Saturday, July 13, 2019

ပြည်သူ့ဆေးရုံပေါင်း ၁၁၄၄ ရုံအတွက် လက်ရှိဘဏ္ဍဍာနှစ်တွင် ဆေးဝါးဝယ်ယူရန် ကျပ်ဘီလျံ ၁၂၀ နှင့် ဆေးပစ္စည်းကိရိယာဝယ်ယူရန် ကျပ် ၆၄ ဘီလျံ ခွင့်ပြု

တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံပေါင်း ၁၁၄၄ ရုံအတွက် လက်ရှိဘဏ္ဍဍာနှစ်တွင် ဆေးဝါးဝယ်ယူရန်ကျပ် ၁၂ဝဘီလျံနှင့် ဆေးပစ္စည်းကိရိယာ ဝယ်ယူရန်ကျပ် ၆၄ ဘီလျံခွင့်ပြုခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ “ဝန်ကြီးဌာနမှာ ၁၆ ခုတင်ဆံ့ဆေးရုံ မှ ၂၀ဝ၀ ခုတင်ဆံ့ဆေးရုံအထိ ဆေးရုံပေါင်း ၁၁၄၄ ရုံ ရှိပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်မှာ ဆေးဝါး ဝယ်ယူဖို့အတွက် ၁၂ဝဘီလျံ ကျပ်၊ ဆေးပစ္စည်းကိရိယာဝယ်ယူဖို့အတွက် ၆၄ ဘီလျံကျပ် လျာထားခွင့်ပြုခဲ့ပါတယ်။ နောက် အမေရိကန်အခြေစိုက်  Direct Relief  အဖွဲ့နဲ့ အဆက်အသွယ်ရပြီး ခြောက်လအတွင်း အမေရိကန်ဒေါ်လာသုံးသန်းတန်ဖိုးရှိ ဈေးနှုန်းမြင့်မားတဲ့ ကင်ဆာရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါကုသဆေးတွေကို အခမဲ့ရရှိတဲ့အတွက် ပြည်သူတွေ အတွက်အလွန်အကျိုးရှိပါတယ်” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။


ဝန်ကြီးဌာနအနေဖြင့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ လိုအပ်ချက်ခန့်မှန်း တွက်ချက်ခြင်း၊ ဝယ်ယူခြင်း၊ သိုလှောင် ထိန်းသိမ်းခြင်း၊ ဖြန့်ဖြူးခြင်း စသည့်တို့ကို စနစ်တကျတိကျစွာ စီမံဆောင်ရွက်နိုင်ရန် ‘အမျိုးသားအဆင့် ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးမှု မဟာဗျူဟာလက်တွေ့ အကောင်အထည်ဖော်မှု လုပ်ငန်းစီမံကိန်း’ ကို ရေးဆွဲချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


နိုင်ငံပိုင်ပြည်သူ့ဆေးရုံကြီးများတွင် တစ်နှစ်လျှင် လူနာဦးရေ သန်းနှင့်ချီ တက်ရောက်ကုသနေပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်း တစ်နိုင်ငံလုံးရှိ ဆေးရုံများတွင် အတွင်းလူနာ သုံးသန်းခန့်၊ ပြင်ပလူနာ ၁၂ သန်းခန့်အထိ ကျန်းမာရေးဝန်ဆောင်မှုပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး ဒေါက်တာမြင့်ထွေး၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ မှ၂၀၁၆ ခုနှစ်အတွင်း ဆေးရုံတက်လူနာများ သေဆုံးမှု၏ ရာခိုင်နှုန်း ထက်ဝက်ခန့်သည် မကူးစက်နိုင် သောရောဂါနှင့် ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရရှိသည့်အချက်အလက်အရ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၈ ခုနှစ် ခန့်မှန်းချက်များအရ မြန်မာနိုင်ငံ၌ သေဆုံးမှုများ၏ ရာခိုင်နှုန်း ၆၀ ခန့်သည် လည်းကောင်း နှင့်ဝန်ကြီးဌာန၏ ၂၀၁၄ မှ ၂၀၁၆ ခုနှစ် ကျန်းမာရေး သတင်းအချက်အလက်များအရ ဆေးရုံတက်လူနာများ သေဆုံးမှု၏  ရာခိုင်နှုန်း ၅၀ ခန့်သည်လည်းကောင်း မကူးစက်နိုင်သောရောဂါနှင့်ရောဂါ၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း  သိရသည်။

တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံကြီးများအားလုံးတွင် တစ်နှစ်လျှင် ပြင်ပလူနာပေါင်း ၁၂ သန်းကျော်၊ အတွင်းလူနာပေါင်း သုံးသန်းကျော်အထိ တက်ရောက်ကုသနေခြင်းကြောင့် အဖြစ်များသော ရောဂါကြီးများ( နှလုံး၊ကျောက်ကပ်၊ အသည်းရောဂါ) အတွက် အထူးကုဌာနကြီးများကို သီးခြားစီ အဆောက်အအုံများအဖြစ် ထားရှိဖွင့်လှစ်နိုင်ရန်စီစဉ်လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိသံလျင်၊ လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဥက္ကလာနှင့်သင်္ဃ္န်းကျွန်း ဆေးရုံကြီးများကို ယခင်ကထက် အဆင့်မြှင့်တင်နေပြီး အရေးပေါ်လူနာကယ်ဆယ်ရေးလုပ်ငန်း အတွက် လိုအပ်သော လူအင်အား၊ စက်ပစ္စည်းများကိုလည်း တိုးချဲ့လုပ်ဆောင်ပေး လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အထူးကုဆေးရုံပေါင်း၁၄ရုံ၊ သင်ကြား ရေးဆေးရုံသုံးရုံ၊ ခုတင်၅၀ဝ ဆံ့ နှစ်ရုံ၊ ခု တင်၂၀ဝ ဆံ့လေးရုံ၊ ခုတင် ၁ဝဝဆံ့ဆေးရုံ တစ်ရုံ၊ ခုတင် ၅၀ ဆံ့နှင့် ၂၅ ခုတင်ဆံ့ ဆေးရုံ ၁၁ ရုံစီ၊ ၁၆ ခုတင်ဆံ့ ဆေးရုံလေးရုံ၊ တိုက်နယ်ဆေးရုံ ၃၃ ရုံရှိပြီး စုစုပေါင်းဆေးရုံ ၈၃ ရုံ ရှိကြောင်း သိရသည်။

No comments:

Post a Comment