Saturday, July 13, 2019

အေးမြသောအရိပ် ရှာဖွေနေသည့် ပဒုမ္မာ

 အရွယ် ငယ်ငယ် သီလရှင်လေးတစ်ပါး၏ ညမှောင်ရီတရောအချိန် ကျောင်းသင်္ခမ်းသို့ အပြန်လမ်းက နွမ်းလျပူလောင်လွန်းလှသည်။ ဆန်စေ့အနည်းငယ်ထည့်ထားသော အလှူခံဒန်ခွက်ကို ရင်ခွင်ပိုက်ထားသည့် သီလရှင်ငယ်လေးက ပလက်ဖောင်းမရှိသော ကွန်ကရစ်လမ်းမကြီး၏ ညာဘက်အခြမ်းမှ ခပ်သွက်သွက် လျှောက်လှမ်းနေ သည်။ စီးထားသည့် မီးခိုးရောင် ကော်ဖိနပ်သည် ဟောင်းနွမ်းနေ ပြီး ခြေဖနောင့်နင်းထားသည့်နေ ရာတွင် ပါးလှပ်နေသည်မှာ လမ်း ပေါင်းများစွာ လျှောက်ခဲ့ရသည့် အခြေအနေကို ထပ်ဟပ်စေ သည်။ ခြေဖနောင့်တွင် အနာတစ် ခုရှိနေပြီး ပလတ်စတာကပ်ထား သည်။ ဥပဓိရုပ်ကြည်လင်ပြီး ချစ် စဖွယ်ရူပကာ ပိုင်ဆိုင်ထားသည့် တိုင် သီလရှင်ငယ်လေး၏ မျက် နှာတွင် တစ်စုံတစ်ရာကို စိုးရိမ် နေပုံရသည်။ ခြေလှမ်းတို့က ရှေ့ဆက်မသွားရဲသည့်အလား မြန် တစ်ခါ၊ နှေးတစ်လှည့်။



သီလရှင်လေး၏ နောက်နား တွင် ရဲတပ်ဖွဲ့နှင့် လူမှုဝန်ထမ်းဦး စီးဌာနမှ အရာရှိအချို့က အရပ် ဝတ်ဖြင့် နောက်ယောင်ခံလိုက်နေ သည်။ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးအရာရှိတစ်ဦးက သီလရှင်လေးထံ အမီလိုက်ကာ ‘‘ဆရာလေး နောက်ကိုလှည့်မကြည့်နဲ့၊ ကျောင်းဆီကိုပဲ တည့်တည့် သွား။ တပည့်တော်တို့နောက်မှာ ရှိတယ်’’ဟု အားပေးစကားပြော သည်။

 အလှူခံဒန်ခွက်ကလေးကို ပိုက်ထားသည့် သီလရှင်လေး၏ ဘွဲ့အမည်မှာ ပဒုမ္မာဖြစ်သည်။ သီလရှင်လေး ပဒုမ္မာသည် ၎င်း၏ နားခိုရာကျောင်းသင်္ခမ်းကို အ လောတကြီးရှာဖွေနေသည်။ အ ချိန်က ညနေလွန်၍ မှောင်ရီပျိုး နေပြီ။ နားခိုရာကို မတွေ့သေး။ သီလရှင်လေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူအချို့ ရှာဖွေနေသည် က ရန်ကုန်မြို့ ဒဂုံမြို့သစ်မှ ဗုဒ္ဓ သီတာအမည်ရ သီလရှင်ကျောင်း တစ်ကျောင်းဖြစ်သည်။ ယင်း ကျောင်းမှ သီလရှင်လေးများ သည် ၎င်းတို့အား အုပ်ထိန်းထား သည့် သီလရှင်ကြီးတစ်ပါးအ တွက် ငွေကြေးအလှူခံပေးနေရ ပြီး အလှူငွေအရနည်းပါက အ ရိုက်ခံရသည်ဟု သတင်းထွက်နေ ၍ စစ်ဆေးဖော်ထုတ်ရန် အစိုးရ တာဝန်ရှိသူအချို့ကပါ ရှာဖွေနေ ခြင်းဖြစ်သည်။ ဗုဒ္ဓသီတာကျောင်း သည် တောင်ဒဂုံမြို့နယ် (၇၁) ဈေးအနီးမှ ကိုရီးယားစာသင် ကျောင်းအနီးတွင်ရှိကြောင်း သီ လရှင်လေး ပဒုမ္မာက ပြောရာ  ယင်းလိပ်စာကို ရှာဖွေနေခြင်းဖြစ် သည်။ တောင်ဒဂုံမြို့နယ် သံဃ နာယကရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့အကူအညီဖြင့် စုံစမ်းသော်လည်း ယင်းလိပ်စာသည် တောင်ဒဂုံမြို့ နယ်တွင် မရှိဘဲ အစအနပျောက် နေသည်။ သီလရှင်လေး ပဒုမ္မာ က (၇၁) ဈေးသို့ ရောက်ပါက ကျောင်းကို လမ်းညွှန်နိုင်သည်ဟု ပြောသည်။ တောင်ဒဂုံမြို့နယ်နှင့် ကပ်လျက်ရှိသော ဒဂုံဆိပ်ကမ်း မြို့နယ်တွင် (၇၁)  ဈေးရှိသည်ဟု သတင်းရ၍ ယင်းနေရာသို့ အ ရောက်သွားပြီး သီလရှင်လေး ပဒုမ္မာ၏ဦးဆောင်ရာသို့ လိုက်ကြရခြင်းဖြစ်သည်။

သီလရှင်လေး အားကိုးဖြင့်  ရှာဖွေနေသော်လည်း ညမှောင်ရီ ပျိုးချိန်အထိရှာမတွေ့။ လမ်းဆုံ လမ်းခွများနေ၍ သီလရှင်လေးပဒုမ္မာကိုယ်တိုင် သူနေထိုင်ရာ  ကျောင်းတည်နေရာကို မမှတ်မိ ဖြစ်နေသည်။ အချိန်ဆွဲ၍ မရ တော့သည့် အခြေအနေကြောင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။   ၎င်းတို့ရှာဖွေနေသည့် ကျောင်းရှိ နိုင်ရာ ရပ်ကွက်ထိပ်မှ ဆိုင်ကယ် ကယ်ရီသမားအချို့ကို သီလရှင်  လေးအားပြသ၍ မေးရာအဆိုပါ  ကျောင်းသည် ဗုဒ္ဓသီတာအမည် နှင့် မဟုတ်ဘဲ ရွှေမဉ္ဇူကျောင်း အမည်ဖြင့် အမှန်တကယ်ရှိနေ သည်ကို သိလိုက်ရသည်။

‘‘အဲဒီဆရာလေးကို မှတ်မိ တယ်။ သူတို့သီလရှင်လေးတွေ အုပ်စုလိုက် ပြန်ပြန်လာကြတာ’’ ဟု (၆၉)ရပ်ကွက်ထိပ်မှ ဈေးသည် တစ်ဦး၏ စကားကြောင့် သူတို့ အားတက်သွားကြသည်။

အချိန်လည်း လင့်နေ၍  ဆရာလေးပဒုမ္မာကို ကားပေါ် တင်၍ သီလရှင်ကျောင်းဆီသို့ သွားကြတော့သည်။ ယင်းသီလ ရှင်ကျောင်းသည် ဒဂုံဆိပ်ကမ်း မြို့နယ် (၆၉)ရပ်ကွက်ရှိ ကျူး  ကျော်ကွက်သစ်တစ်ခုတွင် ဖွင့် လှစ်ထားခြင်းဖြစ်သည်။ ၁၀ ပေ အကျယ် မြေကွက်လပ်ပေါ်တွင် သစ်သားဖြင့် တည်ဆောက်ထား သည်။

 သာသနာ့ဝန်ထမ်းကတ် ကိုင်ဆောင်ထားသော သီလရှင် တစ်ပါး၏ အုပ်ထိန်းမှုအောက်မှ သီလရှင်လေးအချို့ ရင်ဆိုင်နေရ  သော အကျပ်အတည်းကို ဌာန ဆိုင်ရာတာဝန်ရှိသူများက ဖြေ ရှင်းမည့် ယင်းဖြစ်ရပ်သည် ရန် ကုန်မြို့တွင် ဖွင့်လှစ်ထားသော  ကမ္ဘာကျော်အမှတ်တံဆိပ် KFC ကြက်ကြော်ဆိုင်တစ်ဆိုင်က အစ ပြုသည်။

ဇူလိုင် ၆ ရက် နံနက် လူစည် ကားရာတစ်နေရာဖြစ်သည့် ရန်ကုန်မြို့ လှည်းတန်းမှ KFC ကြက်ကြော်ဆိုင်အတွင်းသို့ အသက် (၈)နှစ်ခန့်အရွယ် သီလရှင်လေးနှစ်ပါး ၀င်ရောက်လာပြီး စားသုံးနေသူများထံ အလှူခံနေသည်။ သီလရှင်လေးတစ်ပါး၏ ဦးခေါင်းတွင် တစ်လက်မအရှည်ခန့် အရေပြားကွဲအက်နေသည့် ဒဏ်ရာကို 7Day News သတင်းထောက်ကတွေ့၍ မေးမြန်းရာ အလှူခံငွေကျပ်နှစ်သောင်း မအပ်နိုင်၍ သီလရှင်ဆရာကြီးက ရိုက်ခြင်းဟုပြောသည်။

‘‘ပိုက်ဆံမရလို့ အရိုက်ခံရ တာ။ နှစ်သောင်းမပြည့်ရင် ရိုက် တယ်။ နှစ်သောင်းပြည့်ရင်မရိုက် ဘူး’’ဟု သီလရှင်လေးတစ်ပါးက ပြောသည်။

ဆက်လက်မေးမြန်းရာ ဒေါ်  သီရိစန္ဒာဟု အမည်ရသည့် သီလ ရှင်ဆရာကြီးက သီလရှင်ငယ် လေး ငါးပါးထက်မနည်းကို ရန် ကုန်မြို့ လူစည်ကားရာနေရာအ ချို့သို့ ကားဖြင့်တစ်ပတ်လျှင် သုံး ရက် လိုက်ပို့ပြီးအလှူခံစေသည်။ ကျောင်းမှ နံနက်အစောပိုင်း ထွက်လာပြီး ညနေတွင် စုရပ်တစ် ခု၌ စု၍ပြန်ကြကြောင်းနှင့် အလှူ ငွေနှစ်သောင်းမပြည့်ပါက ရိုက် နှက်ကြောင်းပြောသည်။ ၎င်းတို့ အများဆုံး အလှူခံရသည့်နေရာ မှာ လှည်းတန်းတစ်ဝိုက်နှင့် ရန် ကင်းမြို့နယ် ပတ်(စ်)ပို့ရုံးပတ် ၀န်းကျင်ဟု  ပွင့်လင်းစွာဖွင့်ပြော လေသည်။ လှည်းတန်းစိန်ဂေဟာ ရှေ့သည် ၎င်းတို့၏ စုရပ်ဖြစ်သည်။

‘‘ဆရာလေးတို့က ဒကာကြီး တို့ကိုပြောတာ သိသွားရင် ရိုက် မှာ’’ဟု သီလရှင်လေးတစ်ပါးက  သူ၏စိုးရိမ်မှုကို ရင်ဖွင့်သည်။

သီလရှင်လေးနှစ်ပါးမှာ ဆ ရာလေးပဒုမ္မာနှင့် ဆရာလေးကု သလဖြစ်သည်။  ဦးခေါင်ဒဏ်ရာရထားသူမှာ ဆရာလေးကုသလ ဖြစ်သည်။  အဆိုပါဖြစ်ရပ်ကို လူ ကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲ တပ်ဖွဲ့ထံ သတင်းပေးပို့လိုက်ရာ ရဲတပ်ဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာန ပူးပေါင်း၍ စုံစမ်းစစ်ဆေးမည့်အခြေအနေသို့ ရောက်ရှိလာ သည်။


တောင်ဒဂုံမြို့နယ် သံဃနာယကဆရာတော်ကျောင်းတိုက်တွင်  သံဃာတော်အချို့၏ မေးမြန်းမှုကို ဖြေကြားနေသည့် သီလရှင်လေး ပဒုမ္မာ (ဓာတ်ပုံ −  အောင်သစ်လွင်)

ဇူလိုင် ၇ ရက် နံနက်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်အချို့က လှည်းတန်း တွင် စောင့်ကြည့်ခဲ့ရာ အလှူခံထွက်လာသည့် ဆရာလေးပဒုမ္မာကို လှည်းတန်းတွင်ပင် တွေ့၍ ကမာရွတ်ရဲစခန်းသို့ ခေါ်ဆောင်ခဲ့သည်။ ရဲစခန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးအရာရှိတစ်ဦးက ဦးဆောင်၍ မေးမြန်းခဲ့ရာ အလှူငွေမပြည့်ပါက ၎င်းတို့ကို ရိုက်နှက်ကြောင်း ဆရာလေးပဒုမ္မာက ထပ်မံပြောပြသည်။ ကျောင်းတွင် မနေချင်တော့ဟု ကလေးပီပီ တိုင်ကြားဟန်ဖြင့် ပြောသည်။ ထိုအခြေအနေကိုသိရှိပြီးနောက် မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ ရဲအရာရှိများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက သာသနာရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ရွှေ မဉ္ဇူသီလရှင်ကျောင်းသို့ သွား ရောက်စစ်ဆေးကြခြင်း ဖြစ် သည်။

 ဗုဒ္ဓသီတာတဖြစ်လဲ ရွှေ မဉ္ဇူသီလရှင်ကျောင်းကို အသက်(၄၀)ခန့်အရွယ် ဒေါ်သီရိစန္ဒာအမည်ရှိ သီလရှင်တစ်ပါးက တည်ဆောက်ထားခြင်းဖြစ်သည်။ ယင်းကျောင်းတွင် နေထိုင်သော အသက်(၅)နှစ်မှ (၁၆)နှစ်အရွယ် ကြား သီလရှင်ငါးပါးကို (၆၉)ရပ်ကွက်အတွင်းရှိ သီလရှင်ကျောင်းတစ်ကျောင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ခေါ်ယူမေးမြန်းကြ သည်။ သီလရှင်ငါးပါးတွင် ဆရာ လေး ပဒုမ္မာအပါအ၀င် (၁၀)နှစ် အောက် ကလေးသုံးဦး ပါဝင် သည်။ ဌာနဆိုင်ရာ၏ မေးမြန်းမှု အရ ဒေါ်သီရိစန္ဒာသည် (၆၉) ရပ်ကွက်သို့ ရောက်လာသည်မှာ နှစ်လခန့်သာရှိသေးပြီး အခြားသူ တစ်ဦးထံမှ ကျပ်သိန်း ၂၀ ချေးယူ၍ ကျောင်းဆောက်ပြီးနောက် ယင်းအကြွေးကိုဆပ်ရန် သီလရှင်ကလေးငယ်များအား အလှူခံခိုင်း စေခြင်းဟု ယင်းရပ်ကွက်မှ သီလ ရှင်ကြီးအချို့နှင့် ရပ်ကွက်အုပ် ချုပ်ရေးတာဝန်ရှိသူများက ပြော သည်။ ဒေါ်သီရိစန္ဒာကိုယ်တိုင်က လည်း ယင်းကဲ့သို့ ၀န်ခံပြောကြား သည်။ သို့သော် ငွေနှစ်သောင်း မရပါက ရိုက်နှက်သည်ဆိုသည့် သီလရှင်လေးအချို့၏ တိုင်ကြား မှုမှာမမှန်ဟု ဒေါ်သီရိစန္ဒာက ငြင်း ပယ်သည်။

 သီလရှင်ငယ်လေးများနှင့် ဒေါ်သီရိစန္ဒာကို သီးခြားစီမေးမြန်း ရာကွဲလွဲမှုများ ရှိခဲ့သည်။ ဦးခေါင်း  ဒဏ်ရာရခဲ့သည့် သီလရှင်သည် ချော်လဲ၍ ယင်းဒဏ်ရာရခြင်းဟု ပြောကြသူများရှိသလို အချို့က လည်း အရိုက်ခံရခြင်းဟု ပြော သည်။ ဒေါ်သီရိစန္ဒာအား မေးမြန်း ရာ ဘလိတ်ဓားဖြင့်ထိခြင်းဟုဖြေ သည်။ အမှန်တကယ် ရိုက်နှက်ခံရ မှုများရှိကြောင်း ပြောကြားခဲ့သည့် ဆရာလေးပဒုမ္မာနှင့် ဆရာလေး ကုသလသည်   ဒေါ်သီရိစန္ဒာကိုကြောက်ရွံ့နေပုံရပြီး ဖြစ်ပျက်ခဲ့ သည်များကို ဖုံးကွယ်ရန်ကြိုးစား နေကြသည်ဟု တစ်ဦးချင်းမေး မြန်းခဲ့သည့် ရဲအရာရှိများက ပြောသည်။ (၆၉) ရပ်ကွက်ဒေသ ခံများကလည်း ၎င်းတို့ရပ်ကွက်သို့ ရောက်လာသည်မှာ လပိုင်းသာ ကြာသေးသည့် သီလရှင်ဒေါ်သီရိ စန္ဒာကို မသင်္ကာဟု ပြောကြ သည်။

‘‘ကျူးကျော်မှာနေပြီး အဲဒီ လိုလုပ်တာ။ ကိုယ့်ဘာသာကိုယ် ကျောင်းဆောက်၊ ကိုယ့်ဘာသာ ကိုယ်ကျောင်းထိုင်နေတာ’’ ဟု (၆၉) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ ဝင် ဦးစိုးလှိုင်က ပြောသည်။

အရွယ်မရောက်သေးသော သီလရှင်ငယ်များအား ငွေကြေး အလှူခံခိုင်းခြင်းကို ဘာသာရေး အရ လက်သင့်မခံဘဲ အကယ်၍ ယင်းကဲ့သို့ခိုင်းစေနေကြောင်း ပေါ်ပေါက်ပါက လိုအပ်သလို အ ရေးယူရမည်ဟု တောင်ဒဂုံမြို့ နယ် သံဃနာယကဥက္ကဋ္ဌ ဆရာ တော် ဘဒ္ဒန္တအာဒိစ္စက ဌာနဆိုင် ရာတာဝန်ရှိသူများကို ဇူလိုင် ၇ ရက်က မိန့်ကြားခဲ့သည်။

သီလရှင်ဒေါ်သီရိစန္ဒာသည် ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့မှ ရောက်လာသူဖြစ်သည်။ ၎င်းခေါ်ယူထားသည့် သီလရှင် လေးများလည်း မအူပင်မြို့ဇာတိ ဖြစ်သည်။ သာသနာ့မှတ်ပုံတင် ကတ်ရှိသော်လည်း ယခုကဲ့သို့ ကလေးငယ်များအား အလှူခံခိုင်း သည့်လုပ်ရပ်ကို သဘောမကျ ကြောင်း (၆၉) ရပ်ကွက်ရှိ သဟ ပုညကာရီသီလရှင် ကျောင်းတိုက် မှ သီလရှင်  ဒေါ်စန္ဒာထေရီက ပြောသည်။

‘‘ကလေးတွေက စာသင် သားအရွယ်လေ။ စာသင်တိုက်ပဲ  ပို့ရမှာ။ အခုလိုမျိုးလက်မခံဘူး’’ ဟု ဒေါ်စန္ဒာထေရီက ပြောသည်။

ရဲတပ်ဖွဲ့နှင့် လူမှုဝန်ထမ်းဦး စီးဌာန တာဝန်ရှိသူများ၏ မေး မြန်းမှုအရ သီလရှင်လေးများ ကောက်ခံရရှိသော အလှူငွေကို  ဒေါ်သီရိစန္ဒာထံ အပ်နှံရသည်မှာ ပေါ်လွင်ခဲ့သည်။ ယင်းငွေကြေးမှ  ကျောင်းဆောက်ခ အကြွေးဆပ် ပေး ရသလို သီလရှင်လေးများ၏  ဆွေမျိုးသားချင်းများထံသို့လည်း  ထောက်ပံ့ရသည်ဟု ဒေါ်သီရိစန္ဒာ က ဆိုသည်။

‘‘ကလေးမိဘတွေကို ပြန်ပေး ရတယ်။ မပေးဘူးဆိုရင် ပြန်ခေါ် မယ်ပြောတဲ့အတွက် ဒီကလေး တွေက အမှိုက်ကောက်၊ ခွက် ကောက်ဘ၀ဖြစ်မှာစိုးလို့ ဆရာ လေးက ခေါ်တာ။ ဒါကြောင့်သူတို့  မိဘတွေကို ပြန်ပြီး အဲဒီလို (ငွေ ထောက်ပံ့ခြင်းကို ဆိုလိုသည်) လုပ်တာ’’ ဟု ဆိုလေသည်။

သီလရှင်လေးများသည် မိခင် (သို့မဟုတ်) ဖခင်မဲ့များဖြစ် ပြီး မိခင်ကျန်နေသေးပါကနောက် အိမ်ထောင်၏ မဖွယ်မရာပြုခြင်း ကို ခံရမည်စိုး၍ ခေါ်ယူထားခြင်း ဟု ဆိုပြန်သည်။

‘‘ပထွေးစာလေးတွေ မိသွား မှာစိုးလို့ အဲဒီလိုလုပ်တာ’’ ဟု ဒေါ်သီရိစန္ဒာက ပြောသည်။

ဒေါ်သိရီစန္ဒာ ခေါ်ယူထား သည့် သီလရှင်ငယ်သုံးပါး ထွက်ပြေးဖူးကြောင်း လက်ရှိရှိနေသော သီလရှင်လေးအချို့က ဌာနဆိုင်ရာတာဝန်ရှိသူများထံ ပြန်ပြောသည်။

တည်ဆဲ ကလေးသူငယ် ဥပဒေတွင် မည်သူမဆို မိမိကိုယ် ကျိုးစီးပွားအတွက် ကလေးသူ ငယ်အား တောင်းရမ်းခိုင်းခြင်း၊ မိမိအုပ်ထိန်းမှုအောက်ရှိ ကလေး သူငယ်တောင်းရမ်း စားသောက် နေသည်ကို တားမြစ်ရန် ပျက် ကွက်ခြင်း၊ မိမိကတောင်းရမ်းစား သောက်ရာတွင် ကလေးသူငယ် ကို တစ်နည်းနည်းဖြင့်အသုံးချခြင်း ကို ကျူးလွန်ကြောင်း ပြစ်မှုထင် ရှားပါက ထောင်ဒဏ်၂ နှစ်ဖြစ် စေ၊ ငွေဒဏ်ကျပ်တစ်သောင်းဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်ဟု ဖော်ပြထားသည်။ ဒေါ်သီရိစန္ဒာသည် သီလရှင်ဖြစ် နေ၍ ရဲတပ်ဖွဲ့က အရပ်သားကို စစ်ဆေးမေးမြန်းခြင်းကဲ့သို့ မ ဟုတ်ဘဲ သက်ဆိုင်ရာမြို့နယ် သံ  ဃနာယက ဆရာတော်ကြီးများ၏  သြ၀ါဒခံယူကာ ဥပဒေအရ ထောင့်စေ့အောင် ကိုင်တွယ်နေ ရသည်။

ကလေးသူငယ် ဥပဒေ အ ခန်း (၈) ပုဒ်မ ၃၂ (က)နှင့် (ဃ) တွင် ကာကွယ်စောင့်ရှောက်မှု လို အပ်သော ကလေးငယ်များအဖြစ် မိဘ (သို့မဟုတ်) အုပ်ထိန်းသူ မရှိသောသူ၊ ရက်စက်သော (သို့ မဟုတ်) ယုတ်မာသော မိဘ၊ အုပ်ထိန်းသူ၏ ထိန်းသိမ်းမှု အောက်တွင်ရှိသူဟု ဖော်ပြထား သည်။ ယင်းကဲ့သို့အခြေအနေ မျိုး ကြုံတွေ့နေသော ကလေးများ ကို အစိုးရကခေါ်ယူစောင့်ရှောက် ခွင့်ရှိသည်။ သီလရှင် ဒေါ်သီရိ စန္ဒာ၏ အုပ်ထိန်းမှုအောက်တွင် ၎င်း၏ တူမတော်စပ်သူသုံးဦးနှင့် ဆွေမျိုးမတော်စပ်သူနှစ်ဦးရှိ နေသည်။ဆွေမျိုးမတော်စပ်ဘဲခေါ်ယူထားခံရသည့် ကလေးနှစ်ဦး တွင် သီလရှင်လေးပဒုမ္မာ ပါဝင် သည်။

ဒေါ်သီရိစန္ဒာအုပ်ထိန်းထား သော သီလရှင်ငယ်လေးများအ ရေးနှင့်ပတ်သက်၍ မြို့နယ်အ ဆင့် ကလေး သူငယ်ဥပဒေဆိုင်ရာ ကော်မတီအစည်းအဝေး ပြုလုပ် ၍ နောက်ဆက်တွဲ ဆောင်ရွက်ရ မည့် အခြေအနေကို အမြန်အဖြေ ရှာမည်ဟု လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့  ဒုတိယတပ် ဖွဲ့မှူးရဲမှူးကြီး သက်နောင်က ပြောသည်။

လတ်တလောတွင် သက် ဆိုင်ရာရပ်ကွက်မှ သြဝါဒဆရာ တော်များ၏ သတိပေးမှုဖြင့် နေ ထိုင်စေမည်ဟုဆိုကာ သီလရှင် လေးများကိုလည်း ဒေါ်သီရိစန္ဒာ ထံ ဇူလိုင် ၇ ရက်ညက ပြန်အပ် ထားခဲ့သည်။ ယင်းမှာဥပဒေအရ စောင့်ကြည့်သည့်အဆင့် ဖြစ် သည်။ ဥပဒေအရ လူမှုဝန်ထမ်း အရာရှိသည် ကလေးသူငယ်အား နိုင်ငံတော်က ခေါ်ယူစောင့်ရှောက် ရန် လိုအပ်ခြင်း ရှိ၊ မရှိ စုံစမ်းစစ် ဆေးပြီး တွေ့ရှိချက်ကို ညွှန် ကြားရေးမှူးချုပ်ထံ အစီရင်ခံရ သည်။ ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်မရမီ ကလေးသူ ငယ်ကို မိဘအုပ်ထိန်းသူထံ ခံဝန် ဖြင့် ပြန်လည်အပ်နှံထားရန် (သို့ မဟုတ်) ယာယီစောင့်ရှောက်ရေး စခန်းသို့ ပို့အပ်ထားရန် ကလေး သူငယ်ဥပဒေက ပြဋ္ဌာန်းထား သည်။

‘‘ကျွန်မတို့ Follow up (ဒေါ်သီရိစန္ဒာနှင့် သီလရှင်လေး ၏ အခြေအနေကို စောင့်ကြည့် မည်ဟု ဆိုလိုသည်) လိုက်မယ်။ လူမှုဝန်ထမ်းဦးစီးဌာနက ကာ ကွယ်ထိန်းသိမ်းမှဖြစ်မယ်ဆို ကျွန်မတို့ ထိန်းသိမ်းစောင့်ရှောက် မယ်။ ကလေးသူငယ်တွေအတွက် အကောင်းဆုံးတော့ ဖြစ်စေရ မယ်’’ ဟု သီလရှင်လေးပဒုမ္မာနှင့် အတူ ဇူလိုင် ၇ ရက် တစ်နေ့လုံး အတူရှိခဲ့သည့် လူမှုဝန်ထမ်းဦးစီး ဌာန၊ လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်ခင်ထွေးကြည်က ပြော သည်။ သာသနာရေးနှင့် အုပ်ချုပ် ရေးတာဝန်ရှိသူများ၏ သီလရှင် လေးများနှင့် ပတ်သက်၍တောင်း ဆိုမှုကို လက်ခံမည်ဟု ကတိခံခဲ့ သော ဒေါ်သီရိစန္ဒာက နောက် တစ်နေ့တွင် ၎င်း၏ကတိကို ချိုး ဖောက်သည်။ ၎င်းဆောက်ထား သော ကျောင်းအတွက်အကြွေး ဆပ်ရန် သီလရှင်ငယ်များကို အ လှူခံခိုင်းမှ အဆင်ပြေမည်ဟုဆို ကာ ဇူလိုင် ၈ ရက်တွင် မြောက် ဥက္ကလာပမြို့နယ်ရှိ ဘုန်းတော် ကြီးကျောင်း တစ်ကျောင်းသို့ ပြောင်းရွှေ့သွားသည်။ သီလရှင် ငယ်များကိုအလှူ ထွက်မခံစေဘဲ နံနက် ၆ နာရီအထိ ခေါ်ယူစောင့် ရှောက်ပြီး စာသင်ပေးမည်ဟု (၆၉) ရပ်ကွက်မှ ဘုန်းတော်ကြီး တစ်ပါး၏ စီမံမှုကိုသဘောမတူ ဘဲထွက်ခွာသွားခြင်းဖြစ်သည်။

မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းရပ်ကွက်ရှိဘုန်း တော်ကြီးကျောင်းသို့ ပြောင်းရွှေ့ သွားသည့် ဒေါ်သီရိစန္ဒာနှင့်သီလ ရှင်လေးများကို (၆၉) ရပ်ကွက်မှ ဆရာတော်တစ်ပါး၏ ညွှန်ကြားမှု ဖြင့် အသိသက်သေများနှင့်လိုက် လံအပ်နှံပေးခဲ့သည်ဟု ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးလှိုင်က ပြောသည်။

‘‘ဘုန်းကြီးက ကြည်ဖြူစွာ လက်ခံတဲ့အကြောင်း၊ လိုက်ပို့ တာ မှန်ကန်တဲ့အကြောင်း ဘုန်း ကြီးရဲ့လက်မှတ်ပါ ယူခဲ့တယ်’’ ဟု ဦးစိုးလှိုင်က ပြောသည်။

ကျောင်းအကြွေးဆပ်ရန် သီလရှင်လေးများ အလှူခံထွက်မှဖြစ်မည်ဟု ပြောသည်။

‘‘ကြွေးသမားက နေမှာမ ဟုတ်ဘူးဒကာကြီး။ အတိုးနဲ့ဆွဲ ပြီးဆောက်ထားရတာ’’ ဟု ဒေါ် သီရိစန္ဒာက ဇူလိုင် ၈ ရက်တွင် 7Day News ၏ ဆက်သွယ်မေး မြန်းမှုကို ဖြေကြားသည်။

ဥပဒေအရ အရေးယူနိုင်ရေး ကို ဌာနဆိုင်ရာတာဝန်ရှိသူများ က ဆောင်ရွက်နေစဉ် ဒေါ်သီရိ စန္ဒာက သီလရှင်လေးများကိုအ ခြားတစ်နေရာသို့ ခေါ်ဆောင် သွားခြင်းဖြစ်သည်။ ဒေါ်သီရိစန္ဒာ ၏ ခေါ်ဆောင်ရာနောက်သို့ဆရာ လေးပဒုမ္မာအပါအ၀င်  သီလရှင် လေးအချို့ လိုက်ပါသွားကြ သည်။

‘‘အကြွေးဆပ်ဖို့အတွက်  ကလေးတွေက အလှူခံပေးရမယ်ဆိုတာကတော့  ဥပဒေဆိုတာကို ခဏဘေးဖယ်ထားဦး။ ဒါ အဓိပ္ပာယ်မရှိဘူး ’’ ဟု ရဲမှူးကြီး သက်နောင်က မှတ်ချက်ပြုသည်။

ဌာနဆိုင်ရာများ စစ်ဆေး မေးမြန်းသည့်နေ့က သီလရှင် လေးပဒုမ္မာသည် ဒေါ်သီရိစန္ဒာ နောက် သို့မလိုက်လိုသောအမူ အရာဖြင့် မျက်နှာညှိုးငယ်နေ သည်။ ဌာနဆိုင်ရာတာဝန်ရှိသူ များကလည်းဥပဒေအတိုင်းတစ် ဆင့်ချင်းဆောင်ရွက်နိုင်ရေး သီ လရှင်လေးများကို ဒေါ်သီရိစန္ဒာထံ ယာယီပြန်အပ်ထားခဲ့ခြင်းဖြစ်သည်။  သို့သော် ဒေါ်သီရိစန္ဒာ သည် သီလရှင်လေးများ ကို လမ်း ပေါ်တွင် ထပ်မံအလှူခံခိုင်းရန် ခေါ်ဆောင်သွားပြန်လေသည်။

နေရာပြောင်းသွားသည့် ဒေါ်သီရိစန္ဒာထံတွင် ရှိနေသော သီလရှင်လေးများကို ဇူလိုင် ၉ ရက်တွင် ပြန်လည်ခေါ်ယူရေးအ တွက် မြို့နယ်အဆင့်ကလေးသူ ငယ်ဥပဒေဆိုင်ရာ ကော်မတီအ စည်းအဝေးကို ပြုလုပ်ပြီး ချက် ချင်းသွားရောက်ခေါ်ဆောင်ရန် ပြင်ဆင်ထားသည်ဟု ရဲမှူးကြီး သက်နောင်က ပြောသည်။ သာသနာအရိပ်တွင် ခိုနား နေရသော်လည်း အရွယ်နှင့်မမျှ   အောင်ပူလောင်ဖိစီးနေသည့် သီ လရှင်လေးပဒုမ္မာက‘‘ပိုက်ဆံပဲရချင်တယ်။ ပိုက်ဆံ မရရင်ဆူမှာ ဒကာကြီးရဲ့။ ဆရာလေးတို့က ကန်တော့ဆွမ်းဆိုလည်း သွားတာပဲ’’ ဟု အလှူခံစဉ်က သူ၏သောကကို ရင်ဖွင့်လေသည်။

No comments:

Post a Comment