Monday, May 20, 2019

"အိန္ဒိယရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်မိုဒီရဲ့ မဟာမိတ်အုပ်စု အနိုင်ရဖွယ်ရှိဟုဆို"

အိန္ဒိယရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ၅၄၃ နေရာကို မဲပေးရွေးချယ်ကြပြီး ပါတီ သို့မဟုတ် ညွန့်ပေါင်းအုပ်စုတစ်ခုက အစိုးရဖွဲ့စည်းနိုင်ရန် အနည်းဆုံး လွှတ်တော်အမတ် ၂၇၂ နေရာရရှိရန် လိုအပ်ပါတယ်။ေ မ ၁၉ ရက်နေ့က နောက်ဆုံးနေ့အဖြစ် မဲပေးမှုတွေပြီးစီးခဲ့တဲ့ အိန္ဒိယနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် နာရန်ဒါရာ မိုဒီရဲ့ BJP (Bharatiya Janata Party) ပါတီ ဦးဆောင်တဲ့ မဟာမိတ်အုပ်စုက အနိုင်ရဖွယ်ရှိနေကြောင်း မဲဆန္ဒရှင်စစ်တမ်းတွေက ဖော်ပြပါတယ်။



အဆင့် ၇ ဆင့်ဖြင့် မဲပေးရက် ၇ ရက်သတ်မှတ်ကာ ပြုလုပ်ခဲ့တဲ့ အိန္ဒိယရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်မိုဒီရဲ့ BJP ပါတီနဲ့ အဓိက အတိုက်အခံ Congress ပါတီတို့ အားပြိုင်ခဲ့ကြပါတယ်။ အိန္ဒိယရွေးကောက်ပွဲ တရားဝင်ရလဒ်တွေကိုတော့ လာမယ့် မေ ၂၃ ရက်မှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ မဲဆန္ဒရှင်စစ်တမ်းရလဒ်တွေဟာ ယခင်က မကြာခဏ မှားယွင်းခဲ့ဖူးတယ်လို့ ပြောကြပါတယ်။ အိန္ဒိယရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ၅၄၃ နေရာကို မဲပေးရွေးချယ်ကြပြီး ပါတီ သို့မဟုတ် ညွန့်ပေါင်းအုပ်စုတစ်ခုက အစိုးရဖွဲ့စည်းနိုင်ရန် အနည်းဆုံး လွှတ်တော်အမတ် ၂၇၂ နေရာရရှိရန် လိုအပ်ကြောင်းသိရပါတယ်။

အိန္ဒိယရွေးကောက်ပွဲမှာ မဲဆန္ဒရှင်စစ်တမ်းပြုလုပ်ခဲ့တဲ့ အဖွဲ့အစည်းလေးခုရဲ့ စစ်တမ်းရလဒ်တွေအရ BJP ဦးဆောင်တဲ့ National Democratic Alliance (NDA) မဟာမိတ်ပါတီအုပ်စုက အပြတ်အသတ် အနိုင်ရတယ်လို့ ဆိုပါတယ်။ အဆိုပါ မဟာမိတ်အုပ်စုက လွှတ်တော်အမတ်နေရာ ၂၈၀ နဲ့ ၃၁၅ နေရာကြား အနိုင်ရခဲ့ပြီး ပြိုင်ဘက် Congress ပါတီထက် များစွာသာလွန်ကြောင်း သိရပါတယ်။

သို့သော် Nielsen-ABP မဲဆန္ဒရှင်စစ်တမ်းကတော့ BJP မဟာမိတ်အုပ်စုက အမတ်နေရာ ၂၆၇ နေရာ ရရှိခဲ့ပြီး လွှတ်တော်မှာ အများစုဖြစ်ရန် လိုအပ်တဲ့ အမတ်နေရာ အရေအတွက်ကို မပြည့်မီခဲ့ဘူးလို့ ဖော်ပြပါတယ်။ BJP မဟာမိတ်ပါတီအုပ်စုဟာ အူတာပရာဒက်ရှ်ပြည်နယ်မှာ အကြီးအကျယ် ရှုံးနိမ့်ကြောင်း ခန့်မှန်းမှုတွေရှိခဲ့ပေမဲ့ ရွေးကောက်ပွဲမှာ အနိုင်ရဖွယ်ရှိကြောင်း မဲဆန္ဒရှင်စစ်တမ်းပြုလုပ်တဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းတွက်ချက်ခဲ့ကြပါတယ်။

အူတာပရာဒက်ရှ်ပြည်နယ်မှာ လွှတ်တော်အမတ်နေရာ ၈၀ အတွက် ယှဉ်ပြိုင်ကြရတာဖြစ်ပြီး အခြား ပြည်နယ်အားလုံးထက် ပိုများတဲ့အရေအတွက်လည်း ဖြစ်တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာတော့ ဝန်ကြီးချုပ်မိုဒီရဲ့ BJP ပါတီက အူတာပရာဒက်ရှ်မှာ အမတ်နေရာ ၇၁ နေရာ အနိုင်ရခဲ့ပေမဲ့ ယခုနှစ် ရွေးကောက်ပွဲမှာ BJP အနေနဲ့ အမတ်နေရာ ၅၁ နေရာအထိ လက်လွှတ်ဆုံးရှုံးရနိုင်ကြောင်း မဲဆန္ဒရှင်းစစ်တမ်းက ဖော်ပြထားတယ်လို့ သိရပါတယ်။ အိန္ဒိယရွေးကောက်ပွဲမှာ BJP မဟာမိတ်ပါတီအုပ်စု အနိုင်ရရှိပြီး မိုဒီက ဝန်ကြီးချုပ်ရာထူးမှာ ဆက်လက် အာဏာရှိနေမည်လားဆိုတာကိုတော့ မေ ၂၃ ရက်မှာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

No comments:

Post a Comment