Monday, July 8, 2019

ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ တပ်နှင့် ရဲပူးပေါင်းလုံခြုံရေးစခန်း တိုက်ခိုက်ခံရ စစ်သည်နှစ်ဦးကျဆုံး

တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်နေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စခန်းတစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှလာရောက် တိုက်ခိုက်ခြင်းကြောင့် စစ်သည်နှစ်ဦးကျဆုံးပြီး ရဲတပ်ဖွဲ့ဝင်နှင့် စစ်သားများ ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ယင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်သည် ဇူလိုင် ၆ ရက် နံနက်က မောင်တောမြို့နယ်  တောင်ပြို လက်ဝဲဒေသဘက်တွင်  ဖြစ်ပွားခြင်းဖြစ်သည်ဟု တပ်မတော် တာဝန်ရှိသူက ဆိုသည်။



‘‘နယ်ခြားစောင့်ရဲနဲ့၊ တပ် မတော်နဲ့ ပူးပေါင်းလုံခြုံရေး ဆောင်ရွက်နေရတဲ့ စခန်းပါ။ အဲဒါကို တစ်ဖက်နိုင်ငံဘက်ခြမ်းကနေ အင်အား ၄၀ တစ်ဖွဲ့၊ အင်အား၅၀ တစ်ဖွဲ့က လာရောက်ပစ်ခတ် သွားတာရှိတယ်။ လှုပ်ရှားနယ်မြေ ကတော့ အရင်တုန်းကတော့ ARSA ရဲ့ လှုပ်ရှားနယ်မြေပေါ့။ သို့သော် သတင်းတွေကလည်း ရှုပ်ထွေးနေတာရှိတယ်။ ARSA နဲ့၊AA နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိ တယ်ဆိုပြီးတော့ ရှုပ်ထွေးနေတာ ရှိတယ်။ အဖွဲ့ကတော့ စိစစ်ဆဲပါ’’ ဟု  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

 မောင်တောမြို့နယ်တွင် လွန်ခဲ့သည့် တစ်လကျော်က ကားမိုင်းခွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်နယ်စပ်စခန်းတစ်ခု တိုက်ခိုက်ခံရမှုဖြစ်စဉ်များနောက်ပိုင်း ယခုကဲ့ သို့ ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ နယ်စပ်ဒေသ၌ဖြစ်ပွားမှု အခြေအနေများနှင့် ပတ် သက်ပြီး မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် BGFတို့အကြား မြေပြင်တွင် ဆက် သွယ်ဆွေးနွေးမှုများရှိကြောင်း ၎င်းက ဆိုသည်။

 ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကမူ မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်ရှိ လုံခြုံရေးစခန်း တိုက်ခိုက်မှုကို လုပ်ဆောင် ခဲ့ခြင်းမရှိဟု ပြောသည်။

‘‘ကျွန်တော်သိသလောက် တော့ မောင်တောဘက်မှာ ကျွန် တော်တို့နဲ့ တိုက်ပွဲဖြစ်တာမရှိဘူး။  တခြားလူတော့ ကျွန်တော်လည်း  မပြောနိုင်ဘူး။ ပလက်ဝဘက်မှာ တော့ တိုက်ပွဲအပြင်းအထန်ဖြစ် နေတာရှိတယ်’’ဟု ခိုင်သုခက ဆို သည်။ ယခုရက်ပိုင်းအတွင်း တပ် မတော်နှင့် AA အကြား ပလက်ဝ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်း ပြားမြို့နယ်တို့၌ တိုက်ပွဲဖြစ်ပွား မှုများသည်ဟု ၎င်းက ဆိုသည်။

တပ်မတော်က သတင်း ထုတ်ပြန်သည့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ တပ်မတော် စခန်းသို့ AA တပ်ဖွဲ့ဝင်တစ်ဦးက ဇွန်လ ၃၀ ရက်တွင်  ဥပဒေဘောင်အတွင်း ၀င်ရောက်ခဲ့သည့် ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ခိုင်သုခက ငြင်းဆိုခဲ့ပြီး ပြည်သူ များ အထင်အမြင်မှားအောင် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဆိုသည်။

No comments:

Post a Comment