Saturday, July 13, 2019

ရန်ကုန်မြို့တွင် Serviced Apartment အခန်း ၂၂၅၀ ဝန်းကျင်ရှိပြီး ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း အခန်းသစ်ထွက်ရှိမှု မရှိသော်လည်း ယခင်သုံးလပတ်ထက် အခန်းအချို့ ငှားရမ်းခများ ကျဆင်း

ရန်ကုန်မြို့တွင် Serviced Apartment (အဆင့်မြင့် ဝန်ဆောင်မှုပါသော တိုက်ခန်း)  အခန်း ၂၂၅၀ ဝန်းကျင်ရှိလာပြီး ၂၀၁၉ ခု နှစ်အတွင်း အခန်းသစ်ထွက်ရှိမှုမရှိခဲ့သော်လည်း အခန်းငှားရမ်းခများ ကျဆင်းခဲ့ကြောင်း ကနေဒါအခြေစိုက် အိမ်ခြံမြေဈေးကွက်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Collier International (Myanmar) က ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ် ပထမသုံးလပတ် ဈေးကွက်အစီရင်ခံစာအရ သိရသည်။ 

ရန်ကုန်မြို့ မင်္ဂ္လာတောင်ညွန့်မြို့နယ်ရှိ Kantharyar Serviced Residences သည် ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ဈေးကွက်ဝင်ခဲ့ခြင်းကြောင့် ယခင်သုံးလပတ်ထက် အခန်းအရေအတွက် ၁၄ ရာခိုင်နှုန်း တိုးလာခဲ့ပြီး အခန်းပေါင်း ၂၂၅၀ ဝန်းကျင်  ရှိလာကာ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် အခန်းသစ် ထပ်မံမထွက်ရှိခဲ့ကြောင်း သိရသည်။ တည်ဆောက်ဆဲစီမံကိန်းများကြောင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အခန်းပေါင်း ၆၆၀ ဝန်းကျင်ထပ်မံထွက်ရှိလာမည်ဟု ခန့်မှန်းထားသည်။

အဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းဈေးကွက်သည် အရည်အသွေးမြင့်မားပြီး ဈေးနှုန်းသင့်တင့်သည့် ဝန်ဆောင်မှု တိုက်ခန်းများကို ငှားရမ်းလိုသူ ပိုမိုများပြားလာသည်။ ငှားရမ်းလိုသူအချို့က ကုန်ကျစရိတ်လျှော့ချသည့်အနေဖြင့် အခန်းငယ်များကို  ပိုမိုရွေးချယ်မှုများလာရာ အိပ်ခန်းတစ်ခန်း၊ အိပ်ခန်းနှစ်ခန်းနှင့် Penthouse တိုက်ခန်းများ ပိုမို ဈေးကွက်ဝင်လာခဲ့သည်။
ငှားရမ်းခအနေဖြင့်လည်း ရန်ကုန်မြို့၏ အဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းဈေးသည် အရှေ့တောင်အာရှဈေး ကွက်တွင် အမြင့်ဆုံးနှုန်းများတွင်ပါဝင်ပြီး အနာဂတ်ကာလတွင် အလယ်အလတ်အခန်းများက အလားအလာ ကောင်းမွန်နေကြောင်း သိရသည်။


ဝန်ဆောင်မှုတိုက်ခန်း ငှားရမ်းမှုနှုန်းထားသည် လက်ရှိအတိုင်း ဆက်သွားမည် မျှော်မှန်းထားသော်လည်း အရည်အသွေးမြင့်ပြီး ဈေးနှုန်းသက်သာသည့်အခန်းများ ပိုမိုအလားအလာကောင်းနေသည်။ အခန်းအရေအတွက်လည်း ဆက်လက်တိုးတက်နေမည်ဟု ခန့်မှန်းထားပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အခန်းပေါင်း ၂၅၀ဝ ကျော်၊ ၂၀၂၁ ခုနှစ် တွင် အခန်းပေါင်း ၄၀ဝ၀ ဝန်းကျင်အထိ ရှိ လာမည်ဟု မျှော်မှန်းထားသည်။

၂၀၂၀ ပြည့်နှစ်တွင် အဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းများ၏ ၆၇ ရာခိုင်နှုန်း သည် ရန်ကုန်မြို့အချက်အချာနေရာများတွင် တည်ရှိမည်ဟု မျှော်မှန်းထားပြီး ဗဟန်းနှင့် ရန်ကင်းမြို့နယ်တို့သည် ရေပန်းအစားဆုံး နေရာများဖြစ်သည်။

ရန်ကုန်မြို့၏ လက်ရှိအဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းများ၏ ၃၄ ရာခိုင်နှုန်း သည် အိပ်ခန်းတစ်ခန်းပါအခန်းများဖြစ်ပြီး  အိပ်ခန်းနှစ်ခန်းပါအခန်းမှာ ၃၃ ရာခိုင်နှုန်း၊ အိပ်ခန်းသုံးခန်းပါအခန်းမှာ ၂၆ ရာခိုင်နှုန်း၊  အိပ်ခန်းလေးခန်းပါ အခန်းမှာ လေးရာခိုင်နှုန်းနှင့် Studio အခန်းမှာ သုံးရာခိုင်နှုန်းရှိ ကြောင်း သိရသည်။

ငှားရမ်းမှုနှုန်းထားအနေဖြင့် ၂၀၁၇ ခု နှစ် ဒုတိယသုံးလပတ်တွင် ၈၇ ဒသမ ၂ ရာ ခိုင်နှုန်း၊ တတိယသုံးလပတ်တွင် ၇၇ ဒသမ ၉ ရာခိုင်နှုန်း၊ စတုတ္ထသုံးလပတ်တွင် ၈၁ ရာ ခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် ပထမသုံးလပတ်တွင် ၈၂ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် ဒုတိယသုံးလ ပတ်တွင် ၈၃ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် တတိယသုံးလပတ်တွင် ၈၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၇၉ ရာ ခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် ရာခိုင်နှုန်း ၈၀ အထိရှိခဲ့သည်။

ငှားရမ်းခအနေဖြင့် ၂၀၁၉ ခုနှစ် စတုတ္ထ သုံးလပတ်တွင်  အိပ်ခန်းတစ်ခန်းပါ အခန်း၊ အိပ်ခန်းနှစ်ခန်းပါအခန်းများ ယခင်သုံးလပတ်နှင့်ယှဉ်ပါက ဈေးနှုန်းများ ကျဆင်းခဲ့သည်။

လက်ရှိပျမ်းမျှတစ်လ ငှားရမ်းခနှုန်းများမှာ Studio ခန်းမှာ ဒေါ်လာ ၂၀၁၀၊ အိပ်ခန်းတစ်ခန်းပါ အခန်းမှာ ဒေါ်လာ ၃၅၀ဝ၊ အိပ်ခန်းနှစ်ခန်းပါအခန်းမှာ ဒေါ်လာ ၄၄၆၀၊ အိပ်ခန်းသုံးခန်းပါအခန်းမှာ ဒေါ်လာ ၅၆၇၀၊ အိပ်ခန်းလေးခန်းပါအခန်း (Penthouse) မှာ ဒေါ်လာ ၇၂၉၀ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment