Monday, July 8, 2019

အစိုးရ၏ အပစ်ရပ်မူကြမ်းပါ နယ်မြေသတ်မှတ်မှုကို လက်မခံသော်လည်း ဆက်လက်ညှိနှိုင်းမည်ဟု AA အဖွဲ့ ပြောကြား

အစိုးရက အဆိုပြုသော အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းတွင် ပါရှိသည့် ရခိုင်လက် နက်ကိုင်အဖွဲ့ (AA)အတွက် နယ်မြေသတ်မှတ်ချက်ကို လက်မခံ သော်လည်း ညှိနှိုင်းမှုများ ဆက် လက်လုပ်ဆောင်မည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြော ကြားသည်။ AA၊ တအာင်းအဖွဲ့ (TNLA)၊ကချင်အဖွဲ့ (KIA)၊ ကိုးကန့်အဖွဲ့(MNDAA) ဟူသည့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့အား အစိုးရဘက်က အဆိုပြုသည့် အပစ်ရပ် မူကြမ်းများကို ဇွန်လ ၃၀ ရက် တွင် ပေးအပ်ထားသည်။



‘‘မူကြမ်းက အားလုံးပြောနေကြတဲ့အတိုင်း စစ်တပ်ဘက်ကနေ ပြီးတော့ သူတို့ဆုပ်ကိုင်ထားတဲ့ ဥပမာ AA ကို လိုင်ဇာ (ကချင်ပြည်နယ်အတွင်းရှိ KIA ထိန်းချုပ်နယ်မြေ)မှာပဲ နေရမယ်ဆိုတာမျိုး၊ တခြားတိုင်းရင်သားတွေကိုလည်း ဥပမာ TNLA တို့ကိုလည်း သူတို့  သတ်မှတ်ထားတဲ့ နေရာပေါ့ ။ အဲဒီလိုမျိုးနေရမယ်ဆိုတာတွေက ဒါက တစ်ဖက်က လုံးဝလက်မခံနိုင်တဲ့ အနေအထားမျိုးတွေဖြစ် တယ်’’ဟု ခိုင်သုခက ပြောသည်။

AA ကို လိုင်ဇာတွင် နေထိုင်ရမည်ဆိုသည့်ကိစ္စသည် ရခိုင် တိုင်းရင်းသားများ လုံးဝလက်မခံ နိုင်သည့် ကိစ္စဖြစ်သည်ဟု ၎င်းက ဆိုသည်။

‘‘အခုက သူတို့ဘက်က ပို့ ထားတဲ့ဟာတွေကို ကျွန်တော်တို့ ဘက်က ထပ်ညှိပြီးတော့ လိုအပ်သလို တုံ့ပြန်ဖို့ရှိတယ်။  ညှိနှိုင်းမှု တွေကတော့ ဆက်ပြီးတော့ ရှိနေမှာပေါ့’’ဟု ခိုင်သုခက ပြော သည်။

TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် မိုင်းအိုက် ကျော်က အစိုးရဘက်က ပေးပို့ သည့် အပစ်ရပ်မူကြမ်းပါ အချက် များနှင့် ပတ်သက်ပြီး ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသား ထားရာ AA ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ (ကချင်ပြည် နယ်)၊ TNLA ကို ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုရှမ်းမြောက်ရှိ ဟုန်အိုင်းဒေသစသည့် သတ်မှတ်ဒေသအတွင်း၌ သာ အခြေချလှုပ်ရှားရန်၊ ယင်းအချက်ကို သဘောတူပါက တပ် မတော်နယ်မြေခံတပ်များမှလွဲ၍ ကျန်စစ်ကြောင်းတပ်များကို  ဖယ်ရှားပေးမည်ဟုပါရှိကြောင်း  ဖော်ပြထားသည်။

အစိုးရ ငြိမ်းချမ်းရေးဆွေး နွေးရေးကိုယ်စားလှယ်အဖွဲ့ ငြိမ်း ချမ်းရေး ကော်မရှင်ဘက်ကမူ အဆိုပါ စာချုပ်မူကြမ်းများသည် ဆက်လက်ညှိနှိုင်းရမည့်ကိစ္စများ ဖြစ်၍  စာချုပ်ပါအချက်များကို ထုတ်ဖော်ပြောဆိုမည်မဟုတ်ဟု  ပြောကြားထားသည်။

အစိုးရနှင့် မြောက်ပိုင်းလက် နက်ကိုင်လေးဖွဲ့သည် ဧပြီ၃၀ ရက်က မူဆယ်မြို့၌ တွေ့ဆုံစဉ်  bilateral အပစ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေး ဆက်လက်ညှိနှိုင်းရန် သဘောတူခဲ့ရာ အဆိုပါဆွေးနွေးပွဲတွင် မြောက်ပိုင်းလက် နက်ကိုင်အဖွဲ့များဘက်က တစ်ဖွဲ့ချင်းစီ အဆိုပြုထားသော အပစ်ရပ်မူကြမ်းများကို အစိုးရထံ ပေးအပ်ခဲ့ပြီး အစိုးရက ဧပြီ ၃၀ ရက်တွင် ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါ အပစ်ရပ်စာချုပ် မူကြမ်းပါအချက်များနှင့် ပတ် သက်ပြီး ယခုလအတွင်း ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရန် ငြိမ်းချမ်းရေးကော် မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ များနှင့် မိုင်းလား၌ ဇွန်လ ၃၀ ရက်က အလွတ်သဘောတွေ့ဆုံစဉ် အဆိုပြုထားသည်။

No comments:

Post a Comment