Monday, May 20, 2019

မတရားအသင်း ဆက်သွယ်မှုဆိုင်ရာ ဝိရောဓိ

ဗြိတိသျှကိုလိုနီ အုပ်ချုပ်ခဲ့စဉ်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေအချို့ကို လက်ရှိ ဒီမိုကရေစီ အကူးအ ပြောင်းကာလထိ အရာရောက်နေ ဆဲ၊ အသုံးချနေဆဲဖြစ်သည်။ ထို ဥပဒေများတွင် ၁၉၀၈ က ဗြိတိသျှအစိုးရ ရေးဆွဲခဲ့သည့် မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ သည် နာမည်အကြီးဆုံးဟု ဆိုနိုင်သည်။ ယခင် အာဏာရှင်အဆက် ဆက်က အတိုက်အခံနှင့် ပြည်သူ များအပေါ် ဖိနှိပ်လိုပါက ခေတ် နှင့် မလျော်ညီသော၊ မတရား သော ဥပဒေပုဒ်မများနှင့် တရားစွဲ ဆိုကာ ထောင်ဒဏ်နှစ်ရှည်များ ချမှတ်လေ့ရှိခဲ့သည်။ ထို့အတူ ဒီမိုကရေစီအစိုးရဟု ခေါ်ဆိုနေ သော ဒီချုပ်အစိုးရလက်ထက် တွင် ယခင့်ယခင် အာဏာရှင်များ ကျင့်သုံးလေ့ရှိသည့် ဥပဒေများကို ဆက်လက်ကိုင်စွဲနေခြင်းသည် သင့်လျော်မှု ရှိ၊ မရှိ ဝိဝါဒကွဲလွဲ နေဆဲဖြစ်သည်။


‘‘ကျွန်တော်တို့ နိုင်ငံက ၁၉၄၈ ကတည်းက လွတ်လပ်ရေးရတယ်ဆိုပေမယ့် ဒီဥပဒေကို ဒီနေ့အချိန်ထိ ဆက်သုံးနေတာကို ကြည့်ခြင်းအားဖြင့် ဒါက မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားတွေကို ကိုယ့်အစိုးရနဲ့ ကိုယ့်တပ်မတော် က ပိုပြီးတော့ ဖိနှိပ်ဖို့ပဲ ကြိုးစားနေသလားလို့ ဒီလိုမေးခွန်းထုတ် ရမှာပဲဖြစ်ပါတယ်’’ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က မှတ်ချက်ပြုသည်။

မည်သူမဆို မတရားအသင်း ၏ အဖွဲ့ဝင်ဖြစ်လျှင်၊ သို့တည်း မဟုတ် ယင်းအသင်း၏ အစည်း အဝေးတွင် ပါဝင်ဆောင်ရွက် လျှင်၊ သို့တည်းမဟုတ် ယင်းအ သင်းအတွက် ဝင်ကြေး ထည့်ဝင်၊ ရယူ၊ တောင်းခံလျှင် သို့တည်း တစ်နည်းနည်းဖြင့် ယင်းအသင်း ၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကူညီလျှင် ပုဒ်မ ၁၇ (၁) အရ ၂ နှစ်ထက်မနည်း သုံးနှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကိုပါ စီရင်ခြင်းခံရမည်ဖြစ်သည်။

ပုဒ်မ ၁၇(၂) တွင်မူ မည်သူမဆို မတရားအသင်းကို စီမံအုပ် ချုပ်လျှင်၊ သို့တည်းမဟုတ် စီမံ အုပ်ချုပ်ခြင်းတွင် ကူညီလျှင်၊ သို့တည်းမဟုတ် အဆိုပါ အသင်း တစ်ခုခု၊ သို့တည်းမဟုတ် ထိုအသင်းသားများ၏ အစည်းအဝေး ကို ဆော်သြကမကထပြုလျှင်၊ သို့ တည်းမဟုတ် ဆော်သြကမကထ ပြုရာတွင် ကူညီလျှင် သုံးနှစ်ထက် မနည်း ငါးနှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကိုပါ  စီရင်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။

မတရားအသင်းဆက်သွယ် မှု အက်ဥပဒေနှင့် မကြာခဏ ပတ်သက်နေရသူများတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များမှ ပုဂ္ဂိုလ်များ၊ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေသည့် တိုင်း ရင်းသားဒေသများမှ ဒေသခံပြည် သူများနှင့် သတင်းထောက်အ များစုပါဝင်သည်။ အခြားတစ်ဖက်တွင် ယင်းပုဒ်မဖြင့် အမှုဖွင့်တည် ဆောက်မှု အများဆုံးသည် အစိုးရနှင့် တပ်မတော်ဖြစ်သည်။

ပုဒ်မ (၁၇) နှင့် ဖြစ်စဉ်အချို့

အကျဉ်းထောင်အတွင်းသို့ ရောက်လာသည့် တိုင်းရင်းသား အများစုသည် နိုင်ငံရေးနှင့် ပတ် သက်၍ အကျဉ်းကျခြင်းသည် မည်သည့်အမှုဖြင့် ကျသည်ကိုပင် မသိကြောင်း ၈၈ မျိုးဆက်  ကျောင်းသားခေါင်းဆောင် ဦးမင်း ကိုနိုင်က  မေလ ၉ ရက်တွင် တာချီ လိတ်မြို့၌ ပြုလုပ်သည့် ငြိမ်းချမ်း ရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ တွင် ပြောကြားသည်။

မတရားအသင်း ဆက်သွယ်မှာ စွပ်စွဲချက်ဖြင့် တိုင်းရင်းသား ဒေသများမှ ဒေသခံများစွာတို့နှင့်အကျဉ်းထောင်အတွင်း ကြုံခဲ့ရဖူးကြောင်း နိုင်ငံရေးအကျဉ်းသား ဟောင်းများက ဖွင့်ဟသည်။

‘‘နိုင်ငံရေးနဲ့ ပတ်သက်ပြီး တော့ ရောက်လာတယ်ဆိုတဲ့ တိုင်းရင်းသားတွေဟာ ဘာအမှုလဲလို့ မေးလိုက်ရင် သူ့အမှု သူမသိတာ များတယ်။ သူတို့ပြောတာ တစ်ခုပဲ ဘာလဲဆိုတော့ လက်နက်ကိုင်အဖွဲ့တွေကို ထမင်းချက်ကျွေးမှု၊လမ်းပြမှု၊ လက်ခံစကားပြောမှုကြောင့်၊ ဆက်သွယ်မိတာကြောင့်ပေါ့’’ဟု ဦးမင်းကိုနိုင်က ပြော သည်။

၂၀၁၇ က NCA ရေးထိုးထားသည့် ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို KIA နှင့် ဆက်သွယ်သည်ဆိုကာ မြစ်ကြီးနား- လွယ်ဂျယ်လမ်း၌ ဖမ်းဆီးပြီး တပ် မတော်အရာရှိတစ်ဦးက တရား လိုပြု တရားစွဲဆိုခဲ့သည်။ ယင်း အမှုကို မိုးမောက်မြို့နယ် တရားရုံးက ရှစ်လကျော် စစ်ဆေးပြီး နောက် အမှုမမြောက်ဟု ဆုံးဖြတ်ကာ ဦးမင်းဌေးကို တရားသေပြန် လွှတ်ခဲ့သည်။

ထို့အပြင် ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ကွယ်လွန်သော တပ်ဖွဲ့ဝင်တစ်ဦး၏ နာရေးသို့လာရောက် သည့် ABSDF မြောက် ပိုင်း ဒုဥက္ကဋ္ဌဦးအောင်ဆွေဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦး၊ အရပ်သားတစ် ဦးကို ၂၀၁၈ နိုဝင်ဘာ ၃၀ ရက်က ဖမ်းဆီးခံရ၍ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခံရဖူးသည်။

၂၀၁၈ က တအာင်းလက် နက်ကိုင်အဖွဲ့နယ်မြေသို့ သွား ရောက်သတင်းယူမှုကြောင့်  ဧရာ ဝတီနှင့် DVB သတင်းဌာနတို့ မှ  သတင်းထောက်သုံးဦးသည် မတရားအသင်းဆက်နွှယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့် ဖမ်းဆီးခံခဲ့ရသည်။

ထို့အပြင် ကချင်၊ ရှမ်း မြောက်နှင့် ရခိုင်ပြည်နယ်မှ အရပ် သားအချို့ကိုလည်း မတရားအ သင်း အက်ဥပဒေပုဒ်မဖြင့် အ ရေးယူမှုရှိခဲ့သည်ဟု ဒေသတွင်း လူမှုအဖွဲ့အစည်းများက ဆိုသည်။

‘‘တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ နေထိုင်နေတဲ့လူတွေက တော့ ဒီဥပဒေပုဒ်မနဲ့ တော်တော်လေးကို နစ်နစ်နာနာ ခံစားနေရတာကို ကျွန်တော်တို့ တွေ့ရ တယ်။ ဒီဟာတော့ မဖြစ်သင့်ဘူး။ တကယ်တမ်းကျတော့ သူတို့က သူတို့နေရာမှာ သူတို့နေတာ။ တိုက်ပွဲက သူတို့နေရာကို ရောက်လာတာ။ ဆိုတော့၊ တချို့ဒုက္ခသည်တွေဆိုရင် ဘာရင်ဖွင့်ဖူးလဲဆိုတော့ ကျွန်တော်တို့အတွက်ဘာမှလိုအပ်မှုမရှိပါဘူး။ ကျွန်တော်တို့အတွက် လိုအပ်နေတာက ကျွန်တော်တို့နားမှာ စစ်ပွဲတွေလာမဖြစ်ပါနဲ့၊ ဒီတစ်ခုရတယ်ဆို ရင် ကျွန်တော်တို့ ဘဝက ပြည့်စုံပါ တယ်ဆိုတဲ့အထိ ဒုက္ခသည်တွေ ရင်ဖွင့်ဖူးတာရှိပါတယ်’’ဟု ဦးဘို ကြည်က ပြောသည်။

ပြည်သူများ၏ အနီးဝန်းကျင် နေရာများတွင် စစ်သွားမဖြစ်ပါ က ထိုသူများသည် မတရားအ သင်းဆက်သွယ်မှုအဖြစ် ငြိစွန်းခံနိုင်ဖွယ်မရှိဟုလည်း သုံးသပ် သည်။


AAအဖွဲ့ခေါင်းဆောင်က ပန်ဆန်းမြို့တွင် မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ပုဒ်မ ၁၇ နှင့် မီဒီယာအကျပ်အတည်း

ယခုကာလများအတွင်း ပုဒ်မ ၁၇ အကြောင်းပြု၍ တရား ရင်ဆိုင်နေရသူများတွင် သတင်း ထောက်များလည်း ထိပ်ဆုံးက ပါဝင်လာသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် ပါဝင်မှသာ မတရား အသင်းမှ ကင်းလွတ်ခွင့်ရှိမည် ဖြစ်သည်။ NCA မထိုးမချင်း မတရားအသင်းဟူသော ဘောင် အောက်တွင်ရှိနေ၍ ယင်းအသင်း အဖွဲ့များနှင့် ဆက်သွယ်သတင်း ဖော်ပြနေရသည့် သတင်းထောက် များသည် ဗြိတိသျှအုပ်ချုပ်စဉ်က ပြဋ္ဌာန်းခဲ့သည့် မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မများဖြင့် တရားစွဲခံရနိုင်ခြေရှိနေသည်။

လတ်တလော မတရားအ သင်း ဆက်သွယ်မှုဆိုင်ရာ အက်ဥပဒေဖြင့် တရားစွဲခြင်းကို ရခိုင်အခြေစိုက် DMG သတင်းဌာနကရင်ဆိုင်နေရသည်။ ၂၀၁၈ တွင် ဖြစ်ပွားသည့် မြောက်ဦးမြို့ အဓိကရုဏ်းဖြစ်စဉ် တစ်နှစ်ပြည့်၌ ရေး သားခဲ့သည့် ‘မြောက်ဦးမြို့မှာ  ကြွေတဲ့လ’  သတင်းဆောင်းပါးနှင့် ပတ်သက်၍ အဆိုပါ သတင်းဌာနအယ်ဒီတာချုပ်နှင့် အမှုဆောင် ဒါရိုက်တာ ကိုအောင်မင်းဦးနှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များကို ပြည်ထဲရေးဝန်ကြီးဌာနလက် အောက်ရှိ သတင်းတပ်ဖွဲ့ SB က တရားလိုပြုလုပ်၍ မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇/၂)ဖြင့် မေလဆန်းက အမှုဖွင့်ခဲ့ သည်။

မတရားအသင်းအက်ဥပဒေ   နှင့် တရားစွဲထားပြီး ယခုကဲ့သို့၎င်း   တို့ရေးသားထားသည့် သတင်း များနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းကို DMG သတင်း ထောက်ချုပ် နေ၀င်းစံက မေးခွန်းထုတ်သည်။ DMG သည် သတင်းရေးသားရာတွင် တပ်မတော်၊ AA နှင့် ပြည်သူ့အသံများ ပါရှိရေး အတတ်နိုင်ဆုံးကြိုးစားပြီး သတင်းကျင့်ဝတ်များနှင့်အညီ သတင်း များ ရေးသားတင်ဆက်နေသည့် လွတ်လပ်သည့် သတင်းဌာနတစ် ခုဖြစ်သည်ဟု DMG က စာနယ်ဇင်းကောင်စီသို့ ပေးပို့သည့်စာ၌ ဖော်ပြထားသည်။

‘‘မိမိတို့ သတင်းဌာနအား  တစ်စုံတစ်ရာ အမှုဖွင့်တရားစွဲဆို လောက်သည့် အကြောင်းအရာ  များရှိသည့်တိုင်အောင် နိုင်ငံတော်အစိုးရက တရားဝင်အသိအမှတ် ပြုထားသော မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ (MPC)မှတစ် ဆင့် အခြေအနေအရပ်ရပ်အား ပဏာမအဆင့် လေ့လာစိစစ်သုံး သပ်ပြီး  အကယ်၍ နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍ရသည်များကို ပြေလည် သည်အထိ ညှိနှိုင်းဖြေရှင်းပြီး သတင်းကျင့်ဝတ်နှင့်   ဥပဒေ ကြောင်းအရ   အရေးယူသင့်သည်များကိုလည်း တရားဥပဒေနည်း လမ်းကျစွာဖြင့် လုပ်ဆောင်သင့် သည်ဟု မိမိတို့အနေဖြင့် အကြံပြုထောက်ပြလိုသည်’’ဟု DMG သတင်းဌာနကကောင်စီသို့ အကူ အညီတောင်းခံသည့်စာတွင် ရေး သားထားသည်။

ပုဒ်မ  ၁၇ က သတင်းထောက် တွေကို ခြိမ်းခြောက်နေလား

ပုဒ်မ ၁၇ ဖြင့် ဒေသခံ သတင်း မီဒီယာကို တရားစွဲမှုသည် အထူးသဖြင့် သတင်းမီဒီယာလွတ်လပ် ခွင့်ကို ခြိမ်းခြောက်သည့် သတိပေးမှုပုံစံဖြစ်လာမည်ကို စိုးရိမ်နေကြ သည်။ လက်ရှိ ဖြစ်ပေါ်နေသည့် သာဓကများကြောင့်  မြန်မာ့ သတင်းမီဒီယာ လွတ်လပ်ခွင့် သည် အလွန်စိုးရိမ်ရသည့် အနေအထားတွင်ရှိကြောင်း သတင်းမီဒီ ယာ၌ လုပ်ကိုင်နေသူအချို့က ဆို သည်။

သတင်းထောက်တိုင်း ဦးထိပ်ထားရမည့် မျှတမှုနှင့် ဘက်မလိုက်မှုအရ တစ်ဖက်အဖွဲ့အ စည်းကို အင်တာဗျူးပြုလုပ်ရပြီး ထိုသို့ ပြုလုပ်သည်နှင့် မတရား အသင်းဆက်သွယ်မှု ပုဒ်မဖြင့် ငြိနေစေရန် အစိုးရက တမင်ကြေ ညာထားသည့် သဘောဖြစ်ပြီး ကျိုးကြောင်းဆီလျော်စွာ ရေးသား ခဲ့လျှင်ပင် ထိုပုဒ်မဖြင့် အရေးယူ ခံရနိုင်ကြောင်း၊ သွယ်ဝိုက်သတိပေးသည့် သဘောများဖြစ်လာ ကြောင်း ငြိမ်းချမ်းရေးဆိုင်ရာ သတင်းစာဆရာအချို့က မှတ် ချက်ပြုသည်။

ယနေ့ခေတ်တွင်မူ အစိုးရနှင့် တပ်မတော်က လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးစကား ပြောနေကြရာ မျိုးဆက်သစ် သတင်းထောက်များက  PeaceTalk အရ သတင်းရေးပိုင်ခွင့်ရှိ သည်ဟု ယူဆနေကြောင်းလည်း သုံးသပ်မှုများရှိသည်။

နိုင်ငံတကာတွင် စစ်ပွဲနှင့်ပတ်သက်၍ သတင်းလိုက်နေ သည့် သတင်းထောက်များရှိကာ အဆိုပါ သတင်းထောက်များကို လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့စလုံးက ကာကွယ်ပေးရမည်ဟု သတ်မှတ် ထားချက်များရှိကြောင်း သတင်း ထောက်များက မှတ်ချက်ပြု သည်။

လက်နက်ကိုင်ပဋိပက္ခများ နှင့် ပတ်သက်၍ ရေးသားနေသူ သတင်းထောက်တစ်ဦးက တိုင်းရင်းသား လက်နက်ကိုင်ဒေသ တစ်ခု၌ ပြုလုပ်သည့် အစည်းအ ဝေးတစ်ခုသို့ သတင်းသွားယူရာ တွင် ပုဒ်မ ၁၇(၁)ဖြင့် အရေးယူမည်ဟု သတင်းများထွက်ပေါ် သဖြင့် လုံခြုံရေးစိုးရိမ်ခဲ့ဖူးကြောင်း ပြောပြသည်။

 ‘‘မြန်မာနိုင်ငံမှာတော့ သတင်းမီဒီယာတွေကို ၁၇(၁)နဲ့တရားစွဲခံနေရတာကို ကျွန်တော် တို့ တွေ့ပါတယ်။ ဒါက မဖြစ်သင့်ဘူး။ မလုပ်သင့်ဘူးလို့ပဲ ကျွန်တော်တို့က ပြောချင်ပါတယ်။ သတင်းထောက်တွေဆိုတာ အများပြည် သူသိအောင် သတင်းတွေကို ဖော်ပြရမှာဖြစ်ပါတယ်။ အဲဒီတော့ စစ်ပွဲတွေကိုလည်း သတင်းထောက် တွေက လိုက်ခွင့်ရှိတယ်’’ဟု ဦးဘိုကြည်က ပြောသည်။

တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာဥပဒေတွင် ပါဝင် သည့် ပြစ်ဒဏ်သည် နည်းပါး သဖြင့် အခြားပြစ်မှုပုဒ်မများအရ တရားစွဲရခြင်းသာဖြစ်ကြောင်း လတ်တလော မီဒီယာအချို့ကို အမှုဖွင့်ထားမှုနှင့် ပတ်သက်၍ ဧပြီ ၃၀ ရက် မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲခေတ္တနားချိန်တွင် မီဒီယာများအား ပြောကြားသည်။

(ယင်းကာလက DMG သတင်းဌာနကို ပုဒ်မ ၁၇ (၁)ဖြင့် အမှုမဖွင့်ရသေးသော်လည်း ဧရာ ဝတီသတင်းဌာနကို ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲထားသည်။)

ထို့အပြင် ဧရာဝတီသတင်းဌာနကို ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ခြင်းမှာ တစ်ဖက်သတ်အမြင်ဖြင့် ရေးသားထားခြင်းကြောင့်ဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

 ‘‘သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ပြောဆိုချက်က သာမန် ပြည်သူပြောဆိုချက်ထက် ပိုမို ထိရောက်ပါတယ်။ ဒါရဲ့ အကျိုး ဆက်တွေက များပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်’’ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

သတင်းကျင့်ဝတ်ညီပါကပုဒ်မ ၁၇ကို ကျော်လွှားနိုင်မလား

‘‘တရားစွဲတဲ့ ကိစ္စတွေမှာ တစ်ဖက်နဲ့တစ်ဖက် အမြင်သဘော ထားတွေရှိမှာပေါ့။ နောက်တစ်ခုက သတင်းမီဒီယာဘက်မှာလည်း လိုအပ်ချက်တွေ အားနည်းချက် တွေ လွဲချော်တိမ်းစောင်းတာတွေ ရှိကောင်းရှိနိုင်တယ်။  တစ်ဖက်မှာ လည်း ကိုယ်လိုရာဆွဲတွေးပြီး အဓိပ္ပာယ်ကောက်တာတွေလည်း ရှိနိုင်တယ်။ ဆိုလိုချင်တာက နှစ်ဖက်စလုံး လုံးလုံးမမှန်သလို လုံး လုံးမမှားဘူးပေါ့’’ဟု The VoiceWeekly အယ်ဒီတာချုပ် ဦးကျော် မင်းဆွေက မှတ်ချက်ပြုသည်။

သို့သော် တစ်ဖက်က ပရော်ဖက်ရှင်နယ် လမ်းကြောင်းအ တိုင်း၊ ကျင့်ဝတ်နှင့်အညီ သတင်း ရေးသား ထုတ်နုတ်ခြင်း၊ သူ၏ သတင်းအတတ်ပညာအတိုင်း လိုက်နာ၍ သတင်းအလုပ်လုပ် သည်ဆိုပါကမူ တရားစွဲဆိုခြင်း နည်းလမ်းသည် ကောင်းမွန်သည့် ဖြေရှင်းနည်း မဟုတ်ကြောင်း ဦးကျော်မင်းဆွေက ပြောသည်။

‘‘ခပ်စိပ်စိပ်လုပ်လာတာ တွေ့ရတယ်။ အထူးသဖြင့် တပ်ပေါ့။ တပ်က အကဲဆတ်လွန်း အားကြီးနေတယ်။ အကဲဆတ် လွန်းအားကြီးပြီး တုံ့ပြန်နေတယ်။ ဒါက သတင်းမီဒီယာအတွက်ရော နိုင်ငံအတွက်ရော၊ တပ်မတော်အတွက်ရော ကောင်းတဲ့လက္ခဏာ လို့တော့ မထင်ဘူး’’ဟုလည်း ဦးကျော်မင်းဆွေက ပြောသည်။

စာပေစိစစ်ရေး မရှိတော့သည့် နောက်ပိုင်းကာလအတွင် သတင်းမီဒီယာများသည် မိမိရေးသား သမျှ အားလုံးကို မိမိဘာသာ တာဝန်ယူရသည့်အခြေအနေဖြစ် သည်။ သတင်းမီဒီယာများဘက် ကလည်း တရားအစွဲမခံရအောင် ကြိုတင်  ပြင်ဆင်ကာကွယ်ထား ရမည့် အနေအထားများလည်းရှိ ကြောင်း ၎င်းက ဆက်လက်ပြော သည်။

‘‘အဓိကကတော့ ကျင့်ဝတ်နဲ့ ညီဖို့လိုမှာပေါ့။ ကိုယ်ရေးတဲ့သတင်း၊ ကိုယ်ရိုက်ကူးတဲ့အရာ အားလုံးက ကျင့်ဝတ်နဲ့အညီဖြစ်ဖို့ လိုတယ်။ ဘက်မျှဖို့ တတ်နိုင်သလောက် ဘက်မျှတဲ့သတင်းဖြစ် ဖို့လိုတယ်။ ခိုင်မာတဲ့၊ တိကျတဲ့ သတင်းဖြစ်ဖို့လိုတယ်။ ကျင့်ဝတ်ကတော့ နံပါတ် (၁)ပေါ့။ နောက် တစ်ခါ သတင်းအတတ်ပညာနဲ့     ချဉ်းကပ်ထားတဲ့ အကြောင်းအ ရာဖြစ်ဖို့လိုတယ် ။ နောက်တစ်ခု က ကိုယ့်ရဲ့ ပြုမူပြောဆို ဆက် သွယ်တဲ့ ဆက်သွယ်ပြောဆို ဆက်ဆံတဲ့အခါမှာ ယဉ်ကျေးသိမ်မွေ့ဖို့လိုတာပေါ့။ ပြောတဲ့ စကားလုံး ကအစ ရေးတဲ့အရေးအသားရဲ့ စကားလုံးအသုံးအနှုန်းကအစ အစွန်းလွတ်တဲ့ အပြောအဆို အသုံး အနှုန်းဖြစ်ဖို့လိုတာပေါ့’’ ဟု ဦးကျော်မင်းဆွေက ပြောသည်။

အစိုးရ၊ တပ်မတော် အပါ အ၀င် မည်သည့်အဖွဲ့အစည်း၊  မည်သည့်ပုဂ္ဂိုလ်ဖြစ်စေ သတင်းမီဒီယာတွင် ဖော်ပြပါရှိသည့် အ ကြောင်းအရာအဖြစ်အပျက်များ နှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိပါက ပထမအဆင့်အနေဖြင့် သက် ဆိုင်ရာ သတင်းဌာနသို့ တရားဝင် ဖြေရှင်းချက်   တောင်းသင့် ကြောင်း၊ ဒုတိအဆင့်အနေဖြင့် အမှားပြင်ဆင်ချက် ထည့်ရန် တောင်းဆိုနိုင်ကြောင်း၊ အမှားပြင်ဆင်ချက်ဖြင့် မကျေနပ်ပါက တောင်းပန်စာ ထည့်ခိုင်းနိုင် ကြောင်း ၎င်းက ဆိုသည်။ သတင်းသမားများအား   သတင်းကိစ္စနှင့်ပတ်သက်ပြီး သတင်းမီဒီယာ ဥပဒေနှင့် မဟုတ်ဘဲ အခြားဥပဒေများဖြင့် အမှုဖွင့် တရားစွဲခြင်းကိုမူ  သဘောမတူကြောင်းနှင့် ကန့်ကွက်ကြောင်း ဦးကျော်မင်းဆွေ က ပြောကြားသည်။

‘‘သတင်းလောကမှာပဲဖြစ် ဖြစ်၊ ဘယ်လောကမှာပဲဖြစ်ဖြစ် အုတ်ရောရော၊ ကျောက်ရောရောရှိတယ်။ နာမည်ဖျက်ချင်လို့ တမင် ၀င်လာတဲ့ လူတွေလည်းရှိတယ်။ သတင်းလောကကို ပုံရိပ်ဆိုးဖြစ်အောင် အိုးမဲသုတ်နေတဲ့ လူတွေ လည်းရှိတယ်။ တမင်ရည်ရွယ် ချက်နဲ့ သတင်းသမားတွေနဲ့ အစိုးရကြား၊ သတင်းသမားတွေနဲ့  တပ်နဲ့ကြား၊ သတင်းသမားတွေနဲ့  ပြည်သူလူထုကြားမှာ ယုံကြည်မှု ပျက်ယွင်းသွားအောင် တမင်ရည်ရွယ်ချက်နဲ့ လုပ်နေတဲ့လူတွေ လည်း ရှိတယ်။ ဒါတွေရှိတဲ့အ တွက် သတင်းသမားတွေ တချို့အပြုအမူအပြောအဆို မမှန်ကန်တဲ့ ကျင့်ဝတ်နဲ့မညီတဲ့ သတင်းသမား၊ သတင်းအလုပ်လုပ်နေ တယ်လို့ အယောင်ဆောင်ထားတဲ့  အယောင်ဆောင်သတင်းသမား  တွေကိုကြည့်ပြီး သတင်းလောက တစ်ခုလုံးကိုတော့ ၀ါးလုံးရှည်နဲ့သိမ်းယမ်းပြီး အထင်အမြင်မလွဲ စေချင်ဘူး’’ဟု ဦးကျော်မင်းဆွေ က ဆက်လက်ပြောသည်။

မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ရှိသင့်၊ မရှိသင့်

အဆိုပါ ပုဒ်မသည် လုံးဝ ပယ်ဖျက်သင့်သည့် ပုဒ်မအဖြစ်ရှိနေကာ လွှတ်တော်တွင် အကျယ်တ၀င့် ဆွေးနွေးသင့်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းအချို့ က မှတ်ချက်ပြုသည်။

ဒီမိုကရေစီစနစ်ကို ဦးတည်နေသည့်၊ ငြိမ်းချမ်းရေး ရှေးရှုဆောင်ရွက်နေသည့်  မြန်မာနိုင်ငံတွင်  ပုဒ်မ ၁၇(၁)ကဲ့သို့ ပုဒ်မ မျိုး ဖျက်သိမ်းသင့်ကြောင်း ဦးဘို ကြည်က ဆိုသည်။ 

‘‘အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံသားတွေ သူတို့ကို မတော် လှန်နိုင်အောင်လို့ ရည်ရွယ်ပြီး ရေးဆွဲခဲ့တဲ့ ဥပဒေဖြစ်တယ်။ ဒီဥပဒေ ကို တကယ်တမ်းကျတော့ ပြည် တွင်းစစ်ကို ရပ်ဖို့လိုတယ်။ ဒီ ဥပဒေတွေကိုလည်း ဖျက်သိမ်းဖို့ ပါတယ်။ အဲဒီတော့မှ တိုင်းပြည်တိုးတက်ရေးအတွက်၊ တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ် မှာပါ’’ဟု ၎င်းက ဆိုသည်။

သတင်း လွတ်လပ်မှုကိုလေး  စားမှု၊ သတင်းထောက်များ၏ လုပ်ပိုင်ခွင့်ကို လေးစားမှုသည်  ဒီမိုကရေစီ၏ အနှစ်သာရကို ပိုမိုပေါ်လွင်စေမည်ဟု သတင်းထောက်အချို့က ဆိုသည်။သတင်းသမား၊ သတင်းထောက် များဟူသည် ကိုယ်ကျိုးသက်သက်၊ စားဝတ်နေရေးပြေလည် စေရန် လုပ်နေသည့် သူများ မဟုတ်ဘဲ သတင်းသိခွင့်ရှိသည့် နိုင်ငံသားများအတွက် သတင်းဝန်ဆောင်မှု ပေးနေသူများဖြစ်သည် ကို သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးက နားလည်စေချင် ကြောင်း ဦးကျော်မင်းဆွေက ဖွင့် ဟသည်။  ‘‘အစိုးရဘက်က တာမလုံ ဘူးဆိုရင် တပ်ဘက်က ဒေါသ စိတ်နဲ့တုံ့ပြန်ရင် အကဲဆတ်ဆတ် တုံ့ပြန်ရင်၊ အပေါ်စီးက ဆက်ဆံနေရင် ဒါတွေက သူ့သမိုင်းသူရေးတာပေါ့။ ကျွန်တော်တို့က တော့ ကိုယ့်တာကိုယ်လုံဖို့ နံပါတ်(၁)ဖြစ်နေတယ်’’ဟု ဦးကျော်မင်း ဆွေက ဆိုသည်။

No comments:

Post a Comment