေရိကန်နှင့် ဆက်ဆံရေးတွင် ပိုမိုတင်းမာမှုများ ဖြစ်လာခဲ့သည်။ ရုရှား၏ ဒုံးကျည်စနစ်အား ဝယ်ယူပါက ပိတ်ဆို့အရေးယူမှုများအပါအဝင် အန္တရာယ်တို့နှင့် ကြုံရမည်ဟု အမေရိကန်က တူရကီကို ထပ်တလဲလဲ သတိပေးနေခဲ့ခြင်းဖြစ်သည်။


“တူရကီဟာ S-400 ဝယ်ယူမှုကနေ နောက်ပြန်ဆုတ်မလားဆိုတာ လုံးဝ သံသယရှိစရာမလိုပါဘူး။ ဒါဟာ သဘောတူညီပြီးသားကိစ္စပါ” ဟု အာဒိုဂန်က အစ္စတန်ဘူတွင် ပြောကြားခဲ့သည်။ “S-400 ပြီးနောက်မှာ S- 500 ကို ပူးပေါင်းထုတ်လုပ်ကြဦးမှာပါ” ဟုလည်း အာဒိုဂန်က ဆိုသည်။


တူရကီဘက်က အကြမ်းဖက်သမားဟု ရှုမြင်နေသော ဆီးရီးယားမှ ကာ့ဒ်ပြည်သူစစ်များကို အမေရိကန်၏ ထောက်ခံမှု၊ အာဒိုဂန်ကို ဖြုတ်ချရန် ၂၀၁၆ ခုနှစ်က မအောင်မြင်လိုက်သည့် အာဏာသိမ်းခြင်းအား ကြိုးကိုင်သည်ဟု စွပ်စွဲခံနေရသော မွတ်စလင်ဘာသာရေးဆရာတစ်ဦးအား အမေရိကန်ဘက်မှ လွှဲပေးရန် ပျက်ကွက်မှုတို့အပါအဝင် ပြဿနာများစွာကြောင့် နေတိုးမဟာမိတ်များဖြစ်ကြသည့် တူရကီနှင့် အမေရိကန်ကြားမှ ဆက်ဆံရေးမှာ ယိုယွင်းလာခဲ့သည်။

S-400 အား ဝယ်ယူမှုသည် အနောက်နိုင်ငံတို့၏ ကာကွယ်ရေးအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု ဆိုနေသော အမေရိကန်က ゞင်းတို့၏ ရေဒါရှောင်နိုင်သော F-35 လေယာဉ်များအား တူရကီ၏ ဝယ်ယူမှုကို ရပ်ဆိုင်းရန် လုပ်ဆောင်နေသည်။

လော့ဟိဒ်မာတင်မှ ထုတ်လုပ်သော F-35 များအား မောင်းတက်ရန် သင်ကြားရေးအတွက် တူရကီလေယာဉ်မှူးများသည် အမေရိကန်၌ ရှိနေဆဲဖြစ်သည်။ တူရကီသည် အမေရိကန်ထံမှ F-35 လေယာဉ်အစင်း ၁၀ဝ ခန့် ဝယ်ယူရန် စီစဉ်ထားခြင်းဖြစ်သည်။ အာဒိုဂန်ကမူ အမေရိကန်ဘက်မှ စိတ်ပူနေသည့် အရာများကို ဖြေရှင်းရန် လုပ်ဆောင်ပြီးပြီဖြစ်ပြီး မကြာမီမှာပင် တူရကီတို့သည် F-35 လေယာဉ်များကို ရလိမ့်မည်ဟု အခိုင်အမာ ဆိုနေသည်။ 

No comments:

Post a Comment