Monday, May 20, 2019

ရေခဲတောင်ပေါ်မှ ပြုတ်ကျသော မစိမ့်ထက်အား ရှာဖွေကယ်ဆယ်ရန် ဒုတိယအကြိမ် ကြိုးစားခဲ့သော်လည်း အခွင့်မသာသဖြင့် ၎င်းတို့ကိုယ်တိုင် မကယ်ဆယ်ရခြင်းဖြစ်ကြောင်း The Summiter အဖွဲ့ သတင်းစာရှင်းလင်း

ရေခဲတောင်ပေါ်မှ ပြုတ်ကျခဲ့သော မစိမ့်ထက်အား ရှာဖွေကယ်ဆယ်ရန် ဒုတိယအကြိမ်ကြိုးစားခဲ့သော်လည်း အခွင့်မသာသဖြင့် ၎င်းတို့ကိုယ်တိုင် မကယ်ဆယ်ရခြင်းဖြစ်ကြောင်း The Summiter အဖွဲ့က ပြောကြားသည်။ မေ ၁၉ ရက်က ရန်ကုန်မြို့ Reno Hotel တွင် ပြုလုပ်သော မစိမ့်ထက် မတော်တဆဖြစ်ရပ်နှင့်ပတ်သက်ပြီး နောက်ဆက်တွဲကိစ္စရပ်များ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။



ရေခဲတောင်ပေါ်မှ မစိမ့်ထက်ပြုတ်ကျသည့် သတင်းအား ၎င်းမိသားစုဝင်များက ကြားသိပြီး နောက်တစ်နေ့၌ ကယ်ဆယ်ရေး Special Power အား ကိုစတီဗင်ဆိုသူအား လွှဲပြောင်းပေးလိုက်ကြောင်း၊ ကယ်ဆယ်ရေးအတွက် ကိုစတီဗင်ထံ လွှဲပြောင်းပေးအပ်လိုက်သော်လည်း ၎င်းအနေဖြင့် ကယ်ဆယ်ရန် အချိန်မစွဲလိုသောကြောင့် ပူတာအိုထိသွားရောက်ပြီး ဒေသခံများနှင့် ကယ်ဆယ်ရေးအတွက် ညှိနှိုင်းခဲ့ကြောင်း The Summiter အဖွဲ့ခေါင်းဆောင် ကိုဇော်ဇင်ခိုင်က ပြောကြားသည်။

“မိသားစုကို ပြောပြပြီး နောက်နေ့မှာပဲ သူတို့မိသားစုက ကိုစတီဗင်ဆိုတဲ့ တစ်ယောက်ကို Special Power လွှဲလိုက်တယ်” ဟု ကိုဇော်ဇင်ခိုင်က ဆိုသည်။

ထိုသို့ ကယ်ဆယ်ရေးပြုလုပ်ရန် အဆင်သင့်ဖြစ်နေချိန်တွင် ကိုစတီဗင်ဆိုသူက ၎င်းတို့အား မည်သူ့ခွင့်ပြုချက်ဖြင့် သွားရောက်ကယ်ဆယ်ရေး ပြုလုပ်သလဲဆိုကာ အမြဲမေးမြန်းတားဆီးလျက်ရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ သိရသည်။

“တောင်တက်ဖို့အတွက် Safety ဖြစ်မယ့်ကြိုးတွေ ဘာတွေ အကုန်ယူပြီးသွားတယ်။ ပြည့်ပြည့်စုံစုံ သုံးလေးယောက်စာ အကုန်လုံးကို ပြင်ဆင်ပြီးမှ သွားခဲ့တာ။ ဒေသခံတွေကလည်း ရိက္ခာတွေ အထမ်းတွေ အဆင်သင့်ပဲ။ ထွက်မယ်ဆိုတိုင်း ဘယ်သူ့ခွင့်ပြုချက်နဲ့လည်းဆို သွားလာလာပြောတယ်။ အစည်းအဝေး သုံးခါလုပ်ဖြစ်တယ်။ နောက်ဆုံးကျွန်တော်တို့ကို တားလို့မရဘူးဖြစ်တယ်။ ခွင့်မပြုဘူး ပြုတယ် တားလို့မရတော့တဲ့အချိန်မှာ အန်ကယ်ဦးမောင်မောင်လေး (မစိမ့်ထက်၏ ဖခင်)ထံ သူက (ကိုစတီဗင်) ဖုန်းဆက်ပြီး မေးပြတယ်။ အဲဒီအချိန်မှာ ဒီစကားသံကို ကြားတဲ့အချိန်မှာ ဒေသခံတွေက ဒီကိုစတီဗင်က တရားဥပဒေတွင်းကပဲ သွားမယ်။ နိုင်ငံတော်ရဲ့ ခွင့်ပြုမိန့်နဲ့ပဲ သွားမယ်ဆိုတဲ့အတွက် ကျွန်တော်တို့က အဆင်မပြေတော့ဘူး” ဟု ကိုဇော်ဇင်ခိုင်က ပြောကြားသည်။

ကိုစတီဗင်ဆိုသူက မစိမ့်ထက်အား ကယ်ဆယ်ရေးပြုလုပ်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုမိန့်အား စောင့်ဆိုင်းနေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဖွင့်ပြသော အသံဖိုင်မှ သိရသည်။

ပထမအကြိမ် ကယ်ဆယ်မှုအဖြစ် မစိမ့်ထက်ပြုတ်ကျပြီးချိန်တွင် The Summiter အဖွဲ့ခေါင်းဆောင် ကိုဇော်ဇင်ခိုင်နှင့် လမ်းပြသုံးယောက်တို့က သွားရောက်ရှာဖွေခဲ့ပြီး မစိမ့်ထက်၏ အင်္ကျီဟု ယူဆရသည်ကို လှမ်းမြင်ရသော်လည်း ယင်းနေရာထိ သွားရောက်ရန် ကြိုးများမပါရှိသဖြင့် လက်လျှော့လိုက်ကာ တောင်ပေါ်မှ ပြန်ဆင်းပြီး ပူတာအိုရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

မစိမ့်ထက် ရေခဲတောင်ပေါ်မှ ပြုတ်ကျသည့် သတင်းကြားရဖြင့် မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အသင်းမှ အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်း၍ မစိမ့်ထက်အား သွားရောက်ရှာဖွေရာ သူမ၏ အင်္ကျီ အပြဲ၊ ပျက်စီးနေသော မျက်မှန်နှင့် အသုံးအဆောင်ပစ္စည်းအချို့သာ တွေ့ရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်များအရ သိရသည်။

မစိမ့်ထက်သည် ဧပြီ ၆ ရက်တွင် အဖွဲ့ဝင် ၂၁ ဦးပါဝင်သော The Sum miter တောင်တက်အဖွဲ့နှင့် ပူတာအိုမှ ထွက်ခွာပြီး ဖုန်ဂရန်ရာဇီရေခဲတောင်သို့ စတင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းနောက် ဧပြီ ၁၂ ရက် နံနက် ၈နာရီ မိနစ် ၅၀ ခန့်တွင် တောင်ပေါ်သို့ရောက်ရှိပြီး တောင်အောက်သို့အဆင်းတွင် အနက် ပေ ၄၀၀၀ ရှိသော ချောက်အတွင်းသို့ ခြေချော်ပြုတ်ကျခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်များအရ သိရသည်။

No comments:

Post a Comment