Saturday, July 13, 2019

အကြမ်းဖက်အဖွဲ့ဟု သုံးနှုန်းခြင်းကို ပြန်သုံးသပ်ပေးရန် စင်ကာပူပြည်ထဲရေးထံ AA တောင်းဆို

ရခိုင်လက်နက်ကိုင်အဖွဲ့(AA) ကို အကြမ်းဖက်အဖွဲ့ဟု သုံးနှုန်းခြင်း ပြန်လည်သုံးသပ်ပေးရန် AA အဖွဲ့က ဇူလိုင် ၁၁ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် တောင်းဆိုသည်။ ဇူလိုင် ၁၀ ရက်စွဲဖြင့် စင်ကာ ပူပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်တွင် ပါရှိသော  AA နှင့် ပတ်သက်သည့် ဖော်ပြချက်အချို့သည် ပြင်းထန်ပြီး မြန်မာ အစိုးရ၏ တစ်ဖက်သတ်စွပ်စွဲထား သော ထုတ်ပြန်ချက်များကို ကိုးကား ထည့်သွင်းရေးသားထား ကြောင်း တွေ့ရသည်ဟု AA က ထုတ်ပြန်သည်။



‘‘အဓိကကတော့ သူတို့စွပ်စွဲ သလိုမျိုး ကျွန်တော်တို့က အကြမ်း ဖက်အဖွဲ့အစည်းမဟုတ်ဘူး ဆို တာကို ပြောလိုတာ’’ ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဇူလိုင် ၁၂ ရက်တွင် ပြောသည်။

စင်ကာပူအစိုးရ၏ လုပ်ဆောင်ချက်သည် တပ်မတော်၏ လုပ်ရပ်များကို ကူညီရာရောက် စေကြောင်း၊ ဒုက္ခရောက်နေသည့် ပြည်သူများ၏အရေးကို ငဲ့ညှာပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များကို ပြန်လည် သုံးသပ်ပေးစေလို၍ ပြောခြင်းဖြစ်ကြောင်း၊ AA ၏ ယခုထုတ်ပြန်ချက်ကို စင်ကာပူအစိုး ရနှင့် စင်ကာပူပြည်ထဲရေးဌာန သိရှိနိုင်မည့် နည်းလမ်းများ အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

စင်ကာပူပြည်ထဲရေးဌာနက မူ မြန်မာအစိုးရကို ဆန့်ကျင်သော လက်နက်ကိုင် အကြမ်းဖက်မှုအ တွင်း ထောက်ခံမှုရယူရန်နှင့် စည်း ရုံးရန် စင်ကာပူကို စင်္ကြံတစ်ခု အဖြစ် အသုံးချခြင်းကြောင့် မြန်မာနိုင်ငံသားအချို့ကို အရေးယူ ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။ ရခိုင်အသင်း (စင်ကာပူ) ဥက္ကဋ္ဌနှင့် AA စစ်ဦးစီးချုပ်၏ ညီအပါအ၀င် စင်ကာပူရောက် ရခိုင်တိုင်းရင်းသားအချို့ကို စင်ကာပူ ရဲတပ်ဖွဲ့က ဇူလိုင် ဒုတိယပတ် အတွင်း ဖမ်းဆီးခဲ့သည်။

AA ထုတ်ပြန်ချက်တွင် ရခိုင်အသင်း(စင်ကာပူ)လည်း ရခိုင်စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသော လူမှုကူညီရေးအသင်း  တစ်ခုသာဖြစ်ကြောင်း၊ AA အတွက် ရန်ပုံငွေ စုဆောင်းသည်ဟု ရခိုင်အသင်း (စင်ကာပူ)ကို စွပ်စွဲသည်မှာ လူမှုကူညီရေးအသင်းကို နှိပ်ကွပ်ရာ ရောက်ကြောင်း ဖော်ပြခဲ့သည်။ 

စင်ကာပူ ပြည်ထဲရေး၏ ထုတ်ပြန်ချက်သည် အာဆီယံနိုင် ငံများအကြား ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ သဘောတူညီ ချက်များအရ ဆောင်ရွက်ခြင်းဖြစ် နိုင်ကြောင်း ခိုင်သုခက သုံးသပ် သည်။

‘‘အထူးသဖြင့် မြန်မာအစိုးရရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ စင်ကာပူခေါင်းဆောင်တွေနဲ့ ရင်းနှီးမှုတွေကြောင့် တရားဝင်မဟုတ် ရင်တောင် အလွတ်သဘောပြော တာတွေ ရှိနိုင်တာပေါ့။ အဲဒါတွေ ပါနိုင်တယ်’’ ဟု ၎င်းက ဆိုသည်။

တပ်မတော်သတင်းမှန် ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ စင်ကာပူတွင် AA အဖွဲ့နှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရမှုအချို့ ဖြစ်ပွား ခြင်းကို သတင်းများအရ သိရ ကြောင်း၊ ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်စပ်ဆောင် ရွက်မှု ရှိ၊ မရှိ မသိကြောင်း ပြော ဆိုထားသည်။  စင်ကာပူပြည်ထဲရေး၏ ထုတ်ပြန်ချက်တွင် ပါရှိသော အသုံးအနှုန်းနှင့် ကိုးကားချက်များ သည် AA နှင့် ရခိုင်တစ်မျိုးသား လုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေ သည့်အပြင် ရခိုင်စစ်ဘေးရှောင် များအတွက် နစ်နာစေသော ကြောင့်  ပြန်လည်သုံးသပ်စေလိုကြောင်း AA က ထုတ်ပြန်သည်။

No comments:

Post a Comment