Monday, May 20, 2019

တောင်ကြီးမြို့နယ်၊ မြေနီကုန်း ကျေးရွာတွင် မိုးခေါ်သည့်အနေဖြင့် ပစ်လွှတ်သည့် ပအိုဝ်းရိုးရာ လုဖိုင်ပွဲ(ခ) မီးလုံးပွဲ ကို စည်ကားစွာ ကျင်းပ

တောင်ကြီးမြို့နယ်၊ မြေနီကုန်းကျေးရွာတွင် မိုးခေါ်သည့်အနေဖြင့် ပစ်လွှတ်သည့် ပအိုဝ်းရိုးရာ လုဖိုင်ပွဲ(ခ) မီးလုံးပွဲ ကို မေလ (၁၈) ရက်နှင့် (၁၉) ရက်တို့တွင် နှစ်ရက်တာ စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။ ပအိုဝ်းတိုင်းရင်းသားများရဲ့ ရိုးရာဓလေ့ တစ်ခုဖြစ်သော လုဖိုင်ဟု ခေါ်သော မီးရှူးလွှတ်တင်ပွဲကို နွေရာသီတွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး၊ မေလ (၁၈) ရက် ကဆုန်လပြည့်နေ့မှ စတင်၍ မြေနီကုန်းကျေးရွာတွင် ကျင်းပနေခြင်းဖြစ်ပြီး၊ (၁၉) ရက်တွင် အပြီး လွှတ်တင်ရမည်ဖြစ်ကာ၊ ကျေးရွာပေါင်း (၂၀) ရွာတို့မှ မီးလုံးပေါင်း (၃၃) လုံး လွှတ်တင်ခဲ့ခြင်းဖြစ်ကာ၊ ယနေ့တွင် ဆုပေးပွဲကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


“ မနေ့က စလွှတ်တာပေါ့။ ဒီနေ့ဆိုရင် ၂ ရက် အပြီးလွှတ်မှာပေါ့။ မီးလုံး (၃၃) လုံးပေါ့။ မနေ့က (၁၇) လုံး လွှတ်တယ်။ ဘန့်ကွေးရယ် ပေါမူရယ် တတ်နိုင်သလောက်ပေါ့။ ဝင်ကြေး ၂၀ဝ၀ဝ နှစ်သောင်းဆိုလဲ သတ်မှတ်တာပေါ့။ ဆုကြေး ပေးတယ်။ သတ်မှတ်တဲ့ ခိုင်ကြေး နှုတ်တယ်။ ရပ်ရွာမှာတော့ စေတီတွေ ကျောင်းတွေ ပြန်ပြုပြင်တာပေါ့နော်။ ရန်ပုံငွေအဖြစ်လေးပေါ့။ ပအိုဝ်းရိုးရာ ဓလေ့ ၊ ဘိုးဘွားလက်ထက်ထဲ ခုချိန်ထိပေါ့။ ပွဲလုဖိုင် လို့ ခေါ်တယ်။ တောင်ကြီးမှာ ပန်းခြံမှာလဲ အကြီးအကျယ်လုပ်ဖူးတယ်။ စေတီတွေ မှာ နှစ်စဉ်ပွဲကျင်းပတယ်။ တချို့ကလဲ ကွင်းတွေ နေရာလွတ်မရှိတော့ မလုပ်နိုင်တော့ဘူးပေါ့။ လုပ်လို့ မရနိုင်တော့ဘူးပေါ့။ မိုးခေါ်ပွဲ ပြောတာပေါ့။ ထုံးစံအရခေါ်တာပေါ့။ ” ဟု မြေနီကုန်းကျေးရွာ ပွဲကျင်းပရေး ကော်မတီဝင် ခွန်ချစ်စိန် က ပြောကြားသည်။


ပအိုဝ်းရိုးရာ တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသော မီးရှူးလွှတ်တင်ပြိုင်ပွဲကို ပအိုဝ်းဘာသာဖြင့် “လုဖိုင်” ဟု ခေါ်ဆိုပြီး၊ မိုးရွာစေရန် ရာသီဥတု ကောင်းလာစေရန် အတွက် မိုးခေါ်သည့်အနေဖြင့် လွှတ်တင်ကြခြင်း ဖြစ်ကာ၊ လွန်ခဲ့သော နှစ်ပေါင်း ၁၀ဝ ကျော်ထဲက စတင် ကျင်းပလာခြင်း ဖြစ်ကြောင်း “ပအိုဝ်း” စာအုပ် ကို ရေးသားသူ အမျိုးသား စာပေဆုရှင် မောင်ခွန်နွယ်(ခ) ဦးခွန်စိန်ဝင်း က ပြောသည်။

“ မီးရှူးက အရင်ခေတ်က သံပိုက်တွေ မထွက်သေးခင် ဝါးပြောင်းနဲ့ လုပ်တယ်။ သံဖြူကို လိပ်ပြီးတော့ သွပ်ကြိုးနဲ့ချည်ပြီး လုပ်တယ်။ အခုတော့ ရေနံပိုက်တွေနဲ့ လုပ်တယ်။ ရေနံပိုက်ဆိုရင် တစ်ပေကို တစ်သောင်းခွဲ ရှိတယ်။ ၄ ပေ လောက်ဆိုတော့ ခြောက်သောင်း လောက်၊ လုပ်ခနဲ့ ဘာနဲ့ဆိုရင်တော့ များတယ်။ လေးပေ သုံးလက်မပေါ့။ အပျော်အပါးတွေ ပေါ့။ ဘုရားနှစ်စဉ်ပွဲ၊ ပဌာန်းပွဲ ၃ ရက်ပေါ့။ ကဆုန်လပြည့်နေ့တိုင်း နှစ်စဉ် ကျင်းပလာကြတယ်။ ဘိုးဘွားအမွေအနှစ်ပေါ့။ တစ်ရွာနဲ့တစ်ရွာ တွေ့ဆုံပွဲလည်း ဖြစ်ပါတယ်။ မြောက်ရွာ တောင်ရွာ တွေဆိုလဲ သွားရတယ်။ ကိုယ့်ပွဲလဲ လာကြတယ်။ စည်းစည်းလုံးလုံး လေး နေထိုင်ကြတာပေါ့။

ဘေးမဖြစ်အောင် ပေ ၃၀ဝ ပတ်လည် ကို စည်းဝိုင်းလေး လုပ်ထားတယ်။ အဝေးကနေ ကြည့်ပေါ့။ နီးရင်တော့ အန္တရာယ်တွေ ဖြစ်တာပေါ့။ လူထိတာတွေ ဘာတွေ တော့ မရှိဘူးဗျ။ ” ဟု ပွဲကော်မတီဝင် ခွန်စိန်ဝင်း ကေ ပြာကြားသည်။

လုဖိုင် မီးရှူးသည် ၄ ပေရှည်သော ဝါးလုံးထဲတွင် ယမ်းများကို ထည့်ထောင်းထားကာ အဆိုပါ ယမ်းမီးလုံး (လုဖိုင်)ကို ဝါးလုံးရှည်ဖြင့် ချည်နှောင် ထားပြီး၊ သတ်မှတ်ထားသော စင်ပေါ်တင်ကာ ပစ်လွှတ်ရမည့် Goal အတွင်း ရောက်ရှိအောင် ယှဉ်ပြိုင်ရခြင်းဖြစ်ကာ၊ ပေနှစ်ထောင် ပတ်လည် ခန့် ရှိသော Goal-ဂိုးကွင်းထဲသို့ ရောက်ရှိမှသာ အနိုင်အရှုံး ဆုံးဖြတ်ရခြင်းဖြစ်ကာ အလုံးရေများလျှင် အရှေ့ဆုံး ရောက်ရှိသူသည် ပထမဆုကို ရရှိမည် ဖြစ်ကြောင်း စည်းကမ်းချက်များအရ သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ပအိုဝ်းကျေးရွာများ ဖြစ်သော တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ် တို့တွင်လည်း ထိုသို့ လုဖိုင် မီးရှူး လွှတ်တင်ပွဲ များကို ဒေသအလိုက် မိုးခေါ် လုဖိုင် ပြိုင်ပွဲများ လွှတ်တင်ကြကြောင်း သိရသည်။

အဆိုပါ မီးလုံးပွဲ(ခ) လုဖိုင်ပွဲ သည် လူကို အန္တရာယ်ဖြစ်စေတတ်သဖြင့် ဒေသန္တရ တားမြစ်ချက်အရ ကျောက်တစ်လုံးကြီး မြို့နယ်ခွဲ တစ်ခုထဲတွင် ကျင်းပခွင့်မရရှိဘဲ၊ တောင်ကြီးမြို့နယ်၊ စသည့် ပအိုဝ်းဒေသ များတွင် ယနေ့တိုင် ကျင်းပနေကြဆဲ ဖြစ်သည်။

No comments:

Post a Comment