Monday, July 8, 2019

အာဖဂန် လုံခြုံရေးဌာနကို တာလီဘန် တိုက်ခိုက်၊ ၁၄ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်းက အစိုးရ လုံခြုံရေးဌာန ခြံဝင်းကို တာလီဘန်တွေက ဇူလိုင် ၆ ရက်မှာ တိုက်ခိုက်လို့ လုံခြုံရေးအရာရှိ ၈ ယောက်နဲ့ အရပ်သား ၆ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၁၈၀ လောက် ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ အာဖဂန် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြိုင်ဘက်အုပ်စုတွေက ကာတာနိုင်ငံထဲမှာ တွေ့ဆုံ ဆွေးနွေးနေပါတယ်။


အာဖဂန်နစ္စတန်ရဲ့ အဓိက ထောက်လှမ်းရေးဌာန ရုံးနားမှာရှိတဲ့ ဂါဇနီမြို့ထဲမှာ အစ္စလာမ္မစ် တာလီဘန် တိုက်ခိုက်ရေးသမားတွေက တနင်္ဂနွေမနက် လူစည်ကားချိန်မှာ ကားဗုံးခွဲခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ တာလီဘန်တွေက တာဝန်ခံပါတယ်။ အမျိုးသားလုံခြုံရေး ညွှန်ကြားမှုရုံး NDS က အရာရှိတွေ ဒါဇင်နဲ့ချီပြီး သေဆုံး ဒဏ်ရာရတယ်လို့ တာလီဘန်ပြောခွင့်ရ ဇာဘီဟူလာ မူဂျာဟစ်ဒ်က ကြေညာချက် ထုတ်ပြန်ပါတယ်။

ကားဗုံးကွဲတဲ့ နေရာနားက ပုဂ္ဂလိက ကျောင်းထဲမှာ ကျောင်းတက်နေတဲ့ ကလေး အယောက် ၆၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

No comments:

Post a Comment