Monday, May 20, 2019

ပြည်ပနိုင်ငံများတွင် သုံးစွဲရန် တားမြစ်ထားသည့် P57 Hoodia တံဆိပ် အဆီကျဆေးများကို ပြည်တွင်းရှိ အွန်လိုင်းရှော့ပင်းများ၌ ရောင်းချနေ၍ သုံးစွဲခြင်း မပြုရန် FDA အသိပေး

ပြည်ပနိုင်ငံများတွင် သုံးစွဲရန် တားမြစ်ထားသည့် P57 Hoodia တံဆိပ် အဆီကျဆေးများကို ပြည်တွင်းရှိ အွန်လိုင်းရှော့ပင်းများတွင် တွင်ကျယ်စွာ ရောင်းချနေခြင်းကြောင့် သုံးစွဲခြင်းမပြုရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အသိပေး ကြေညာထားသည်။



P57 Hoodia တံဆိပ် အဆီကျဆေးတွင် Sibutramine ပါဝင်နေသည့်အတွက် USFDA က ၂၀၁၀ ပြည့်နှစ် ကတည်းက ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းထားပြီး Health Canada ကလည်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ကတည်းက ဈေးကွက်မှ ပြန်လည် ရုပ်သိမ်းထားကြောင်းနှင့် ゞင်းဆေးဘူးခွံတွင်လည်း ထုတ်လုပ်သူအမည်ကို Hulking Pharmaceutical ဟုသာ ဖော်ပြထားပြီး ထုတ်လုပ်သည့် နိုင်ငံကိုမူ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

ထို့ပြင် ဆေးဘူးအတွင်းရှိ ဆေးညွှန်းစာရွက်တွင် ဖော်ပြထားသော သောက်သုံးရန် မသင့်သူများမှာ နှလုံးနှင့် ပတ်သက်သော ရောဂါရှိသူများ၊ သွေးတိုးရောဂါရှိသူများ၊ စိတ်ရောဂါရှိသူများ၊ ဆေးစွဲသူ သို့မဟုတ် အရက်စွဲသူများ၊ အသည်းနှင့် ကျောက်ကပ် မကောင်းသူများ၊ ဟိုက်ပါသိုင်းရွိုက်ရောဂါ ရှိသူများ၊ ဆီးကျိတ်ရောဂါ ရှိသူများ၊ ရေတိမ်ရောဂါ ရှိသူများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နို့တိုက်မိခင်များ၊ အသက် ၁၈ နှစ်အောက်နှင့် အသက် ၆၀ ကျော်များဟူ၍ ပါရှိကြောင်း၊ အဆိုးဆုံးမှာ နှလုံးနှင့် ပတ်သက်သော ရောဂါများဖြစ်သည့် Heart Attack နှင့် Stroke ကြောင့် အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်းနှင့် မြန်မာနိုင်ငံတွင်လည်း Sibutramine ဆေးဝါးများ၏ မှတ်ပုံတင်ခြင်း၊ တင်သွင်းခြင်းများ အတွက် ငြင်းပယ်ထားသဖြင့် သုံးစွဲခြင်းမပြုရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ထုတ်ပြန် ကြေညာထားသည်။ ထို့ပြင် ဇန်နဝါရီလ ဒုတိယပတ်အတွင်းက စင်ကာပူနိုင်ငံ ကျန်းမာရေး အာဏာပိုင် အဖွဲ့က ဈေးကွက်မှ ပြန်လည် ရုပ်သိမ်းထားသည့် ဆေးဝါးသုံးမျိုးကို သတိပြုရှောင်ကြဉ်ရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ FDA က ဆေးဝါးများ ဝယ်ယူရာတွင် လမ်းဘေးဈေးသည်များ၊ အွန်လိုင်းများမှ ဝယ်ယူခြင်းကို အထူးသတိပြု ရှောင်ကြဉ်ရန်၊ ယင်းဆေးဝါးများသည် မည်သည့်နေရာမှ ထုတ်လုပ်သည်၊ မည်သို့သော နည်းလမ်းများနှင့် ထုတ်လုပ်ထားသည်၊ မည်သည့်ပစ္စည်းများ ပါဝင်နေသည်ကို အသေအချာ သိနိုင်မည် မဟုတ်ဘဲ ဆေးဝါးအတုများ၊ ရောနှောဆေးဝါးများ သို့မဟုတ် ဈေးကွက်ထဲမှ ရုပ်သိမ်းထားသော ဆေးဝါးများ ဖြစ်နေပါက ဝယ်ယူသုံးစွဲသော သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ အန္တရာယ် ဖြစ်စေနိုင်သောကြောင့် လမ်းဘေးဈေးသည်များ၊ အွန်လိုင်းများမှ ဆေးဝါးဝယ်ယူခြင်းကို အထူးသတိပြု ရှောင်ကြဉ်ရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အသိပေး ကြေညာထားသည်။

No comments:

Post a Comment