Saturday, July 13, 2019

အိန္ဒိယ-မြန်မာ နယ်စပ်တွင် အိန္ဒိယနိုင်ငံဘက်က ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်မှု မြန်မာဘက်သို့ ကျူးကျော်နေကြောင်း အိန္ဒိယဘက်က လက်ခံ

အိန္ဒိယ-မြန်မာ နယ်စပ်တွင် အိန္ဒိယနိုင်ငံဘက်မှ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်မှုသည် မြန်မာနိုင်ငံဘက်သို့ ကျူးကျော်နေသည့်အတွက် တိုင်းတာခဲ့ရာ အိန္ဒိယနိုင်ငံဘက်မှ ကျူးကျော်နေသည်ဆိုသည်ကို အိန္ဒိယနိုင်ငံဘက်က လက်ခံခဲ့ပြီး အဆိုပါလုပ်ငန်းအား ရပ်နားခဲ့ကာ နယ်စပ်မှ မီတာ ၄၀ဝ အကွာမှနေ၍ လမ်းအူကြောင်းအသစ်ရှာ၍ ပြန်လည်ဖောက်လုပ်မည်ဟု သိရသည်။



“မနေ့က သွားတယ်။ တစ်အချက် သူတို့ဘက်က (အိန္ဒိယနိုင်ငံဘက်က ) မီတာ ၂၅၀ ကျော်လာတယ်ဆိုတာ သူတို့က လက်ခံတယ်။ နှစ်အချက်က သူတို့ဘက်က အစိုးရက ချပေး တဲ့လုပ်ငန်းဖြစ်တယ်။ ကျေးရွာချင်းဆက်တဲ့ လုပ်ငန်းဖြစ်တယ်။ ကျေးရွာချင်းဆက်လမ်း ဖောက်တာပေါ့။ လောလောဆယ် အဲဒါကို ရပ်ထားတယ်။ နယ်စပ်မျဉ်းနဲ့ ၄၀ဝ မီတာ အကွာမှာ လမ်းအူကြောင်း ရှာပြီးတော့မှ လုပ်ငန်းစတင်ဆောင်ရွက်မယ်။ သူတို့လုပ်ပြီဆိုတော့ ငါတို့က တို့ဘက် မကျူးကျော်အောင် စောင့်ကြည့်မှာပေါ့” ဟု တမူးခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဌ ဦးမြင့်သင်းအောင်က ပြောကြားသည်။

အဆိုပါ နယ်စပ်နယ်နိမိတ် စစ်ဆေးတိုင်းတာရေးနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံဘက်မှ ခရိုင်ခွဲဝန်လိုက်ပါခဲ့ပြီး မြန်မာနိုင်ငံဘက်မှ တမူးမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တို့ လိုက်ပါဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

“သူတို့ဘက်ကလည်း လူစုံပါတယ်။ မြေတိုင်းတဲ့အဖွဲ့တွေ ပညာရှင်တွေပါပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း လောင်ဂျီကျူ လတ္တီတွတ်တွေကို GPS တွေဖတ်ပြီး နေပြည် တော်မြေတိုင်းအဖွဲ့ကိုပို့ရတာ။ သူတို့က တိုင်းပြီး ဘယ်လောက် ကျူးကျော်တယ်ဆိုတာလည်း ပါတယ်။ တပ်မှာလည်း  GPS ပါတယ်။ တိုင်းကြည့်တော့ မကွာဘူး။ သူတို့ဘက်ကလည်း ( အိန္ဒိယနိုင်ငံဘက် ) စက်တွေပါလာတယ်။ တိုင်းကြည့်တော့ အဲဒီအတိုင်း အဖြေထွက်တော့ သူတို့ ကျူးကျော်တယ်ဆိုတာ လက် ခံပါတယ်တဲ့” ဟု ဦးမြင့်သင်းအောင်က ဆက်လက်ပြောကြားခဲ့သည်။

အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်တွင် အချို့နေရာများတွင် အိန္ဒိယနိုင်ငံဘက်မှ ကျူးကျော်သည့် နေရာများရှိသည်ဆိုသော ပြောဆိုချက်များနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ “မရှိပါဘူး။ ကျူးကျော်တာ မရှိပါဘူး။ ငါတို့က နယ်စပ်ကိုစောင့်ကြည့်နေတာ။ မှတ်တိုင်တစ်တိုင်နဲ့ တစ်တိုင်ကလည်း သုံးလေးမိုင် ဝေးပါတယ်။ အခုပြဿနာတက်တဲ့နေရာတွေဆိုရင် ဒီနှစ်ဘတ်ဂျက်မှာ ၈၂ နဲ့ ၈၃ ကြားမှာ ထပ်တိုး မှတ်တိုင်စိုက်မှာ။ ထပ်တိုးမှတ်တိုင်ဆိုတာက တိုင်တစ်တိုင်နဲ့ တစ်တိုင်က သုံးလေး မိုင်လောက်ခြားနေတော့ ရွာတွေ နီးလာလို့ရင် ထပ်တိုးမှတ်တိုင်စိုက်မှ မကျူးကျော်မှာလေ။ ထပ်တိုးမှတ်တိုင်စိုက်ဖို့ကို အတည်ပြုပြီးသွားပြီ။ တချို့မှတ်တိုင်တွေက သုံးလေးမိုင်ဝေး တော့ တစ်ခုနဲ့တစ်ခုက မမြင်ရတော့ဘူး။ အထဲမှာ တောဖြစ်နေတာ။ သူတို့လည်း လုပ်ရင်းနဲ့ ကျော်လာတာပေါ့။ ရွာသားတွေကျတော့လည်း သူတို့ ဟိုဘက်မှာ တောင်ယာလုပ်တယ်ဆိုရင်လည်း သူတို့ စိတ်ထဲမှာ ကျူးကျော်တယ် ထင်တာပေါ့။ ငါတို့က သိတယ်ဆိုရင်လည်း ချက်ချင်း ကွင်းဆင်းတယ်။ တိုင်းကြည့်လို့ မကျူးကျော်ရင်တော့ ဘာမှမပြောတော့ဘူး။ သို့ပေမဲ့ ကပ်နေရင်တော့ သတိပေးတာပေါ့။ ခင်ဗျားတို့ဟာ ဒီဘက်ကပ်နေပြီ။ နီးလာလို့ လိုအပ်သလို ထိန်းသိမ်းကြပ်မတ်ပေးပါဆိုပြီး ငါတို့က စာထွက်ပေးတာပေါ့။ အဲဒီလို ဂရုတစိုက်တော့ လုပ်ပေးတာပေါ့” ဟု ဦးမြင့်သင်းအောင်က ပြောကြားသည်။ 

No comments:

Post a Comment