Saturday, July 13, 2019

မြို့သာနတ်ပွဲ

အညာ၏ မိုးကောင်းကင်သည် တစ်အိုးတစ်အိမ် ထူထောင်ချင်ပါလျက် မူနေသော အပျိုကြီးတစ် ယောက်နှင့် တူလှသည်။ မိုးသား မည်းမည်းတွေသာ အုံ့နေသည်။ မိုးကတော့ ရွာချင်လျက်နှင့် မရွာ။ ရွာချိန်လွန်သော်လည်း မရွာ။  ဝါဆိုလပြည့်တောင် ကပ်ရော့ မည်။ ယခုအချိန်ထိ မိုးကောင်းကောင်း မရွာသေး။ အညာသူ၊ အညာသားတွေကတော့ မိုးကို မျှော်ရလွန်း၍ မောလှပြီ။  ဇူလိုင် ၇ ရက်က မြိုင်နယ်ထဲက မြို့သာနတ်ပွဲကို ရောက်ဖြစ်ခဲ့သည်။ ငါန်းဇွန်နယ်က မြို့သာနှင့် အမည်တူသည်။ မြန်မာစာပေ၏ မီးရှူးတန်ဆောင် ဆရာကြီး မြသန်းတင့်၏ မြိုင်မြို့ကလေးမှအထွက် ပုသိမ်-မုံရွာကားလမ်းနှင့် ပခုက္ကူ-မြိုင်လမ်းဆုံအနီးက  သင်းပေါင်းကန်ရွာသို့ဟူသည့် လမ်းကလေးအတိုင်း ချိုးဝင်ပြီးသွားရတာဖြစ်သည်။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်အကြာမှာ ပေါက်တော ရွာကိုရောက်ပြီး ရွာအရှေ့ဘက်မှာတော့ မြို့သာနတ်ပွဲကို ရောက်လေသည်။ ကြက်ကြော်ပေါသည့်ပွဲတော်၊ မန်ကျည်းဖူးချဉ် ပေါသည့် ပွဲတော်တဲ့။


ပခုက္ကူ၊  မြိုင်၊ ရေစကြိုတစ် ဝိုက်မှာတော့ ကူနီနန်းက ကိုကြီးကျော်ပွဲပြီးလျှင် အစည်ကားဆုံးပွဲကြီးပါတဲ့။ မူရင်းနန်းပိုင်ရှင်က တော့ အဘကိုးမြို့ရှင်နန်းဖြစ် သည်ဟုဆိုပါသည်။ ဝါဆိုလဆန်း ၂ ရက်လောက်က ပွဲတော်စကာ၉ ရက်အထိ ကျင်းပတတ်ပြီး ၇ ရက်နှင့် ၈ ရက်တွေကတော့ အစည်ကားဆုံးဖြစ်ပါသတဲ့။ ကျွန်တော် ရောက်သည့်နေ့က ဝါဆိုလဆန်း ၆ ရက်။ ပွဲတော်က သိပ်မစည်ကားသေး။ မနက်ဖြန်၊ သန်ဘက်ခါမှာတော့ တိုးလို့တောင်မရတော့ဘူးတဲ့။

 မှုန်မှုန်မှိုင်းမှိုင်း မိုးသားအောက်က မြို့သာနတ်ပွဲ ဈေးတန်းသို့ နတ်ဒိုးသံများ လွင့်ပျံ့လာသည်။ ပွဲခင်းအဝင်စမှာတော့ မြေထည်ပစ္စည်းစုံတန်းတွေ တွေ့သည်။ ‘‘ဘယ်နယ်က လာရောင်းတာတုံး’’

‘‘ရေစကြိုဆပ်သွားက၊ လာထိုင်ပါဦး’’ အညာသူအမျိုးသမီးကြီးက ဆိုင်ထဲဝင်ထိုင်ဖို့ ပြော သည်။ ဆိုင်သာဆိုသည် ထန်း လက်ကျဲကျဲ၊ မိုးကာလေး ခပ်လျော့လျော့ မိုးထားသည့် ဆိုင် မည်ကာမတ္တသာ။ လေတွေတိုက် နေသဖြင့် မိုးကာတွေလည်း တလိမ့်လိမ့်တလူးလူး။ ‘‘ရောင်းကောင်းရဲ့လား’’ ဆိုင်ထဲဝင်ထိုင် ရင်း မေးလိုက်သည်။

‘‘အင်း...မဆိုးပါဘူး။ မနက်ဖြန်၊ သန်ဘက်တော့ စည်ပြီလေ။ အဲဒီနေ့တွေ  မျှော်ရတာ။ ဒီနေ့လိုကတော့ ဖြောက်တောက်ဖြောက် တောက်ပါပဲ’’ဟုဆိုသည်။ 

‘‘မိုးရွာရင်ကော ဒီပစ္စည်း တွေ ဘယ်လိုလုပ်တုံး’’ မိုးကလည်းမည်းနေ၊ အမိုးအကာ လည်းမလုံ၊ ကွင်းပြင်ထဲတွင်လုပ် သည့်ပွဲဈေးတန်းလည်းဖြစ်၍ မေးကြည့်ခြင်းဖြစ်သည်။ ‘‘ဒီလိုပဲ မိုးကာနဲ့ ဖုံးရတာပေါ့။ တစ်နှစ်ကဆို ပစ္စည်းတွေ ဟိုးကန်ထဲမျော ကုန်လို့ လိုက်ဆယ်ရတယ်’’ ခပ်လှမ်းလှမ်းက ရေမရှိသေးသည့် နေရာတစ်ခုကို ညွှန်ပြသည်။ မိုးရွာလျှင် ကန်ဖြစ်မည့်သဘော။ ၁၂ ပွဲဈေးသည်တွေ အဖို့ကလည်း မလွယ်။ ဈေးရောင်းကောင်းတာ၊ မကောင်းတာ အပထားဦး၊ ကိုယ့်ပစ္စည်းလေး သဘာဝဘေးဒဏ် မခံရအောင်ပင် အတော်လေးဂရုစိုက်ရသည်။ မြေထည်ဆိုင်တန်း ကို နှုတ်ဆက်ပြီး ဆက်ထွက်လာလိုက်သည်။ ပွဲတော်တွေမှာ လာနေကျ အဝတ်အထည်ဆိုင်တွေ၊ အိမ်သုံးပစ္စည်း ဆိုင်တွေလည်း တွေ့ရသည်။ ဈေးတန်းကြီးဖြတ် ပြီးနောက် မြို့သာနတ်နန်းဆီ ဦးတိုက်ရောက်သည်။

အရှေ့ဘက်မှာ မြို့သာနတ်နန်း၊ ထိုနန်းနှင့် ကပ်လျက်တွင် တော့ အဆောင်တစ်ခုရှိပြီး ဆိုင်းတွေ၊ ဝိုင်းတွေနှင့် နတ်ဝင်သည် တွေ ကခုန်နေသည်။ လေတွေတိုက်နေသဖြင့် အဆောင်အပေါ် မှာ မိုးထားသည့် လိုက်ကာစတွေ က နတ်ဒိုးသံနှင့်အတူ လှုပ်ခါယမ်း နေသည်။ နတ်ဝင်သည် အညာသူအမျိုးသမီးကြီးကတော့ စည်းချက် နှင့်အတူ ကခုန်နေသည်။ ခေါင်းပေါင်းပေါ်မှာလည်း တစ်သောင်း တန်နှင့် ငါးထောင်တန် အစိမ်း တွေ၊ အနီတွေက တလှုပ်လှုပ်။ သူက ကခုန်ရင်း ပိုက်ဆံကြဲတော့ လူတွေ ဝုန်းခနဲဝင်လုကြသည်။

နတ်ကရာ အဆောင်ရှေ့မှာ တော့ မြေပေါ်မှာ ခင်းကျင်းကာရောင်းနေသည့် လက်ရက်ဖျင် ထည်ဆိုင်လေးတွေ တန်းစီတွေ့ရသည်။ ဈေးသည်အမျိုးသမီးတွေ က အမိုးအကာမရှိ၍ နေပူခံ အောင် တဘက်တွေ၊ ပုဆိုးတွေကို ခေါင်းပေါ်မှာပေါင်းရင်း ထိုင်ရောင်းနေကြသည်။ နတ်ကသည်ကိုလည်းငေးရင်း၊ ဈေးလည်း ရောင်းရင်းပေါ့။ ချုပ်ပြီးသား အင်္ကျီ၊ တဘက်၊ စောင်၊ အင်္ကျီစ အမျိုးစုံပါသည်။ ကံမနယ်နားက ဖောင်ချောင်း၊ ရေလာကြီး စသည့်ရွာတွေက လာသည်တဲ့။ ‘‘နောက်ရက်ဆို ခုလိုထိုင်လို့မရတော့ဘူး။ တအားစည်ချက်များ’’။ ဖျင်ထည်ဆိုင်တွေနှင့် ကပ်လျက်မှာတော့ ဆေးမြစ်စုံဆိုင်တန်းတွေရှိသည်။ ထိုဆိုင်တွေရဲ့ တောင်ဘက်နား မှာတော့ နတ်ကတော်များ၏ နန်းတွေတန်းစီနေသည်။ တောင်ပြုံးတို့၊ ရတနာ့ဂူတို့လိုတော့ ခံ့ခံ့ထည်ထည် အခန်းကြီးမျိုးတွေမဟုတ်။ ဝါးလုံးလေးစိုက်၊  မိုးကာမိုးထား သည့် ခပ်ကျဉ်းကျဉ်း နန်းလေး တွေဖြစ်သည်။ အမျိုးသမီးနတ် ကတော်ရော အမျိုးသားနတ် ကတော်တွေပါ တွေ့ရသည်။ ထိုနန်းတန်းအရှေ့နားမှာတော့ ပွဲတော်ကျင်းပရာနယ်၏ အမှတ်အသားတစ်ခုဖြစ်သည့် သနပ်ခါးဆိုင်တန်းတွေရှိသည်။ သနပ်ခါး တုံးတွေက လူကြီးပေါင်လုံးကြီး တစ်လုံးထက်တောင် ကြီးသေး သည်။

ထိုနေရာ၏ အရှေ့ဘက်ဈေး တန်းထဲ ပြန်ဝင်လျှောက်လိုက်သည်။ အညာသူအချို့ ဖျာတွေခေါင်းပေါ်ရွက်ကာ ဖြတ်သွားကြ သည်။ ဖျာလိပ်ပေါ်မှာလည်း သင်္ဘောဆေးဖြင့် မိဝေတို့၊ ဘုတ် ဆုံတို့ ရေးထိုးထားကြသည်။ ကိုယ့်အမှတ်အသားနှင့်ကိုယ်။ ရောစရာမလိုတော့။ တောင်း၊ ဆန်ကော၊ ဆန်ခါဆိုင်တွေလည်း တန်းစီနေပါသည်။ ဆန်ကောတွေပေါ် မှာ ‘မာရှယ်၊ မြင့်ရှယ်၊ အထူး’ စသဖြင့် ကိုယ့်ဆိုင်နှင့်ကိုယ် အမှတ်တံဆိပ်အဖြစ် သင်္ဘောဆေးနှင့် ရေးထိုးထားသည်။ ဘားကုတ်တော့မပါ။ ဒီနှစ် မာရှယ်ဝယ်ခဲ့လို့ သုံးလို့ကောင်းလျှင် နောက်နှစ်မာရှယ်ဆက်ဝယ်မည်။ မြင့်ရှယ်ကြိုက်သူက နောက်နှစ်မြင့်ရှယ် ဆက်သုံးမည်။ ရောစရာမလို တော့။

တောင်း၊ ဆန်ကော၊ ဆန်ခါဆိုင်ထဲက ဦးကြီးတစ်ယောက်ကို နှုတ်ဆက်ရင်း ဒီနှစ်အရောင်းအဝယ်အခြေအနေ မေးဖြစ်သည်။ ‘‘ဒီနှစ်သိပ်မကောင်းဘူး။ မိုးမရွာသေးဘူးလေ။ နှမ်းတွေတောင် ခြောက်ကုန်တယ်တဲ့’’။ ဦးကြီးက ပွဲအခြေအနေ သိပ်အားရပုံမရ။ ဟုတ်မည်။ ဒီဘက်နယ်က နှမ်းကြီး၊ ပဲတီစိမ်း၊ လယ်စိုက်ကြသည်။ မိုးလေဝသမကောင်းလျှင် တောင်သူတွေကို အားပြုရောင်းရသည့် ဈေးသည်တွေ အခြေအနေဟန်ဖို့မလွယ်။ တောင်သူသာမှ ရောင်းကောင်းသည်မဟုတ်ပါလား။

တောင်သူသုံး လယ်ယာသုံး ပစ္စည်းဆိုင်တန်းကိုလည်း ဖြတ်ခဲ့သည်။ သံထည်ပစ္စည်းဆိုင်ရှင် တစ်ယောက်ကတော့ မရောင်းရသေးကြောင်း ညည်းသည်။ ‘‘ဒီဘက်နယ်က ကိုရီးယားတို့၊ စင်ကာပူတို့၊ ထိုင်းတို့ သွားကြတာတွေများတယ်။ တောင်သူသိပ် မလုပ်ကြတော့ဘူး။ လုပ်တဲ့သူ တော့လုပ်ကြပေမယ့် အရင် လောက်မများတော့ဘူး’’ဟု ဆို သည်။

ငရုတ်သီးခြောက်၊ ကြက် သွန်ဖြူ၊ ခရမ်းသီးခြောက်၊ ဆေးရွက်ကြီး စသည့် မီးဖိုချောင်သုံး၊  လူသုံးပစ္စည်းဆိုင်တွေလည်း ပေါပါသည်။ တစ်နေရာမှာတော့ သိပ်မတွေ့ရတော့သည့် အုန်းမှုတ်ခွက်ဆိုင်လေးတွေ တွေ့ရသည်။ အုန်းမှုတ်ခွက်ကိုမှ ဝါးခြမ်းအရိုး ထိုးရောင်းတာဖြစ်သည်။ ကြီးတာလေးက ၄၀၀၊ ၅၀၀ အသေးက၃၀၀ တဲ့။ အုန်းတံမြက်စည်းအတို လေးက ၄၀၀ တဲ့။ အတိုလေးက တစ်ချောင်း ၅၀ တဲ့။

အုန်းမှုတ်ခွက်ကို ရေမှုတ်၊ဟင်းမှုတ်ဟုလည်း ခေါ်ကြသည်။ နည်းနည်းကြီးသည့်ခွက်ကို ရေ မှုတ်လုပ်သည်။ ‘‘ဟင်းချက်ရင် ဒါမျိုးနဲ့မှ အားရတာလေ။ အရိုးကရှည်တော့ မပူဘူးပေါ့။ ဟင်းရည် တို့ ဘာတို့ပေါ့’’ဟုပြောရင်း ဈေး သည်အမျိုးသမီးကြီးက ခွက်ကိုခပ်ဟန်လုပ်ပြသည်။ တရုတ်ဖြစ်ဟင်းခပ်ဇွန်းတွေ၊ ရေခွက်တွေပေါများနေပေမယ့် အရိုးတပ်အုန်း မှုတ်ခွက်က တောသူတောင်သား  တော်တော်များများ သုံးနေကြပါ သေးသည်။ ဘယ်နယ်က လာတာ လဲမေးတော့ ကံမဘက်က ပြည့် အိုင်ရွာကဟု ပြောပြသည်။ အသံထွက်တော့ ပစ်အိုင်ဟုအသံထွက် ၍ ထိုအတိုင်း ရေးမှတ်မည်လုပ်  တော့ အညာသူဈေးသည်တစ်  ယောက်က မြေကြီးပေါ် လက် ဖြင့်ရေးပြီး ပစ်မဟုတ်ကြောင်း ပြည့်ဖြစ်ကြောင်း ရေးပြသည်။ ဘေးနားက ဈေးသည်တွေ ဝိုင်းရယ်ကြသည်။ ‘‘မြို့ကလူတွေ တတ်တာ သိပါတယ်တော်။ မှား တတ်လို့ပါ’’ဟု သူက ရိုးရှင်းစွာ ပြောလေသည်။

မြို့သာနတ်ပွဲက ကိုကြီး ကျော်ပွဲကဲ့သို့ပင် ပျော်ပွဲရွှင်ပွဲ ဇာတ်တွေ၊ အငြိမ့်တွေ ပါလေ့မရှိပါ။ နေ့ခင်းဘက်သာ ဦးစားပေး ရောင်းရပြီး ညဘက်တော့ နတ်က သည်မှလွဲ၍ ပွဲတော်ကမရှိတော့။ ညနေခင်းမှာတော့ ပွဲတော်လာသူအချို့ အားရအောင်လည်းဝယ်အ ပြီး၊ အဘကိုးမြို့ရှင်နတ်ကိုလည်း ပူဇော်ပသပြီးတော့ အိမ်ပြန်ဖို့ ပြင်ကြလေပြီ။ အိမ်သုံးလယ်ထွန်စက်ကြီးကို နောက်တွင် ကုန်တင်ကားကိုယ်ထည်တစ်ခုဖြင့် တွဲထားသည့် ကားကြီးတစ်ခုပေါ်တွင် ဝါးတွေ၊ တောင်း၊ ဆန်ကော၊ ဆန်ခါတွေ တောင်သူသုံးပစ္စည်းတွေတင်ရင်း ပြန်ဖို့ပြင်နေတာတွေ့ရသည်။ ပခုက္ကူနယ်က လာသည်တဲ့။ ကားကြီးပေါ်မှာတော့ အညာသူကြီးများ ပြုံးလို့ပျော်လို့။ သည်နှစ်အတွက် ရိုးရာလည်းမပျက်ခဲ့၊ ဝယ်ချင်တာတွေလည်း ဝယ်ခဲ့ရသည်ဆိုတော့ ပျော်ပြီပေါ့။

အဝင်ဝက မြေထည်ဆိုင်က အညာသူ၊ အညာသားများကို နှုတ်ဆက်ရင်း ပြန်ဖို့ပြင်တော့ ညနေ၅ နာရီထိုးလေပြီ။ အညာမှာတော့ ဝါဆိုလဆန်းသည်နှင့် နတ်ဒိုးသံတွေ စမြူးပါလေပြီ။ မကြာခင် ရွှေကျွန်းပင်၊ တောင်ပြုံး၊ ရတနာ့ဂူဖြင့် နတ်ဒိုးတွေ ဆက်မြူးပေဦး မည်။ သို့သော် ကံသေကံမတော့ ပြော၍မရသေး။ H1N1 တွေ တစ်ကျော့ပြန်ဖြစ်လာသဖြင့် တောင်ပြုံးပွဲဆို လုပ်ငန်းလုပ်ကိုင်ခွင့် တင်ဒါတွေတောင် ကောင်းကောင်း မခေါ်ရဲသေး။ 
ဆယ့်နှစ်ပွဲ ဈေးသည်တွေ လည်း ရောင်းဖို့ကုန်တွေ ပြင်ရ မည်လား၊ မပြင်ရတော့ဘူးလား ဝေခွဲရခက်နေလေသည်။ တစ်နှစ်က H1N1 ကြောင့် တောင်ပြုံးတို့၊ရတနာ့ဂူတို့ ဗြုန်းဆိုရက်ကပ်မှ ပိတ်လိုက်သဖြင့် ဈေးသည်တွေ ခမျာ မျက်ရည်နှင့် မျက်ခွက်ဖြစ်ခဲ့ ရဖူးသည်။ အတိုးနှင့်ဆွဲကာ ဈေးထွက်ရသည့် ဈေးသည်တွေ အရှုံးကြီးရှုံးကာ ငွေတိုးတွေပိ၊ ဒုက္ခတွေရောက်ခဲ့ကြရသည်။ ၁၂ ပွဲဈေး သည်တွေ ဘဝတွေများ ရာသီဥတုကြောက်ရ၊ H1N1 ကြောက်ရ၊ ဗျာများရပါဘိ။

No comments:

Post a Comment