Monday, July 8, 2019

ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် သတ်မှတ်ထားသည့် အတန်းလိုက်ပညာရပ်များအား အမှန်တကယ်တတ်မြောက် ကြရန်လို

နိုင်ငံတော်တွင်လိုအပ်နေသည့် နည်းပညာနှင့် လူသားစွမ်းရည်အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကြရာတွင်ကျောင်းသား၊ ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများဆိုသည့် ပညာရေးစတုဂံအား ကောင်းရန်လိုကြောင်း၊ ကျောင်းသားကပညာကိုတတ်အောင်ကြိုးစားသင်ယူ၊ ဆရာများကပညာကို တတ်မြောက်အောင်သင်ကြားပေး၊ မိဘများကသားသမီးများအတွက် ပညာရေးကိုအားပေး၊ အုပ်ချုပ်ရေး တာဝန်ရှိသူများက ရုပ်ဝတ္ထုများနှင့်သင်ထောက်ကူပစ္စည်းများ အပါအ၀င် အေးချမ်း၊ လုံခြုံ၊ ပျော်ရွှင်စွာဖြင့် ပြည့်စုံသည့်သင်ကြားရေးပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးပြီး ၀ိုင်းဝန်းကူညီအထောက်အကူပေးကြခြင်းဖြင့် မျိုးဆက်သစ်လူငယ်များ ၏ပညာရေးကဏ္ဍသည်တိုးတက်လာမည်ဖြစ်ကြောင်း၊
ပညာရေးစနစ်များ မည်သို့ပင် ပြောင်းလဲသင်ကြားသည်ဖြစ်စေကျောင်းသား၊ ကျောင်းသူများအနေဖြင့်သတ်မှတ် ထားသည့် အတန်းလိုက် ပညာရပ်များအား အမှန်တကယ်တတ်မြောက်ကြရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပပြုလုပ်သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော စစ်သည်များ၊ တပ်မတော်သား မိသားစုဝင်သားသမီးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သားသမီးများနှင့် ဘက်စုံပညာ ထူးချွန်လူငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား၌ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုအမှု ဆောင်အဖွဲ့ဥက္ကဋ္ဌဗိုလ်ချုပ်မြဝင်း(အငြိမ်းစား)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဇော်ဝင်း၊ ဆုရစစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော် များတက်ရောက်ကြသည်။

No comments:

Post a Comment