Saturday, July 13, 2019

ခင်ပွန်းဖြစ်သူက ဇနီးနှင့် ကလေးနှစ်ဦးကို ဓားဖြင့်ခုတ်သတ်

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျွဲခြံကျေးရွာတွင် ခင်ပွန်းဖြစ်သူက ဇနီးနှင့်ကလေးနှစ်ဦးကို ကွမ်းသီးခွဲသည့် ဓားမဖြင့်ခုတ်သတ်ခဲ့ကြောင်း ၀င်းဝနယ်မြေရဲစခန်းနှင့် ဒေသခံအချို့ထံမှ သိရသည်။ ဇူလိုင်လ ၁၃ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်တွင် ကျွဲခြံရွာရှိ ၎င်းတို့နေထိုင်သည့် အိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်ရှိ ဇနီး၊ အသက် ၆ နှစ်အရွယ်သားတစ်ဦးနှင့် အသက် ၂ နှစ်အရွယ်သမီးတစ်ဦးတို့ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့ကြောင်း အထက်ပါရွာနေ ဦးကျော်မင်းထိုက်က ဆိုသည်။



ကွမ်းသီးခွဲသည့် ဓားမဖြင့်ခုတ်ခဲ့သည့် ခင်ပွန်းဖြစ်သူ အမျိုးသားမှာ အသက် ၄၀ နှစ်ဝန်းကျင်ရှိပြီး ပုံမှန်အခြေအနေတွင် အနေအထိုင် အပြောအဆို အေးဆေးပြီး အရက်သေစာလည်း မသောက်တတ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါအမျိုးသားမှာ စိတ်ကျန်းမာရေး မကောင်းသည့်အတွက် ရန်ကုန်မြို့သို့ သွားရောက်ကုသနေရသူဖြစ်ကြောင်း ဦးကျော်မင်းထိုက်က ဆိုသည်။

“အခုကြားရတာက စိတ်ရောဂါရပြီးတော့ ကုသနေတယ်ပေါ့၊ ရန်ကုန်တွေမှာ သွားကုတယ်၊ ပြန်လာတာမကြာသေးဘူးလို့ ပြောတယ်”ဟု ဦးကျော်မင်းထိုက်က ပြောသည်။

အလောင်းများကို ရငဲတိုက်နယ်ဆေးရုံသို့ သယ်ဆောင်သွားပြီး ကျူးလွန်သည့်အမျိုးသားကို ၀င်းဝနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ကျူးလွန်သူကို အမှုဖွင့်ရန်စီစဉ်နေပြီး ဖြစ်စဉ်အသေးစိတ်ကို စစ်ဆေးနေဆဲဖြစ်ကြောင်း ၀င်းဝနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ဇော်ဟိန်းက ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြောသည်။

အထက်ပါအမျိုးသားမှာ ပြီးခဲ့သည့်နှစ်လခန့်က စိတ်ကျန်းမာရေးမကောင်းသည့်အတွက် ရန်ကုန်မြို့တွင်သွားရောက်ကုသခဲ့ပြီး အခင်းမဖြစ်မီ တစ်လခန့်က ပြန်လည်ရောက်ရှိလာသည်ဟုသိရကြောင်း ၎င်းက ဆိုသည်။

“တရားခံဖမ်းဆီးထားပြီးပြီ၊ စစ်ဆေးမေးမြန်းနေဆဲ ရှိပါတယ်ခင်ဗျား”ဟု နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ဇော်ဟိန်းက ပြောသည်။  ကျွဲခြံကျေးရွာမှာ သရက်ချောင်းမြို့နယ် သဲချောင်းကြီးကျေးရွာအုပ်စုအတွင်း တည်ရှိသည်။

No comments:

Post a Comment