Monday, July 8, 2019

မကွေးတိုင်း ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးအသင်းသို့ ရောက်လာသည့် Single Mother များအနက် အများစုမှာ သက်ငယ်မုဒိမ်းမှုဟုဆို

မကွေးတိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်းသို့ တစ်နှစ်အတွင်း အကူအညီ တောင်းခံလာသည့် Single Mother ၁၇ ဦးအနက် ၁၅ ဦးသည် သက်ငယ်မုဒိမ်းမှုနှင့် ရင်ဆိုင်ခဲ့ရသူများဖြစ်ကြောင်း အသင်း အတွင်းရေးမှူး ဒေါ်စန္ဒာသန်းက ပြောသည်။ ‘‘(၁၈)နှစ်အောက် ကလေးတွေပါ။ များသောအားဖြင့် (၁၃)၊(၁၄)နှစ်အရွယ် ကလေးတွေကပိုများပါတယ်။ (၂၁)နဲ့ (၂၃)နှစ်အရွယ် နှစ်ယောက်ပါပါတယ်’’ ဟု ၎င်းကဆိုသည်။



ယင်းကဲ့သို့ ရင်ဆိုင်ခဲ့ရ သဖြင့် ကိုယ်ဝန်ရရှိလာသည့် Sin-gle Mother များကို ရင်ခွင်မဲ့ က လေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းက ကူညီနေသလို အမှုကျူးလွန်သူများကိုလည်း ရှေ့နေများကွန်ရက်နှင့် ချိတ်ဆက်၍ဥပဒေကြောင်းအရ အရေးယူဆောင်ရွက် နေကြောင်း အသင်းဥက္ကဋ္ဌဒေါက်တာဖြူဖြူထွန်းက ပြောသည်။

‘‘မမိလိုက်တဲ့ အမှုတော့ မရှိဘူး။ အကုန်လုံးမိတယ်။ ရေစကြိုအမှုဆို ထောင်အနှစ် ၂၀ ကျတယ်။ မင်းလှအမှုဆိုရင်လည်း ထောင်အနှစ်၂၀ ကျသွားတယ်။ အမှုတချို့ကျတော့ မိပြီးတော့ တရားရုံးမှာ ရင်ဆိုင်နေဆဲပေါ့’’ဟု ၎င်းကဆို သည်။  တိုင်းအတွင်းရှိ Single Mother ၁၇ ဦးအနက် ကိုးဦးကို ရန်ကုန်မြို့ရှိ မြင့်မိုရ်ရိပ်သာ ဂေဟာသို့ပို့ဆောင်၍ မွေးဖွားပေးကြောင်း၊ မိခင်များကိုလည်း အမျိုးသမီး အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းသို့ ပို့ပေးကြောင်း ဒေါက်တာဖြူဖြူထွန်းက ပြော သည်။

‘‘တချို့ရွာမှာ နေရဲတဲ့သူ ရှိတယ်။ တချို့မနေရဲတဲ့ သူကျတော့ရန်ကုန်ပို့ပြီး ကလေးမွေးပေးတယ်။ ကလေးမွေးပြီး ၄၅ ရက်ကြာ နို့တိုက်စေတယ်။ ၄၅ ရက် နို့တိုက်ပြီးတော့ ကလေးကို ပြန်ခေါ်သွားမယ်ဆိုလည်း ပြန်ခေါ်ပါ။ခေါ်မသွားလို့ ထားသွားမယ်ဆိုရင်တော့ ရွှေဂုံတိုင်ခြောက်လအောက်ကလေးပြုစုရေးဌာနကို ပို့ပေးတယ်။ နိုင်ငံ့သား၊ သမီးပြုလုပ်ပေးတယ်’’ဟု ၎င်းကရှင်းပြသည်။ မကွေးတိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းကို ၂၀၁၈ ဇူလိုင် ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မကွေးတိုင်း ၂၅ မြို့နယ်ရှိ မြို့များနှင့်ကျေးရွာများတွင် မုဒိမ်းမှုများမဖြစ်စေရန် ကြိုတင်ကာကွယ်မှုဆိုင်ရာအသိပညာပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများ စီမံဆောင်ရွက်နေကြောင်း ဒေါက်တာဖြူဖြူထွန်းက ပြောသည်။

No comments:

Post a Comment