Monday, July 8, 2019

အာဖရိကနိုင်ငံများဖလား ရှုံးထွက်အဆင့်မှ ထွက်ခဲ့ရသဖြင့် အီဂျစ်နည်းပြကို ထုတ်ပယ်

အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အီဂျစ်ဟာ ရှုံးထွက်အဆင့်ကနေ စောစောစီးစီး နှုတ်ဆက်ခဲ့ရတာကြောင့် လက်ရှိနည်းပြ ဇာဗီးယားအဂွီရီကို ထုတ်ပယ်လိုက်ပါတယ်။ အဂွီရီဟာ အီဂျစ်အသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိသေးပေမယ့် အဓိက တာဝန်ရှိသူတဦး ဖြစ်တာကြောင့် ကျေကျေနပ်နပ် လက်ခံခဲ့ပါတယ်။ ဒါ့အပြင် အီဂျစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဟာနီအေဘိုရီဒါဟာလည်း တာဝန်ယူမှု တာဝန်ခံမှုအရ ရာထူးကနေ ချက်ချင်း နုတ်ထွက်ခဲ့ပါတယ်။



အာဖရိကနိုင်ငံများဖလား ရှုံးထွက်အဆင့်မှာ တောင်အာဖရိကအသင်းနဲ့ အီဂျစ်အသင်းတို့ အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပြီး ခြေစွမ်းကွာဟခြင်း မရှိပေမယ့် ၈၅ မိနစ်အရောက်မှာ တောင်အာဖရိကအသင်း တိုက်စစ်မှူး လော့ခ်ျရဲ့ သွင်းဂိုးက အရာရာကို ကွာခြားသွားစေခဲ့တယ်လို့ ဟာနီအေဘိုရီဒါက ပြောပါတယ်။

အိမ်ရှင် အီဂျစ်အသင်းမှာ နာမည်ကြီး လီဗာပူးတိုက်စစ်မှူး ဆာလက် ဦးဆောင်လာတာကြောင့် ချန်ပီယံဆု ရရှိနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် ဆာလက်ဟာ နောက်ဆုံးပွဲစဉ်မှာ ခြေစွမ်း လုံးဝပျောက်ဆုံးနေခဲ့လို့ ပရိသတ် ၇၅၀၀၀ ဟာ စိတ်မကောင်းစွာနဲ့ ကိုင်ရိုကွင်းထဲကနေ လက်ပြ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။

No comments:

Post a Comment