Monday, May 20, 2019

သမီးရည်းစားချင်း စကားများရာမှ တူဖြင့်ရိုက်သတ်

ရွှေပြည်သာမြို့နယ် ၀ါးတရာစက်မှုဇုန်ရှိ ဆောက်လုပ်ဆဲ ZYZ အထည် ချုပ်စက်ရုံ၏ အခန်းတစ်ခန်းအတွင်း သမီးရည်းစားချင်းစကားများ ရန်ဖြစ်ရာမှ အမျိုးသမီးကို တူဖြင့်ရိုက်သတ်ခဲ့သည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ြ ဖစ်စဉ်မှာ ဧပြီ ၇ ရက် နံနက် ၇ နာရီခန့်က ယင်းမြို့နယ် အမှတ်(၂၇) ရပ်ကွက်နေ ဒေါ်---သည် သမီးဖြစ်သူ မမာလာဦး(ခ)အားလီမှာ အဆိုပါ အထည်ချုပ်စက်ရုံရှိ ၎င်းနေထိုင်သည့် အခန်းအတွင်း သေဆုံးနေကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။
ယာဘက်ဦးခေါင်းချိုစောင်း ပေါက်ပြဲ မမာလာဦး(ခ)အားလီမှာ ၎င်း၏ အိပ်ခန်းအတွင်း ခုတင်ဘေးသမံတလင်းပေါ်တွင် ယာဘက်ဦးခေါင်းချိုစောင်း ပေါက်ပြဲဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် လှော်ကားနယ်မြေရဲစခန်းသို့ တရား လိုပြုလုပ်တိုင်တန်းခဲ့သည်။

ရဲစခန်းက (ပ)၄၂၆/၂၀၁၉၊ ပြစ်မှုဥပဒေပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ပြီး တိုင်း၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက တရားလိုနှင့် သက်သေများကို စစ်ဆေး ခြင်း၊ အခင်းဖြစ်ရပ်စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ပြီး တရားလို ဒေါ်----၏ ထွက်ဆိုချက်အရ ၎င်း၏ဖုန်းအမှတ် ၀၉-၈၉၈၉၇၄၄၄၂ သို့ သေဆုံးသူ မမာလာဦး (ခ)အားလီက Message များ ပို့ထားခဲ့ကြောင်းစစ်ဆေးတွေ့ရှိခဲ့သည်။

ဧပြီ ၆ ရက် ည ၁၁ နာရီ ၄၇ မိနစ်အထိ သေဆုံးသူ ကိုင်ဆောင်အသုံးပြုခဲ့သည့်ဖုန်းနံပါတ် ၀၉-၈၉၁၅၂၆၃၁၃ ၏ တယ်လီဖုန်းဆက်သွယ်ထားရှိမှု မှတ်တမ်းနှင့် တည်နေရာများ ထုတ်ယူစုံစမ်းခဲ့ရာ ယင်းနံပါတ်သို့ နောက်ဆုံးခေါ်ဆိုခဲ့သည့် ဖုန်းနံပါတ် ၀၉-၄၂၂၉၅၃၀၄၃ ပိုင်ရှင်မှာ ၀ါးတရာစက်မှုဇုန်ပတ်လမ်းနေ တင်ထွန်းအောင်၏လက်ကိုင်ဖုန်းဖြစ်ကြောင်း သိရှိခဲ့သည်။

မေ ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တင်ထွန်းအောင်၏ နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းသည် ဧပြီ ၆ ရက် ည ၁၀ နာရီတွင် အခင်းဖြစ် အထည်ချုပ်စက်ရုံအဆောက်အအုံ မြေညီထပ်လှေကားအနီးရှိ သံပန်းအလုပ်သမားများ ညအိပ်သည့်နေရာအနီးတွင် ဇွဲနိုင်(ခ) အောင်ပိုင်(သေဆုံးသူ၏ရည်းစား) တို့နှင့်အတူ ဘီယာသောက်နေစဉ် ဇွဲနိုင်(ခ)အောင်ပိုင်က ရည်းစားဖြစ်သူ မမာလာဦး (ခ)အားလီကို ၎င်းင်း၏ ဖုန်းနံပါတ် ၀၉-၄၂၂၉၅၃၀၄၃ ဖြင့် ငှားရမ်းခေါ်ဆိုခဲ့ကြောင်း၊ မမာလာဦး(ခ)အားလီ ရောက်လာချိန်တွင် ဇွဲနိုင်(ခ)အောင်ပိုင်နှင့်အတူ ထိုအဆောက်အအုံရှေ့သို့ ထွက်သွားသည်ကို တွေ့ရှိခဲ့ကြောင်း၊ ည၁၂ နာရီ ခန့်တွင် ဇွဲနိုင်(ခ)အောင်ပိုင်သည် သံပန်း အလုပ်သမားများ ညအိပ်သည့်နေရာသို့ရောက်ရှိလာပြီး ''ငါတော့ ပြဿနာတက်ပြီ''ဟု ပြောဆိုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့နောက် မသင်္ကာတရားခံ ဇွဲနိုင် (ခ)အောင်ပိုင်ကို မေ ၁၇ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀တွင် မမာလာဦး(ခ)အားလီ သေဆုံးခဲ့သည့် ထိုအထည်ချုပ်စက်ရုံပေါ်မှာ ဖမ်းဆီးရမိခဲ့ပြီး အသေးစိတ်တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် မမာလာဦး (ခ)အားလီ၏ အခန်းသို့ ဧပြီ ၆ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် ရောက်ရှိခဲ့ကြောင်း၊ အခန်းအတွင်း အခြားအမျိုးသားတစ်ဦးနှင့် အတူတွေ့ရှိမှုနှင့် ပတ်သက်၍ ယခုကဲ့သို့ မပြုလုပ်သင့်ကြောင်း၊အနေအထိုင်ဆင်ခြင်သင့်ကြောင်း ပြောဆိုခဲ့ရာ မမာလာဦး(ခ)အားလီက ၎င်းကို ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာပြီး လက်ဖြင့်ရိုက်၊ တူဖြင့်နှက်ခဲ့သဖြင့် တူကို ပြန်လည်လုယူပြီး မမာလာဦး(ခ)အားလီ၏ ဦးခေါင်းသို့လေး၊ငါးချက်ခန့်ဆက်ရိုက်ခဲ့ရာ လဲကျသေဆုံးသွားခဲ့ကြောင်း စစ်ဆေးပေါ် ပေါက် ခဲ့သဖြင့် သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းပြီးဥပဒေနှင့်အညီ အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment