Monday, May 20, 2019

ဝန်ကြီးချုပ်နှင့် ဝန်ကြီးကို သစ္စာဖောက်အဖြစ်ကြေညာသူ ကရင်နီလူငယ် ၆ဦးကို အမှုဖွင့်

ဗိုလ်ချုပ်ကြေးရုပ်နှင့်ပတ်သက်၍ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်နီလူငယ်များ တင်းမာခဲ့သည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးကို ကရင်နီလူငယ်အချို့က သစ္စာဖောက်အဖြစ်ကြေညာရာ ၎င်းတို့ကိုအမှုဖွင့်ထားကြောင်း ကရင်နီလူငယ်များထံမှ သိရှိရသည်။ မတ်လကုန်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်တို့ကို ကရင်နီ အမျိုးသားသစ္စာဖောက်များ၊ နိုင်ငံရေး ရာဇဝတ်ကောင်များ၊ ကျေးဇူးကန်းသူများအဖြစ်ပုံဖော်ပြီး ကရင်နီလူငယ်အချို့က ကြေညာခဲ့ကြခြင်းဖြစ်သည်။



ယင်းကဲ့သို့ပြုလုပ်ခဲ့သူ ခွန်ကြူး ဖဲကေ၊ ခွန်သောမတ်စ်၊ ပျားလေး၊ ဒီးဒီး၊ ပါစကွားလယ်နှင့် ခူးရီဒူးတို့ကို ပြည်နယ်အစိုးရ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်က တရားလိုလုပ်ပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုဆိုင်ရာ အကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့် လွိုင်ကော်ရဲစခန်းသို့ မေလ ၁၆ ရက် ညပိုင်းက အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အမှုဖွင့်ခံရသူများတွင် တစ်ဦး အပါအဝင်ဖြစ်သည့် ပါစကွားလယ်က အမှုဖွင့်ထားသည့်သတင်း၊ မှုခင်းမှတ်တမ်းများ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပျံ့နှံ့နေသော်လည်း တရားဝင်အကြောင်းကြားစာ ၎င်းတို့ထံသို့ မရောက်ရှိသေးကြောင်း ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသိန်းအောင်ထံသို့ မေလ ၁၉ ရက် နံနက်ပိုင်းက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ဗိုလ်ချုပ်ကြေးရုပ်နှင့်ပတ်သက်ပြီး သပိတ်ကော်မတီနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ မေလ ၁၄ ရက်က ဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ရှိနေရာ ကန္ဒဟေဝန်ပန်းခြံမှ ရွှေ့ပြောင်းပေးနိုင်တော့မည်မဟုတ်ကြောင်း ပြောကြားခဲ့၍ နောက်ဆုံးအနေနှင့် ဆွေးနွေးမှုပျက်ခဲ့သည်။

ဆွေးနွေးမှုပျက်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှိရာ လွိုင်ကော်မြို့ ကန္ဒဟေဝန်ပန်းခြံတစ်ဝိုက်တွင် ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေးရဲတပ်ဖွဲ့အင်အား ဒါဇင်နှင့်ချီကာ ချထားသည့်အပြင် လုံခြုံရေး အတားအဆီးများလည်း ချထားဆဲဖြစ်ကြောင်း ကရင်နီလူငယ်များထံမှ သိရှိရသည်။

No comments:

Post a Comment