Saturday, July 13, 2019

လားဟူအမျိုးသမီးတစ်ဦးကို လူကုန်ကူးဖို့ကြိုပမ်းတဲ့ တရုတ်နိုင်ငံသား (၂)ဦးနဲ့ မြန်မာနိုင်ငံသား (၁)ဦးကို ထောင်ဒဏ် (၃)နှစ်စီ တာချီလိတ်မှာ ချမှတ်

တာချီလိတ်မြို့နယ်အတွင်းက လားဟူမိန်းကလေးတစ်ဦးကို လက်ထပ်ကာ တရုတ်နိုင်ငံကို ခေါ်ဆောင်သွားဖို့ ကြိုးပမ်းခဲ့တာတဲ့ တရုတ်နိုင်ငံသားနဲ့ ပွဲစားလင်မယားကို တာချီလိတ်ခရိုင်တရားရုံးက ဇူလိုင်လ ၁၂ရက်မှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ (၂၆)အရ ထောင်ဒဏ် (၃)နှစ်စီ ချမှတ်လိုက်ပါတယ်။ တရုတ်လူမျိုး လျိုလာဆန် ဆိုသူဟာ မိန်းမသေဆုံးသွားတာကြောင့် နောက်ထပ်မိန်းမယူဖို့ အတွက် တရုတ်နိုင်ငံသား လီဂျင်းနဲ့ သူရဲ့ မိန်းမဖြစ်သူ မြန်မာနိုင်ငံသူ မခင်လှတို့ရဲ့ အဆက်အသွယ်နဲ့ တာချီလိတ်မြို့နယ်၊ အောက်မိုင်းဟဲကျေးရွာအုပ်စု၊ ဟွေအယ်(၂)ကျေးရွာမှာနေတဲ့ လားဟူလူမျိုး မနာကော်ကို လက်ထပ်ကာ တရုတ်နိုင်ငံကို ခေါ်ဆောင်သွားဖို့ ကြိုးပမ်းနေတာကြောင့် တာချီလိတ် လူကုန်တားရဲတပ်ဖွဲ့က မတ်လ (၂၅)ရက်က အမှုဖွင့် အရေးယူခဲ့တာဖြစ်ပါတယ်။


မူလတိုင်ကြားစဉ်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ (၂၄)အရ တိုင်ကြားခဲ့ပေမယ့် တရားသူကြီးရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ ဇူလိုင်လ ၁၂ရက်မှာ လူကုန်တားဥပဒေ ပုဒ်မ (၂၆)နဲ့ ထောင်ဒဏ် (၃)နှစ်စီ ချမှတ်လိုက်တာဖြစ်တယ်လို့ တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေ အခန်း(၉) ပြစ်မှုနဲ့ ပြစ်ဒဏ်များ အခန်း၊ ပုဒ်မ (၂၄)မှာ “မည်သူမဆိုအမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ်များအား လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” လို့ ပြဌာန်းထားပါတယ်။

ပုဒ်မ (၂၆)မှာတော့ “မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် -

(က) လူကုန်ကူးမှုကျူးလွန်ရန်အလို့ငှာ လိမ်လည်လှည့်ဖြား၍ သူတစ်ဦးဦးအား မွေးစားခြင်း သို့မဟုတ် ထိမ်းမြားလက်ထပ်ခြင်း၊
(ခ) လူကုန်ကူးခံရသူကို ပြည်ပသို့ထွက်ခွာနိုင်ရန်ဖြစ်စေ၊ ပြည်တွင်းသို့ ဝင်ရောက်နိုင်ရန်ဖြစ်စေ လိုအပ်သော စာရွက်စာတမ်းအထောက်အထား၊ စာတမ်းအမှတ်အသား သို့မဟုတ် တံဆိပ်ကိုအတုပြုလုပ်ခြင်း သို့မဟုတ် တရားမဝင်ရယူပေးခြင်း” လို့ ပြဌာန်းထားပါတယ်။

No comments:

Post a Comment