Saturday, July 13, 2019

Bangkok Airways လေကြောင်းလိုင်း ဘန်ကောက်မှ ပုဂံသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းရန် ခွင့်ပြုချက်တောင်းခံလာခြင်းကို လေကြောင်းဦးစီးဌာနက လတ်တလောခွင့်မပြုနိုင်ဟု အကြောင်းပြန်ထား

Bangkok Airways လေကြောင်းလိုင်း ဘန်ကောက်မှ ပုဂံသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းရန် ခွင့်ပြုချက်တောင်းခံလာခြင်းအား လေကြောင်းဦးစီးဌာနမှ လတ်တလောခွင့်မပြုနိုင်ဟု အကြောင်းပြန်ထားကြောင်း သတင်းရရှိသည်။ ပုဂံဒေသအား မကြာခင်က ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရပြီးဖြစ်သည်။ ယင်းသို့ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်းမရှိ ခင်ကပင် နိုင်ငံတကာတွင် ကျော်ကြားပြီး နိုင်ငံခြားသားခရီးသွား အများအပြားလာ ရောက်လည်ပတ်လေ့လာကြသည့် ဒေသတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဒေသတစ်ခုဖြစ်လာသည့်အချိန်တွင် နိုင်ငံတကာမှ ခရီးသွားများ လာရောက်လည်ပတ်လေ့လာရန် ပိုမိုစိတ်ဝင်စားလာကြမည်ဖြစ်သည့်အတွက် နိုင်ငံတကာလေကြောင်းလိုင်းများက တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းရန် စိတ်ဝင်စားလာကြခြင်း ဖြစ်သည်။



မြန်မာနိုင်ငံလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပုဂံ-ညောင်ဦးလေဆိပ်သည် အပြည်ပြည်ဆိုင်ရာလေဆိပ်မဟုတ်သည့်အတွက် လတ်တလောတွင် အဆိုပါ ဘန်ကောက်-ပုဂံ တိုက်ရိုက်ခရီးစဉ်အား ခွင့်မပြုနိုင်ဟု အကြောင်းပြန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။


“ညောင်ဦးလေဆိပ်က အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုမဟုတ်တဲ့ ပြည်တွင်းလေဆိပ်တစ်ခုဖြစ်တာကြောင့် Bangkok Airways လေကြောင်းလိုင်းရဲ့ဘန်ကောက်ကနေ ပုဂံကို တိုက်ရိုက်ခရီးစဉ် ပျံသန်းခွင့်တောင်းခံခြင်းကို လတ်တလေခွင့်မပြုနိုင်သေးပါဘူးလို့ အကြောင်းပြန်ထားပါတယ်” ဟု လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

Bangkok Airways လေကြောင်းလိုင်းသည် လက်ရှိတွင် ဘန်ကောက်မှ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းလျက်ရှိ သည်။ ယင်းပြင် ချင်းမိုင်-ရန်ကုန်ခရီးစဉ်နှင့် ချင်းမိုင်-မန္တလေးခရီးစဉ်များကိုလည်း ပျံသန်းလျက်ရှိသည်။

ယင်းပြင် ပြည်တွင်းလေကြောင်းလိုင်းများ ပြိုလဲမသွားစေရန် ကာကွယ်ပေးရမည်ဖြစ်သဖြင့် နိုင်ငံခြားလေကြောင်းလိုင်းကုမ္ပဏီများကို ပြည်တွင်းခရီးစဉ်များ ပျံသန်းရန် ခွင့်မပြုကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်းများ၏ အခြေအနေမှာ အရှုံးပေါ်မှုများကြောင့် လေကြောင်းလိုင်းတည်ထောင်ပျံ သန်းခွင့်လိုင်စင်အား ဝန်ကြီးဌာနသို့ ပြန်လည်အပ်နှံမှုများရှိနေခြင်းကြောင့် အခြားကျန်သည့် ပြည်တွင်းလေကြောင်းလိုင်းများ ပြိုလဲမသွားနိုင်အောင် ကာကွယ်ပေးရန်တာ ဝန်ရှိခြင်းကြောင့် ပြည်ပလေကြောင်းလိုင်း ကုမ္ပဏီများကို ပြည်တွင်းခရီးစဉ်များ ပျံသန်းခွင့်မပြုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

“ခုချိန်မှာ ပြည်တွင်းလေကြောင်းလိုင်း အချို့တောင် အခြေအနေမကောင်းလို့ ရပ်ဆိုင်းမှုတွေရှိနေတာ။ ကျန်တဲ့ပြည်တွင်းလေကြောင်းလိုင်းတွေ ပြိုလဲမသွားဖို့ Cabotage law နဲ့ အပြည့်အဝကာကွယ်ပေးရမယ့် တာဝန်ရှိပါတယ်။ ပြည်ပလေကြောင်းကုမ္ပဏီတွေ အနေနဲ့ နိုင်ငံခြားသားခရီးသည်ရရှိမှုများတဲ့ ညောင်ဦး၊ ဟဲဟိုး၊ သံတွဲစတဲ့မြို့တွေကို ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ ဈေးနှုန်းထက်နည်းတဲ့နှုန်းနဲ့ ပျံသန်းမယ်ဆိုရင် ပြည်တွင်းလေကြောင်းလိုင်းတွေ ပြိုလဲသွားနိုင်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီစနစ်ကို ကျင့်သုံးပြီး ကိုယ့်နိုင်ငံသားလုပ်ငန်းရှင်တွေကို ကာကွယ်ပေးနေတာဖြစ်ပါတယ်” ဟု လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ပြောရေး ဆိုခွင့်ရှိသူဖြစ်တဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဆိုသည်။

လက်ရှိတွင်ပြည်တွင်းလေဆိပ်များဖြစ်သည့် ဟဲဟိုး၊ ကော့သောင်းနှင့် မော်လမြိုင်ပြည်တွင်း လေဆိပ်သုံးခုအား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ရန် တင်ဒါရွေးချယ်ခဲ့ရာတွင် ဟဲဟိုးလေဆိပ်အား KBZ Group ၊ မော်လမြိုင်လေဆိပ်အား Hinthar Group ၊ ကော့သောင်းလေဆိပ်အား Golden Myanmar Airlines Public ကုမ္ပဏီတို့က အသီးသီးလုပ်ကိုင်ခွင့်ရရှိခဲ့ သည်။

သို့ရာတွင် ကော့သောင်းလေဆိပ်အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရ Golden Myanmar Airlines Public  ကုမ္ပဏီမှ လေဆိပ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လိုခြင်းမရှိတော့သဖြင့် နောက်ဆုတ်သွားခဲ့သဖြင့် တင်ဒါပြန်လည်ခေါ်ယူမည် ဖြစ်သည်။

ယင်းလေဆိပ်သုံးခုအား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက် အဆင့်မြှင့်တင်ရာတွင်  ပထမအဆင့်၌ ဟဲဟိုးလေဆိပ်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၊ ကော့သောင်းလေဆိပ်အတွက် အမေရိကန်ဒေါ်လာ ၃၆ သန်းနှင့် မော်လမြိုင်လေဆိပ်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

No comments:

Post a Comment