Monday, May 20, 2019

ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့တွင် ဟွာဝေး အခြေခံအဆောက်အဦများ တည်ဆောင်ခွင့်ပြု

ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမနီအစိုးရတွေက တရုတ် တယ်လီကွန်လုပ်ငန်းကြီး ဟွာဝေးထုတ်တဲ့ 5G ကွန်ယက် အခြေခံအဆောက်အဦတွေကို တည်ဆောက်ဖို့ ခွင့်ပြုလိုက်ပါတယ်။ ဟွာဝေး လုပ်ငန်းထုတ် ပစ္စည်းတွေကို သူတို့ဈေးကွက်ကနေ ပိတ်ပင်ဟန့်တားရေး အမေရိကန်ရဲ့ ဦးဆောင်မှုကို မလိုက်ဖို့ ရွေးချယ်လိုက်ကြတာပါ။ြ ပင်သစ်ဟာ အမျိုးသား လုံခြုံရေးကို ထိန်းသိမ်းရင်း ဟွာဝေးရဲ့ကွန်ရက် အခြေခံ အဆောက်အဦတွေကို ပြင်သစ်နိုင်ငံထဲမှာ တည်ဆောက်ဖို့ ခွင့်ပြုမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းက မြို့တော်ပါရီမှာ ကြာသပတေးနေ့က ပြောပါတယ်။



ဟွာဝေးကို ပိတ်ဆို့တာဟာ ပြင်သစ်ရဲ့ အကောင်းဆုံး အကျိုးစီးပွားမဟုတ်သလို နည်းပညာစစ်ပွဲ ဒါမှမဟုတ် ကုန်သွယ်ရေး စစ်ပွဲဆင်နွှဲဖို့ မသင့်တော်ဘူးလို့ မက်ခွန်းက ပြောပါတယ်။

ဆန်းသစ်တီထွင်မှု တိုးတက်ဖို့၊ စီးပွားရေး ဖွံ့ဖြိုးအောင်လုပ်ဖို့နဲ့ အလုပ်အကိုင်တွေ ဖန်တီးဖို့ ဘက်စုံပါဝင်ရေး ဝါဒနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ယုံကြည်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဂျာမနီနိုင်ငံ ပြည်ထောင်စုကွန်ရက် အေဂျင်စီရဲ့ ဥက္ကဋ္ဌကလည်း ဂျာမနီဟာ ဟွာဝေးကို ပစ်ပယ်ထားမှာ မဟုတ်ဘူးလို့ ကြာသပတေးနေ့က ပြောပါတယ်။

ကွန်ရက်လုံခြုံရေး လိုအပ်ချက်တွေကို ခေတ်မီအောင် လတ်တလောမှာ ဆောင်ရွက်နေပြီး သတ်မှတ်ချက်နဲ့ ပြည့်မီတဲ့ ဘယ်ကုမ္ပဏီကိုမဆို ကွန်ရက်တည်ဆောက်ရေးမှာ ပါဝင်နိုင်တယ်လို့ ပြောပါတယ်။

ဟွာဝေးဟာ ဂျာမနီနိုင်ငံထဲမှာ စည်းမျဉ်းချိုးဖောက် လုပ်ဆောင်တဲ့ သက်သေ မရှိသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ဗြိတိန်ကလည်း သူ့နိုင်ငံအတွင်း 5G ကွန်ယက် တည်ဆောက်ရာမှာ ကူညီခွင့် ပြုခဲ့ပါတယ်။ ဇူလိုင် ၃ ရက်က စပြီး ဗြိတိန်နိုင်ငံထဲမှာ ဟွာဝေးနည်းပညာကိုသုံးပြီး 5G ဝန်ဆောင်မှု ပေးသွားမယ်လို့ ဗြိတိန် တယ်လီကွန်လုပ်ငန်းကြီး ဗိုဒါဖွန်းက ကြေညာခဲ့ ပြီးပါပြီ။

ဟွာဝေးဟာ သူ့ရဲ့နောက်ဆုံးထုတ် 5G စမတ်ဖုန်းကို လာမယ့်လမှာ ဗြိတိန်နိုင်ငံထဲမှာ ဖြန့်ချီတော့မှာပါ။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဟွာဝေးကို အမေရိကန် ကုမ္ပဏီတွေနဲ့ စီးပွားရေး မလုပ်အောင် ကန့်သတ်ဖို့ နာမည်ပျက်စာရင်း သွင်းပြီး ဗုဒ္ဓဟူးနေ့က နိုင်ငံလုံးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

No comments:

Post a Comment