Saturday, July 13, 2019

လှူဒါန်းထားသော သက်မဲ့ခန္ဓာကိုယ်များကို ဆေးကျောင်းသားများ လေ့လာရန်နေရာ အခက်အခဲ ဖြစ်

ရန်ကုန် ဆေးတက္ကသိုလ်(၁) ခန္ဓာဗေဒဌာနတွင် လှူဒါန်းထားသောခန္ဓာကိုယ်များကို ဆေးကျောင်းသားများ လေ့လာရန် နေရာအခက်အခဲ ဖြစ်နေကြောင်း ခန္ဓာဗေဒဌာန၊  ဌာနမှူး ဒေါက်တာမြစန်းနွယ်က ပြောသည်။ ဇူလိုင် ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရန်ကုန်ဆေးတက္ကသိုလ်(၁) ခန္ဓာဗေဒဌာနရှိ ဝိညာဉ်မဲ့မြတ်ဆရာများအား တတိယအကြိမ် ဂုဏ်ပြုသည့် အခမ်းအနားတွင် ယင်းကဲ့သို့ သိရခြင်း ဖြစ်သည်။



''ဆေးကျောင်းသားတွေကို သင်ကြားပေးတဲ့အခါ တစ်နှစ်မှာ ခန္ဓာ ၁၀ ခုကို အသုံးပြုသင်ကြားပေးရတာ ဖြစ်ပြီး အကြောင်းကိစ္စပေါ်လာလို့ လှူဒါန်းမှုတွေက တစ်နှစ်မှာ ၁၅ ခုလောက်ရှိတယ်။ ကျွန်မတို့က ရုံးဖွင့်ချိန်တိုင်း လှူဒါန်းမှု လက်ခံတယ်။ ဒါတွေကို ကန်ထဲမှာဆေးစိမ်ထားပြီး တစ်နှစ်လောက်ကြာမှ ကျောင်းသားတွေ လေ့လာခွင့်ရတာပါ။ အကြောင်းရှိမှ လှူဒါန်းရတာမျိုးမဟုတ်ဘဲ အသက်ရှင်စဉ်မှာ အဓိကလက်ခံရတာဆိုတော့ သူ ခွင့်ပြုပေးထားမှ အသုံးပြုခွင့်ရှိတော့၊ အသက်ရှင်စဉ်မှာ သူ့ရဲ့ခန္ဓာကိုယ်ကို အသုံးပြုခွင့်ပေးပါတယ်ဆိုတဲ့ ဆန္ဒကို လိုချင်လို့ ကာယကံရှင်ကနေ စိတ်ဆန္ဒနဲ့ လာလှူတာကိုပဲ အမွန်မြတ်ထားပြီး လက်ခံပေးတာပါ။'' ဟု ဒေါက်တာမြစန်းနွယ်က ဆိုသည်။ ယခင်က ခန္ဓာလှူဒါန်းမှုများကို လူသိနည်းကြသော်လည်း ယခုနောက်ပိုင်းတွင် အထိမ်းအမှတ်တစ်ခုအဖြစ် လာရောက်လှူဒါန်းကြသောကြောင့် တစ်နေ့လျှင် လှူဒါန်းမှု ၂ဝကျော်အထိ ရှိပြီး ကိုယ်ပိုင်ဆန္ဒဖြင့် အသက် (၁၈) နှစ်နှင့် အထက် မည်သူမဆို ခန္ဓာကိုယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

လက်ရှိတွင် လှူဒါန်းထားသောခန္ဓာများကို  ဆေးရုံ၊ ကျောင်းများတွင် ထားရှိပြီး ယင်းခန္ဓာများကို ထုတ်ယူပြီး ဆေးကျောင်းသား/ကျောင်းသူ ၄၀ဝ လေ့လာရန်နေရာ အခက်အခဲ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

''ခွဲစိတ်မှုနဲ့ ပတ်သက်တဲ့ဘာသာတွေကို လေ့လာတယ်။ ဝပ်ရှော့တွေလုပ်ပြီးတော့  ဒီ ခန္ဓာကိုယ်တွေကို လေ့လာပြီးရင် မစွန့်ပစ်ခင်မှာ ဂါဝရပြုတာပါ။ မိသားစုဝင်တွေကို ဖိတ်ပြီး ဂုဏ်ပြုပေးတယ်။ လေ့လာပြီးသွားရင် တကယ့်ရေဝေးမှာ သဂြိုဟ်တဲ့အတိုင်းပဲ သက်ဆိုင်ရာ ကျောင်းပါမောက္ခချုပ်၊ စည်ပင်၊ ရေဝေး၊ နာရေးကူညီမှု အသင်းတွေကို အကြောင်းကြားပြီး လုပ်ဆောင်ပေးတယ်။ ခန္ဓာကိုယ်လှူဒါန်းတဲ့အခါ ဘာအခကြေးငွေမှ ပေး စရာ မလိုပါဘူး။ ကျောင်းကနေ အကုန်ကျခံသဂြိုဟ်ပေးတယ်။" ဟု ခန္ဓာဗေဒဌာန ဌာနမှူး ဒေါက်တာ မြစန်းနွယ်က အလှူရှင်ခန္ဓာနှင့် ပတ်သက်ပြီး ပြောသည်။ ယနေ့ ဂုဏ်ပြုပွဲတွင် ဒုတိယနှစ်ဆေးကျောင်းသားများက ခန္ဓာကိုယ်လှူဒါန်းခဲ့သူများ၏ မိသားစုဝင်များကို ဂုဏ်ပြုဂါရဝပြုခဲ့ကြသည်။

No comments:

Post a Comment