Monday, July 8, 2019

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ဇူလိုင် ၂၃ နောက်ဆုံး တင်သွင်းရန် တိုက်တွန်း

တက္ကသိုလ်ဝင်ခွင့်လျှောက်မယ့် ကျောင်းသားတွေအနေနဲ့ ဝင်ခွင့်လျှောက်လွှာတွေကို ဇူလိုင် ၂၃ ရက် နောက်ဆုံးထား အချိန်မီတင်သွင်းကြဖို့ အဆင့်မြင့်ပညာဦးစီးဌာနက တိုက်တွန်းလိုက်ပါတယ်။ အခုနှစ်တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေကို ဇွန် ၂၄ ရက်နေ့ကနေစပြီး ဇူလိုင် ၂၃ ရက်နေ့အထိ ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် သက်ဆိုင်ရာတက္ကသိုလ် ၂၃ ကျောင်းနဲ့ သီးခြားဝင်ခွင့်ခေါ်ယူခွင့်ရရှိထားတဲ့ တက္ကသိုလ် ၁၄ ကျောင်းမှာ လက်ခံပေးနေတာပါ။



သတ်မှတ်ရက်အတွင်း အချိန်မီမတင်သွင်းနိုင်တဲ့ ဝင်ခွင့်လျှောက်လွှာတွေကို ဝင်ခွင့်ရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားမှာမဟုတ်တဲ့အတွက် ၀င်ခွင့်လျှောက်လိုတဲ့ ကျောင်းသားတွေအနေနဲ့ ဇူလိုင် ၂၃ ရက်နေ့အမီ တင်သွင်းကြဖို့ကို အဆင့်မြင့်ပညာဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းသန်းဝင်းက တိုက်တွန်းလိုက်ပါတယ်။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို သက်ဆိုင်ရာတက္ကသိုလ်တွေမှာ ပိတ်ရက်မရှိ ရုံးအချိန်အတွင်းမှာ လက်ခံဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးက အောင်မြင်တဲ့ ကျောင်းသားတွေအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကိုတော့ သထုံလမ်းမှာရှိတဲ့ ရန်ကုန်အဝေးသင်တက္ကသိုလ်မှာ လက်ခံပေးနေပါတယ်။

ဒါ့အပြင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှာ တနိုင်ငံလုံးက တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့ ကျောင်းသားတွေရဲ့ ဝင်ခွင့်လျှောက်လွှာတွေကိုလည်း လက်ခံပေးနေတယ်လို့ ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဦးအောင်ခိုင်သန်းက ပြောပါတယ်။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ လက်ခံပေးနေတဲ့ တက္ကသိုလ်တွေမှာ တင်သွင်းဖို့ အချိန်မမီတဲ့ ကျောင်းသားတွေအနေနဲ့ ရန်ကုန်မြို့၊ သထုံလမ်းမှာရှိတဲ့ အဆင့်မြင့်ပညာ ဦးစီးဌာနရုံးမှာ လာရောက်လျှောက်ထားနိုင်ပါတယ်။

အခုနနှစ်မှာတော့ တနိုင်ငံလုံးမှာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၂ သိန်း ၆ သောင်းကျော်ရှိပါတယ်။

No comments:

Post a Comment