Saturday, July 13, 2019

‘ပုဂံ’ ထိုက်တန်သောနေရာသို့ ရောက်ရှိခြင်း

အသက် (၄၀)အရွယ် ဦးတင် လင်းအောင် တစ်ယောက် ယနေ့တော့ အိပ်ရာက စောစောနိုးနေပါသည်။ သည်နေ့က ထူးခြားသည့် နေ့ဖြစ်၍ ဘုရားဖူးဧည့်သည်များ စောစောလာမည်ဟုသုံးသပ်ကာ စိတ်မဖြောင့်၍ ယခင်နေ့များ ထက် စောစောနိုးနေခြင်းပင်။ ဦး တင်လင်းအောင်သည် တစ်ရက် လျှင် ပျမ်းမျှ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် ၁၀၀ မှ ၃၀၀ ကြား လာရောက်လည်ပတ်သော ရွှေဂူကြီးဘုရားတံခါးဖွင့်ရန်သော့ ကိုင်ပုံမှန်တာဝန်ယူထား၍ဖြစ် သည်။



ရှေးဟောင်းမြို့တော်ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားပြီး နောက်တစ်နေ့ဇူလိုင် ၇ ရက်နံနက်က ပုဂံမြို့ရှိ ရွှေဂူကြီး ဘုရားတံခါးဖွင့်ပေးရန် ဦးတင် လင်းအောင် စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။

‘‘ယူနက်စကိုဝင်ရင် ပုဂံက ထူးခြားလာမယ်လို့ စိတ်ကကို ထင်နေတာ’’ ဟု ဦးတင်လင်း အောင်က ပြောသည်။ ဦးတင်လင်းအောင်သည် ရွှေဂူကြီးဘုရား တွင် နံရံဆေးပန်းချီရောင်းချရင်း ဘုရားကို ထိန်းသိမ်းလာခဲ့သည် မှာ ၁၅ နှစ်ခန့်ကြာပြီဖြစ်သည်။

ဘုရားတံခါးဖွင့်ပြီး နောက်ပိုင်းသူခန့်မှန်းခဲ့သလိုပင် ဘုရားဖူးများတစ်နေ့လုံးစည်ကားနေသည်။

မြန်မာတို့၏ အသည်းနှလုံး ရှေးဟောင်းမြို့တော်ပုဂံဒေသကို အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ဇွန်လ ၃၀ ရက်မှ ဇူလှိုင် ၁၀ ရက်အထိ ၁၁ ရက်ကြာကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီ လာခံအစည်းအဝေးတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ဇူလိုင် ၆ ရက်က သတ်မှတ်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁,၀၀၀ ခန့်ကတည်းက တည်ရှိခဲ့သော ကမ္ဘာသိမြန်မာ့အမွေအနှစ်သည် ယင်းနှင့်ထိုက်တန်သည့်နေရာ ဖြစ်သော ကမ္ဘာ့အမွေအနှစ်ဒေသ အဖြစ်သို့ပါ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ပုဂံဒေသကို စစ်အစိုးရ လက်ထက် ၁၉၉၆ ကလည်း ယူ နက်စကိုစာရင်းဝင်ရန် ကြိုးပမ်း ခဲ့ဖူးသော်လည်း ပယ်ချခံခဲ့ရ သည်။ ပယ်ချခံရသည့်အဓိက အကြောင်းရင်းမှာ စနစ်တကျကာ ကွယ်ရမည့်ဧရိယာများ၌ စီးပွား ရေးလုပ်ငန်းပရောဂျက်များ အ ကောင်အထည်ဖော်နေခြင်း ကြောင့်ဖြစ်ပြီး ယင်းအခြေအနေ က ယူနက်စကို၏စည်းမျဉ်းများ နှင့် ကိုက်ညီမှုမရှိချေ။ ပုဂံကို သတ်မှတ်ထားသည့် စံနှုန်းများနှင့် ညီညွတ်သော ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် လျှောက်ထား နိုင်ရန် လက်ရှိမြန်မာအစိုးရ၏ ကြိုးစားအားထုတ်မှုများကို ပြီးခဲ့ သည့်နှစ်များအတွင်း ယူနက်စကို ကလည်း အားပေးကူညီခဲ့သည်။

ထို့ကြောင့်  ၂၃ နှစ်အကြာတွင်မူ ပြည်သူများရွေးချယ်တင် မြှောက်ထားသည့် ဒီချုပ်အစိုးရလက်ထက် ဒုတိယအကြိမ်တင်သွင်းခဲ့ပြီး အကောင်းဆုံးကြိုတင် ပြင်ဆင်ထားမှုများကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

ပုဂံဒေသသည် ပျူမြို့ဟောင်းသုံးမြို့ပြီးနောက် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒုတိယမြောက်ဒေသဖြစ်သည်။

မြစေတီကျောက်စာ၊ အလောင်းမင်းတရား၏ ရွှေပေလွှာ၊ ကုသိုလ်တော်ဘုရားမှ ကျောက်စာချပ်များသည် ယူနက်စကို၏ ကမ္ဘာ့မှတ်တမ်းစာရင်းဝင်ဖြစ်ပြီး၊ အင်းတော်ကြီးကန်နှင့် အင်းလေးကန်တို့ကို ယူနက်စကိုကလူသားနှင့်ဇီဝနယ်မြေအဖြစ်သတ်မှတ်ထားသည်။

ရှေးဟောင်းမြို့တော် ပုဂံ ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဖြစ်ပြီးနောက် ဧရိယာစတုရန်း မိုင် ၄၀ ကျော်အတွင်း တစ်စုတစည်းတည်းရှိနေသော အမွေ အနှစ်ပေါင်း ၄,၀၀၀ ကျော်ကို ဒေ သခံများအပါအဝင် အားလုံးက ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက် ရမည်ဖြစ်သည်။

သို့သော် ရှေးဟောင်းနယ် မြေအတွင်းတည်ရှိသော ဟိုတယ် များနှင့် စေတီပုထိုးများကြားတွင် ဈေးရောင်းချနေသော ဈေးသည်များက ဖယ်ရှားပေးရမည်ဟုဆို ကာ စိုးရိမ်ပူပန်မှုများလည်း ရှိနေ သည်။ ထို့အပြင် လက်ရှိအမွေ အနှစ်များကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ယူနက်စကို စာရင်းမှ ပယ်ဖျက်မခံရစေရေး စိန်ခေါ်မှုများရှိနေသည်။

ရရှိလာမည့် အကျိုးကျေးဇူးများ

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာသဖြင့် နိုင်ငံတကာက ပိုမို သိရှိပြီး ကမ္ဘာတစ်ဝန်းမှ ခရီးသွား များကို ပိုမိုဆွဲဆောင်လာနိုင်မည် ဖြစ်သလို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကမ္ဘာတည်သ ရွေ့ တည်တံ့နိုင်စေရန် နည်းပ ညာနှင့် ငွေကြေးအကူအညီများ ရရှိမည်ဖြစ်ကြောင်း ရှေးဟောင်း ပညာရှင်များက ပြောသည်။ ပုဂံ ဒေသ၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက နည်းပညာ နှင့် ငွေကြေးထောက်ပံ့မှုအကူအ ညီများ အမြန်ဆုံးရရှိမည်ဖြစ်ပြီး နိုင်ငံတကာမှ ပညာရှင်များက ချက်ချင်းလာရောက်ပြုပြင်ထိန်း သိမ်းမည်ဖြစ်သည်။

‘‘ပုဂံကို ကာကွယ်စောင့် ရှောက်မှု မြင့်သွားမယ်။ ကမ္ဘာ့အ ဆင့်ဖြစ်သွားမှာပေါ့။ ပုဂံမှာတစ် ခုခုဖြစ်မယ်ဆိုလို့ရှိရင်၊ ဥပမာထိ ခိုက်မယ့်ကိစ္စဖြစ်လာခဲ့ရင် မြန်မာ နိုင်ငံတစ်ခုတည်းသာမက တစ် ကမ္ဘာလုံးက စိုးရိမ်ပူပန်မှုတွေဖြစ် လာမယ်’’ ဟု ရှေးဟောင်းပညာ ရှင် ဒေါ်ဥမ္မာမျိုးကပြောသည်။ ဒေါ်ဥမ္မာမျိုးသည် ယူနက်စကိုယဉ် ကျေးမှုဌာန အစီအစဉ်ညှိနှိုင်းရေး မှူးအဖြစ် ခုနစ်နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ အ ဇာဘိုင်ဂျန်နိုင်ငံတွင်  ပြုလုပ်သည့် ကမ္ဘာ့အမွေအနှစ်ကော်မတီ အ စည်းဝေးသို့လည်း မြန်မာကိုယ် စားလှယ်တစ်ဦးအနေဖြင့် တက် ရောက်ခဲ့သူ ဖြစ်သည်။

ထို့အပြင် ကမ္ဘာ့အမွေအနှစ် စာရင်း   ၀င်နေရာများသည် ဂျီနီ ဗာသဘောတူညီမှုအရ စစ်မက် ဖြစ်ပွားခဲ့လျှင်ပင် ဖျက်ဆီးခြင်း၊ အလွဲသုံးခြင်း မခံရစေရန် တား မြစ်ခြင်းခံထားရသည်။

‘‘ပုဂံက ထိခိုက်ပျက်စီးမှုတွေ ရှိတယ်ဆိုတာက စစ်ရေးကြောင့်  တစ်ခုတည်းမဟုတ်ဘဲ သဘာဝ ဘေးအန္တရာယ်လည်း ရှိတာပေါ့။ စစ်ဆိုလည်း စစ်မဖြစ်ရဘူး။ ကမ္ဘာ့အမွေအနှစ်ဇုန်ဆိုလို့ရှိရင် စစ်ဖြစ်လို့မရဘူး’’ ဟု ဒေါ်ဥမ္မာမျိုး က ပြောသည်။


ပုဂံဒေသသည် ပျူမြို့ဟောင်း သုံးမြို့ပြီးနောက် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒုတိယမြောက်ဒေသဖြစ်လာသည်။ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

ခရီးသွားဧည့်သည်များကိုပိုမိုဆွဲဆောင်လာနိုင်

နိုင်ငံတကာ ခရီးသွားဝက်ဘ် ဆိုက်တစ်ခုဖြစ်သော Planetware က ပုဂံဒေသ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ပြီး   နှစ်ရက်အ ကြာမှာပင် ကမ္ဘာတစ်ဝန်းမှ သွား ရောက်လည်ပတ်သင့်သော ထိပ် တန်းကမ္ဘာ့အမွေအနှစ်စာရင်းဝင် ၁၅ နေရာကို ရွေးချယ်ဖော်ပြလမ်း ညွှန်ရာ မြန်မာ့အသည်းနှလုံးသည် နံပါတ် (၃) နေရာမှ ပါဝင်လာသည်။

ယူနက်စကိုဝင်ပြီးနောက် သိသိသာသာ  ထူးခြားစေမည့်အချက်က ခရီးသွားများ ယခင်ကထက် လာရောက်မှုပင်ဖြစ်မည်ဟု ရှေးဟောင်းပညာရှင်များနှင့် ဒေသတွင်းဧည့်လမ်းညွှန်များက ပြောသည်။

ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်ပြီး နောက်တစ်ရက်တွင် ပုဂံ ဒေသ၌ ကမ္ဘာလှည့်ခရီးသွားများ၊ ပြည်တွင်ဘုရားဖူး ဧည့်သည်များ ဖြင့် ပြည့်နှက်နေသည်ကို တွေ့ရ သည်။

‘‘နိုင်ငံတကာခရီးသွားဆို တာကလည်း ကမ္ဘာ့အမွေအနှစ်  အသစ်ဖြစ်သွားပြီဆိုပြီးတော့ လာ လည်ကြမယ့်သူတွေပိုများမယ်။   ခရီးသည်တွေက ဒီနှစ်တော့ဘယ် မှာ ရှေးဟောင်းအမွေအနှစ်စာ ရင်းဝင်သွားလဲဆိုတာကြည့်မယ်။   ဘယ်နေရာဝင်လဲပေါ့။ အဲဒီနေ ရာကို သွားကြည့်ရအောင်ဆိုပြီး တော့လည်ကြတာရှိတယ်’’ ဟု ဒေါ်ဥမ္မာမျိုးကပြောသည်။

ပုဂံဒေသ ခရီးသွားမြှင့် တက်မှုသည် လာမည့် ၂၀၂၀ နှင့် ၂၀၂၁ တွင် ပိုမိုသိသာလာမည် ဟု မျှော်မှန်းကြောင်း ပုဂံဒေသ တွင်း ဧည့်လမ်းညွှန် ဦးဇော် ၀င်းချိုက ပြောသည်။

‘‘ဂျပန်ခရီးသွားတွေကတော့ သိသိသာသာတိုးလာမယ်လို့ထင် တယ်။ ဂျပန်တွေက ယူနက်စကို  ၀င်တဲ့နေရာတွေကို ဂုဏ်ယူပြီး တော့ သွားလေ့သွားထရှိတယ်’’ ဟု ဦးဇော်ဝင်းချိုကပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးမှ အကြီးအကဲတစ်ဦးက ယခု နှစ် ၂၀၁၉ တွင် ပုဂံယဉ်ကျေး မှုနယ်မြေသို့ တရုတ်လူမျိုးသုံး သန်းအထိ လာရောက်ရန် မျှော် မှန်းကြောင်း ခန့်မှန်းထားသည်။   လက်ရှိတွင်လည်း ပုဂံဒေသသို့ တစ်ရက်လျှင်တရုတ်ခရီးသွား ၃၀၀ ကျော်လာရောက် လည် ပတ်လျက်ရှိသည်။ သို့သော်  တရုတ်ခရီးသွားများက ဇီးရိုး ဘတ်ဂျက်ဖြင့်လာရောက်သည် ဟုဆိုကာ ဒေသခံများက သဘော  ကျလေ့မရှိပေ။

အနောက်နိုင်ငံများမှ ကမ္ဘာ လှည့်ခရီးသွားများ ယခုအခါ ၁၅၀ မှ ၂၀၀ အတွင်း နေ့စဉ်လာ ရောက်နေသည်။ သြဂုတ်တွင် အီ တလီ၊ စပိန်၊ ပြင်သစ်၊ ခရီးသွား များ ပိုမိုလာရောက်မည်ဟု ဧည့် လမ်းညွှန်များက ပြောသည်။

သို့သော် ခရီးသွားဧည့်သည် အဆမတန် များပြားလာပါက  လက်ခံနိုင်သည့်အနေအထားအ ဆင့်မရောက်သေးကြောင်း ရှေး ဟောင်းပညာရှင်များနှင့် ခရီးသွား ဧည့်လမ်းညွှန်များကထောက်ပြ သည်။ အစိုးရရုံးပိတ်ရက် ရက် ဆက်သွားပါက ပုဂံဒေသတွင် လည်ပတ်သူများဖြင့် ပြည့်နှက်နေ သည်မှာ အစဉ်အလာဖြစ်နေ ကြောင်း ၎င်းတို့ကဆိုသည်။

‘‘ကိုယ့်ဘက်က မပြင်ဆင် ထားဘူးဆိုရင် ပုဂံကို အနှောင့်အ ယှက်ဖြစ်မယ့်ကိစ္စပဲ။ ပုဂံကဧည့် သည်အများကြီးဝင်လာရင်အ ဆင်သင့်ဖြစ်လားဆိုတော့ အခု အချိန်ထိ အဆင်သင့်မဖြစ်သေး ဘူး။ ဘက်စုံကဧည့်သည်အများ ကြီးလာဖို့အတွက် ကြိုတင်ပြင် ဆင်ဖို့လိုတယ်။ ဧည့်သည်အများ ကြီးလာ၊ ငါတို့က ဟိုတယ်ပြေး ဆောက်ရမယ်ဆိုတဲ့အတွေးမျိုး လည်းရှိနိုင်တယ်။ အမွေအနှစ် တွေနဲ့ လွတ်တဲ့နေရာ၊ ဇုန်နဲ့လွှတ် တဲ့နေရာမှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ ဖွင့်ဖို့လိုပါတယ်’’ဟုဒေါ်ဥမ္မာမျိုးကပြောသည်။

သို့သော် လက်ရှိတွင်   ခရီး သွားအချိုးနှင့် ဟိုတယ်အခန်း အရေအတွက် အဆင်ပြေနေ ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယ ညွှန် ကြားရေးမှူးချုပ် ဒေါ်ခင်သန်း ၀င်းကဆိုသည်။

ဟိုတယ်နှင့် ဒေသခံဈေးသည် များ၏ စိုးရိမ်မှု

ပုဂံဒေသ ကမ္ဘာ့အမွေအ နှစ်စာရင်းဝင်ပြီး နောက်တစ် ရက်တွင် ပုဂံဘုရားများ၌ ဈေး ရောင်းချနေသောဒေသခံများက ၎င်းတို့ဆိုင်ခန်းနေရာများ ဖယ် ရှားပေးရမည်ဟုဆို၍ စိုးရိမ်နေ သည်။ ပုဂံဒေသတွင် စေတီ ပုထိုးအဆူ ၃၀ နီးပါး၌ ဈေး ရောင်းချနေသည့် ဈေးသည်အ ၂,၅၀၀ ခန့်ရှိနေကြောင်း ပုဂံ ဘုရားဈေးသည်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးကျော်က ပြောသည်။ အဆိုပါအရေအတွက်၏ ၇၀ ရာ ခိုင်နှုန်းဖယ်ရှားပေးရမည်ဟု သ တင်းများကြောင့်  စိုးရိမ်နေ ကြောင်း ၎င်းကပြောသည်။

‘‘ဧည့်သည်တွေများလာလို့ ဈေးသည်တွေလည်း များလာ မယ်ဆိုရင် အဲဒါက ပြဿနာပဲ။   စည်းကမ်းလေးနဲ့ဖြစ်အောင်လုပ်ရမယ်’’ဟု ဦးမျိုးကျော်ကပြောသည်။

ထို့ကြောင့် စည်းကမ်းတကျ  ဈေးရောင်းချရန် ပုဂံဘုရားဈေး သည်များအသင်းကို တရားဝင်ဖွဲ့ စည်းနိုင်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ဆိုသည်။

‘‘ဘိုးဘွားစဉ်ဆက်က ဒါ တွေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ပြီးတော့ အမွေအနှစ်တွေကို စောင့်ရှောက်ချင်တာပေါ့ဗျာ။  ဒါပေမဲ့လည်း ဝေးသွားမှာလည်း  ကြောက်နေတာပေါ့။ ဧည့်သည် နဲ့ပြောခွင့်မရမှာတွေ၊ ဝေးသွားမှာ တွေစိုးရိမ်နေတာ’’ ဟု  ဦးတင် လင်းအောင်က ပြောသည်။

ဘုရားများတွင် ဈေးရောင်း ချရင်း အမွေအနှစ်များကို ထိန်း သိမ်းစောင့်ရှောက်လိုကြောင်း ဈေးသည်များက ဆိုသည်။

‘‘ယူနက်စကိုဝင်တော့ နေ ရာတွေ ဖယ်ပေးရမယ်ဆိုပြီး စိုး ရိမ်နေကြတာ။ ဈေးဆိုင်တွေကို ဘုရားနဲ့ အဝေးကြီးမှာ ထားမယ် ပေါ့။ အဲဒီလို ပြောကြတာပေါ့’’ဟု  ဓမ္မရံကြီးဘုရားရှေ့တွင် ရေသန့် နှင့် အချိုရည်ရောင်းချသူအသက်  (၄၀) ကျော်အရွယ် အမျိုးသမီး တစ်ဦးက ရင်ဖွင့်သည်။

အလားတူ ယဉ်ကျေးမှုနယ် မြေအတွင်း တည်ဆောက်ထား သောဟိုတယ်များ ရွှေ့ပြောင်း ပေးရမည်ကိုလည်း ဟိုတယ်ပိုင် ရှင်များက စိုးရိမ်နေသည်။ လက် ရှိ ပုဂံဒေသတွင် ဟိုတယ် ၁၄၁ လုံးရှိပြီး ၈၆ လုံးက ယဉ်ကျေးမှု နယ်မြေအတွင်း ရှိနေသည်။ အ ချို့ဟိုတယ်ဝင်းအတွင်း စေတီ ပုထိုးများရှိနေသဖြင့် ဝေဖန်မှုများ လည်း ရှိနေသည်။

‘‘ဘယ်ဟိုတယ်ဝင်းထဲမှာ ဘုရားတွေ ဘယ်လောက်ရှိတယ် ဆိုတာ အရင်ပို့စ်အဟောင်းတွေ ကို အခုမှ ပြန်ဖြန့်နေကြတယ်။  ဟိုတယ်တွေ ရွှေ့ပေးရမှာတော့  စိတ်ပူမိတယ်’’ဟု ပုဂံယဉ်ကျေးမှု နယ်မြေအတွင်းရှိ နာမည်ကြီး ဟို တယ်တစ်ခုမှ မန်နေဂျာတစ်ဦးက  ပြောသည်။

သို့သော်  ရှေးဟောင်းမြို့ တော် ပုဂံဒေသကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်သော်လည်း ယဉ် ကျေးမှုအမွေအနှစ် နယ်မြေအ တွင်းရှိ ဟိုတယ်များနှင့် ဆောက် လက်စဟိုတယ်များ ဖယ်ရှားပေး ရမည်မဟုတ်ကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကိုက 7Day News ဂျာ နယ်အားပြောကြားသည်။

ပုဂံဒေသရှိ ဟိုတယ်များနှင့် ဘုရားများ၌ ဈေးရောင်းချနေ သော ဒေသခံများစိုးရိမ်နေမှုနှင့်  ပတ်သက်ပြီး အဇာဘိုင်ဂျန်နိုင်ငံ၌  ယူနက်စကို အစည်းအဝေးတက် ရောက်သော မြန်မာကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် ရှေး ဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးသိန်း လွင်သို့ ဆက်သွယ်မေးမြန်းရာ မစိုးရိမ်ကြရန် ပြောသည်။

‘‘ဈေးရောင်းချသူတွေ မပါ ပါဘူး။ သတင်းအမှားတွေထွက် ပြီး စိုးရိမ်နေတာ။ ယဉ်ကျေးမှု အမွေကို ထိခိုက်တဲ့ဟိုတယ်တွေ သာပါ။ အဲဒါကလည်း နောင်အ နှစ်(၂၀) လောက်မှ ဖြစ်မှာပါ။ နောက်ပိုင်းမှာတော့ ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်မှုရှိလားဆို တာကတော့ နိုင်ငံတကာကပညာ ရှင်တွေနဲ့ အစည်းဝေးလုပ်ပြီး  တွေ့ဆုံပြီး ပြောကြမှာပေါ့။ စီမံ ချက်တွေ ရေးဆွဲကြမှာပေါ့။ပညာ ရှင်တွေနဲ့ ပူးပေါင်းပြီးတော့လုပ် ကြမှာပေါ့။ ဘယ်ဟိုတယ်တွေက ယဉ်ကျေးမှုအမွေအနှစ်ကို ထိ ခိုက်နေလဲပေါ့။ ဒါကလည်း ကြာ ဦးမှာပါ။ ဘုရားတွေမှာ ဈေး ရောင်းချတဲ့ သူတွေယဉ်ကျေးမှု အမွေအနှစ်နဲ့ ဘာမှမဆိုင်ပါဘူး’’ဟု ဦးသိန်းလွင်က ပြောသည်။



ဘယ်လိုကာကွယ်ထိန်းသိမ်းမလဲ

ပုဂံဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်းတင်သွင်းချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာနက ကိုယ့်ယဉ်ကျေးမှု အမွေအနှစ်များကို ပြဋ္ဌာန်းထား သည့် ဥပဒေများအတိုင်း ထိန်း သိမ်းကာကွယ်စောင့်ရှောက်ပါ မည်ဟု ကတိပေး၍ တင်သွင်း လျှောက်ထားခြင်း ဖြစ်သည်။ ထို့ ကြောင့် သတ်မှတ်ခံရသောအမွေ အနှစ်များ မဆုံးရှုံးစေရန် ပြည်သူ အားလုံး၌ တာဝန်ရှိနေကြောင်း ရှေးဟောင်းပညာရှင်များက ပြော သည်။

အမွေအနှစ်များထိန်းသိမ်း ရန် ယူနက်စကိုက လမ်းညွှန်ချက် များချထားပေးပြီး အဆိုပါလမ်း ညွှန်ချက်အတိုင်း  လိုက်နာဆောင်  ရွက်ရမည်ဖြစ်ကြောင်း  မြန်မာ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ရှေး ဟောင်းသုတေသနနှင့် အမျိုး သားပြတိုက် ညွှန်ကြားမှုဦးစီးဌာန (ပုဂံ)ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

အမွေအနှစ်များကို ဆက် လက်ထိန်းသိမ်းရန်အဓိကလိုက် နာရမည့်အချက်သည် ရှေး ဟောင်းဥပဒေတွင် ပြဋ္ဌာန်းထား သည့် ဥပဒေပါအချက်များကို လိုက်နာရန်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်းအတွင်းရေးမှူး ဦး သူရအောင်က ပြောသည်။

‘‘ပုဂံမှာ ဟိုတယ်ဆောက် တယ်ပေါ့ဗျာ။ ဟိုတယ်က ဘယ် တည်ဆဲဥပဒေတွေထဲမှာမှ ဟို တယ်ဆောက်ခွင့်ရှိပါတယ်လို့ မပါဘူးလေ။ ဒါမျိုးတွေဆို ဥပဒေ နဲ့မညီဘူးပေါ့’’ဟု ဦးသူရအောင် က ပြောသည်။ ထို့အပြင် နိုင်ငံ တကာရှေးဟောင်းစံနှုန်းများအ တိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယူနက်စကိုက စောင့်ကြည့်နေမည်

အမွေအနှစ်များကို ရှေ့ ဆက်ထိန်းသိမ်းရန် ယူနက်စကို က စည်းမျဉ်းများ ပေးပို့ထားပြီဖြစ် သကဲ့သို့ ပုဂံဒေသကိုလည်း စောင့်ကြည့်နေမည်ဖြစ်သည်။

ယဉ်ကျေးမှုအမွေအနှစ်ဇုန် အတွင်း၌ မသင့်လျော်သည့် အ ဆောက်အအုံများ ထပ်မံပေါ် ပေါက်လာခြင်းနှင့် အစိုးရ၏ စီမံ ခန့်ခွဲမှုများကြောင့် ဆုတ်ယုတ် လာပါက အန္တရာယ်ရှိသည့်အမွေ အနှစ်( Heritage in Danger) သို့ ပြောင်းလဲ သတ်မှတ်ခံရမည်ဖြစ် သည်။ အကယ်၍ အစိုးရက စီမံ ခန့်ခွဲခြင်းမရှိဘဲ ဆက်လက်ထားရှိ ပါက ပယ်ဖျက်ခံရမည်ဖြစ်သည်။

‘‘အစိုးရက ယူနက်စကို အဖွဲ့ကို ၂ နှစ်တစ်ခါတင်ပြရလေ့ ရှိတယ်။ နောက်ပြီး ယူနက်စကို ကလည်း စောင့်ကြည့်နေတယ်’’ ဟု ဒေါ်ဥမ္မာမျိုးက ပြောသည်။

သို့သော် ရရှိထားပြီးသော အမွေအနှစ်များကို တည်တံ့ခိုင်မြဲ အောင်ဆောင်ရွက်မည်ဟု ကတိ ပေးကြောင်း ဦးအောင်အောင် ကျော်က ပြောသည်။

ပထမ မြန်မာနိုင်ငံတော် သည်  ထေရဝါဒဗုဒ္ဓဘာသာကို  မြန်မာနိုင်ငံတွင်အဦးဆုံးမျိုးစေ့ချ ရာဖြစ်သည်။ ရှေးလူတို့ဝတ်ပြုဆု တောင်းမှုပြုရာ၊ ကိုးကွယ်ယုံ ကြည်မှုဆိုင်ရာ  ဘာသာရေးအ ဆောက်အအုံများရှိသည့် ပုဂံ စေတီပုထိုးများသည် နှောင်းလူတို့ အတွက် လေ့လာသင်ယူစရာ မကုန်နိုင်အောင်ရှိနေသော  ရှေး ဟောင်းမြို့တော်ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာသစ်ဖြစ်လာသော ဂုဏ်သ တင်းကြောင့် ကမ္ဘာအရပ်ရပ်မှ ခရီးသည်များက ပုဂံဒေသသို့ မကြာမီ ပိုမိုလာရောက်တော့မည် ဖြစ်သည်။ သူတို့မြင်တွေ့လိုသည် က လွန်ခဲ့သည့်နှစ် (၁,၀၀၀)ကျော် ကတည်းက တည်ရှိခဲ့သော ရှေး မြန်မာတို့၏ တီထွင်ဖန်တီးခဲ့မှု များ၊ ကြိုးစားခဲ့မှုများ၊ ယဉ်ကျေး မှုအမွေအနှစ်များဖြစ်သည်။

ရှေးမြန်မာတို့၏ ကြိုးပမ်း အားထုတ်ခဲ့မှုများကြောင့် ကမ္ဘာ တွင် ဂုဏ်သတင်းကျော်စောနေ သည့်ပုဂံဒေသကို ကမ္ဘာတည်သ ရွေ့ အရှည်တည်တံ့ရန်၊ နှောင်း လူသားများလေ့လာနိုင်ရန် ယနေ့ နိုင်ငံသားအားလုံးတွင် တာဝန်ရှိ နေပါသည်။

‘‘ကမ္ဘာ့အမွေအနှစ်တွေဆို တာ  လူသားအားလုံးနဲ့သက်ဆိုင် သွားပြီ မြန်မာပဲဆိုင်တာ မဟုတ် တော့ဘူး။ ထိန်းသိမ်းစောင့် ရှောက်ရမယ့်တာဝန်တွေက အား လုံးမှာရှိသွားပြီ’’ဟု ဦးအောင် အောင်ကျော်က  ဆိုလေသည်။

No comments:

Post a Comment